သတင်း

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး နိုင်ငံရေး သဘောတူညီမှု ရရှိရေး အပေါ် မူတည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် နိုင်ငံရေး သဘောတူညီချက်များ ရရှိရေး အပေါ် မူတည်နေ ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

ထို့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မည် ဖြစ်၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အားလုံး ပါဝင်ကြရန်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် က “ဒီရည်မှန်းချက်က ပြည့်ဝအောင်မြင်မှသာ မြန်မာနိုင်ငံရဲ့ နောင်မျိုးဆက်တွေရဲ့ အနာဂတ် ကို ကောင်းမွန်စေမှာ ဖြစ်ပါ တယ်။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေးရဲ့ သဘောတူညီချက် ရရှိရေး အပေါ် မူတည်နေပါတယ်”ဟုလည်း ပြောသည်။

ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ကျင်းပသည့် ၁၂ ကြိမ်မြောက် UPDJC အစည်းအဝေး ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

ယနေ့မှ စ၍ လာမည့် ၂၀၁၈ ခုနှစ်အထိ အချိန်ကာလအတွင်း ဖယ်ဒရယ် အခြေခံဥပဒေ မူများကို အခြေခံ အုတ်မြစ် အနေဖြင့် ချမှတ်နိုင်ရေး ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများ အောင် မြင်ရေးအတွက် အချိန်လုံလောက်မှု၊ ပါဝင်ဆွေးနွေးနိုင်မှု အပြန်အလှန် ယုံကြည်မှုများသည် အရေးကြီးကြောင်း၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအပေါ် ထားရှိသည့် စိတ်ရင်း စေတနာများသည် လည်း အရေးပါလှကြောင်းလည်း UPDJC ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

ယင်း အစည်းအဝေးသို့ အစိုးရ၊ တပ်မတော်နှင့် နိုင်ငံရေး ပါတီများ၊ အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ပင်လုံ အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူညီချက် ၃၇ ခုကို သဘောတူညီနိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်သည် စိန်ခေါ်မှု အခက်အခဲ များစွာ ရှိနေသေးကြောင်း၊ အထူးသဖြင့် ပြီးခဲ့သည့် ညီလာခံတွင် တောင်းဆိုခဲ့သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်မူများ မရခဲ့၍ နိုင်ငံရေးအရ ကြီးမားသည့် စိန်ခေါ်မှု ဖြစ်နေသေး ကြောင်း UPDJC အဖွဲ့ဝင် ချင်းအမျိုးသား တပ်ဦးမှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း က ပြောသည်။

ဆလိုင်း လျန်မှုန်းဆာခေါင်းက“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တချို့နေရာမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးတဲ့ အတွက်ကြောင့် မကျင်းပနိုင် အကြောင်းရင်းနဲ့ ဆက်နွယ်ပြီးတော့ အင်မတန်မှ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး ဆိုတာကိုလည်း သတိထားမိကြမှာ ဖြစ်ပါ တယ်”ဟု ပြောဆိုသည်။

နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်သေးသည့် ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (RSCC) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၏ ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပေးနိုင်ရေး ယခု အစည်းအဝေးက ကြိုးစားရမည် ဖြစ်ပြီး သို့မဟုတ်ပါက လာမည့် ပင်လုံ ညီလာခံ အစည်းအဝေးတွင် ပြဿနာ ထပ်ကြုံတွေ့ရဦးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့နှင့် မနက်ဖြန် ၂ ရက် ကျင်းပမည့် အစည်းအဝေးများတွင် ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် ဆွေးနွေး မည့် ခေါင်းစဉ်များ သတ်မှတ်နိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နေရာနှင့် ကျင်းပမည့် ပုံစံ သတ်မှတ်ရေး၊ ပင်လုံ ဒုတိယ အစည်းအဝေးတွင် ချုပ်ဆိုခဲ့သော ပြည်ထောင်စု အစိတ်အပိုင်း ၁ အား လွှတ်တော် သို့ တင်သွင်းရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များနှင့် လုပ်ငန်းလမ်းညွှန်များကို ပြန်လည် သုံးသပ်ကြမည် ဟု သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးတွင် အခြေခံ ဆိုင်ရာ ဆွေးနွေးရမည့် လုပ်ငန်း လမ်းညွန်များ ရှိကြောင်း၊ လာမည့် ညီလာခံတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ သတ်မှတ်ပေးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကိုဆက်လက် လုပ်ဆောင်ရန် လိုကြောင်း၊ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင် သုံးသပ်ခြင်းကို ပြီးစီးရေး ဆောင်ရွက်ကြရန်လည်း လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ၂ ဖက် သဘောတူညီချက်များကို လက်တွေ့လုပ်ဆောင်ကြရာတွင် စနစ်တကျ ထိထိရောက်ရောက် ဖြစ်စေ ရန် အတွက် လိုအပ်သည့် Standard Operating Procedure (SOP)များကို ရေးဆွဲကြရန် လိုကြောင်း၊ UPDJC ၏ လုပ်ငန်း တာဝန်ထိရောက် အောင်မြင်စေရေး အတွက် ရုံးအဖွဲ့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက် သွားရန် ဖြစ်ကြောင်း လည်း ၎င်းက ပြောဆိုသွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading