သတင်း

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး NLD လူငယ်များပါ ပူးတွဲတာဝန်ယူနေ

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အတိုင်ပင် ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး စိုးရိမ်ရသောကြောင့် အစိုးရအဖွဲ့ လုံခြုံရေးတာဝန်ရှိသူများနှင့်အတူ NLD လူငယ်များကပါ ပူးတွဲတာဝန်ယူထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကပြောသည်။

အောက်တိုဘာ ၂၉ရက်နေက နေပြည်တော် စည်ပင်ဧည့်ရိပ်သာအတွင်းရှိ စားရိပ်သာတွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောကြားခြင်းဖြစ်သည်။

ဦးဝင်းထိန်က “ကျနော်တို့က အတွေ့အကြုံရှိပေမယ့် ယာဉ်တန်းနဲ့တနေရာကို သွားမယ်။ အခမ်း အနားလုပ်မယ်ဆိုရင် သူတို့က လုပ်နေကျ၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ကျတော့ ရောက်တဲ့နေရာမှာ ပရိတ်သတ်နဲ့က တွေ့တယ်။ သူနဲ့ တွေ့ချင်တယ်။ အဲ့ဒါမျိုးကိုတော့ တတ်နိုင်တာ ကျနော်တို့ NLD လူငယ်တွေက ပိုကျွမ်းတယ်။ အဲ့ဒါတာကြောင့် သူတို့နဲ့ ပေါင်းလုပ်တာပေါ့” ဟု ပြော သည်။

ဦးဝင်းထိန်က ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်မှ စတင် ၍ အစိုးရဖွဲ့သည်အထိ တာဝန်ယူခဲ့သော်လည်း လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တိုက်ရိုက်တာဝန်ယူ၍ မရပဲ အကြံဉာဏ်သာ ပေးနိုင်ကြောင်း၊ လက်ရှိ အစိုးရအဖွဲ့ အနေဖြင့် အတိုင်ပင်ခံ အပါအဝင် သမ္မတ၊ ဒုသမ္မတ နှစ်ဦး၏ လုံခြုံရေးကို တာဝန်ယူဆောင်ရွက် နေကြကြောင်း ပြောသည်။

မကြာသေးမီက ဖြိုးကိုကိုတင့်ဆန်းထံမှ ဖမ်းဆီးရရှိထားသည့် လက်နှက်များမှာ သာမန်လက်နက်မျိုး မဟုတ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်သည်ဟု ဦးဝင်းထိန်က သုံးသပ်သည်။

“ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒီကလေးတွေ လက်နက်တွေ အများကြီးနဲ့ တွေ့တော့ အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။ နောက်တခုက သူတို့လက်နက်က သာမန် လက်နက် မဟုတ်ဘူး။ Sniper Scope တွေပါတော့ အန္တရာယ် ကြီးတာပေါ့။” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးအောင်ရွှေ၏ ဈာပန အခမ်းအနားနှင့် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာတွင် ပြုလုပ်သော ကျေးလက်နေပြည်သူများ စကားဝိုင်းတွင် အစိုးရအဖွဲ့ လုံခြုံရေးနှင့် NLD လူငယ်များ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း ဦးဝင်းထိန်က ဥပမာပေးပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၀)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေ က “ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ပဲ၊ ပြည်သူရဲ့ အသဲနှလုံးပဲ၊ အဲတော့ သူ့ရဲ့ လုံခြုံရေးဟာ တိုင်းပြည်ရဲ့ လုံခြုံရေးပဲ အရေးကြီးတယ်။ နိုင်ငံတော်အဆင့် အနေနဲ့ ဒီထက်ပိုပြီးတော့ လုံခြုံရေးကို သတိထားဖို့လိုတယ်။ ပိုပြီးတော့လည်း ဂရုစိုက်ဖို့ လိုတယ်။ ဒါ နိုင်ငံတော်မှာ တာဝန်ရှိတယ်“ ဟု ဧရာဝတီသို့ ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းထံမှ ဖမ်းဆီးရမိသည့် လက်နက်များကြောင့် နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးမှာ အချိန်မရွေး မလိုလားအပ်သည့် ပြဿနာများဖြစ်နိုင်သောကြောင့် ခေါင်းဆောင်အသီးသီး၏ လုံခြုံရေး မှာ စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟု ဦးသိမ်းဆွေက သုံးသပ်ပြောကြားသည်။

ပျဉ်းမနားမြို့မရဲစခန်းမှ ဒုရဲမှူး သက်နိုင်ဦးက “နယ်မြေလုံခြုံရေးပေးတဲ့အခါမှာ ကိုယ့်ရဲ့ဆင်ခြင်တုံ တရားနှင့် လုံခြုံရေးယူရသလို ဖြစ်နေတယ်။ ဖွံ့ဖြိုးလာတဲ့ အတိုင်းအတာမှာ ရဲတပ်ဖွဲ့က အင်အားနည်း တာရယ်၊ လက်နက်ခဲယမ်းတွေက ခေတ်မမှီတော့တာရယ်၊ ဥပမာပြောရရင် ပေးထားတဲ့ ခြောက် လုံးပြူး တွေဆိုရင်လည်း ကိုယ်ပိုင်စစ်လက်နက်ပစ္စည်း စက်ရုံတွေက ကျည်ဆံ မထုတ်တော့ဘူးလေ” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော် အဆင့်ပွဲများ ကျင်းပသည့်အခါ လုံခြုံရေးပေးရာမှာ အပြင်စည်း၊ အတွင်းစည်း၊ ဗဟိုစည်း နှင့် အဝေးစည်း ဆိုပြီး အဆင့်ဆင့် လုံခြုံရေးဆောင်ရွက်လျက်ရှိပြီး၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်း ရဲတပ်ဖွဲ့ဝင် အင်အားပေါင်း ၁၅၀၀ ကျော် ရှိသည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading