သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ စည်ပင်သာယာရေးအရာရှိ ၂ ဦးသည် ဈေးသည်တချို့ထံမှ ငွေကြေး ရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာပေါ်ပေါက်သဖြင့် အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရကြောင်း သတင်းရရှိသည်။
ထို့ကြောင့် ၎င်းတို့ ၂ ဦးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ တရားစွဲဆိုနိုင်ရန် ရှေ့နေချုပ်ရုံး၏ အကြံပြုချက်အတိုင်း အမှုဖွင့် တရားစွဲဆိုလိုက်ပြီ ဖြစ်ကြောင်း အထက်ပါကော်မရှင် အဖွဲ့ဝင် ဦးသင်းမောင် က ဧရာဝတီသို့ ပြောသည်။
ဦးသင်းမောင် က “ကျနော်တို့ကတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်အတိုင်းပဲ သူတို့ကိုပုဒ်မ ၅၆ နဲ့ တရားစွဲလိုက်ပြီ” ဟု ပြောသည်။
တိုင်ကြားခံရသူများမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်စိုးလှတို့ ဖြစ်ပြီး ဈေးခုံလိုင်စင်များ ယာယီပိတ်သိမ်းမခံရရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ ကျပ်သိန်းဆယ်နှင့်ချီ၍ ငွေကြေးများ ရယူခဲ့ကြောင်း လာဘ်ပေးခဲ့ရသူများက မီဒီယာများသို့ ထုတ်ဖော်ထားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညပိုင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းရေးမှူး ဦးအောင်ဇော်မြင့်၏ ဦးဆောင်မှုဖြင့် ဦးမင်းလွင်စိုးကို ဖမ်းဆီးခဲ့ပြီး ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် လည်းကောင်း၊ ဒေါက်တာ ခိုင်စိုးလှကို အမှတ် ၅ ရဲစခန်းတွင် လည်းကောင်း အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက အမှုဖွင့်ခဲ့ပြီး ဖြစ်ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် ၅ ရဲစခန်းမှူး ဒုရဲမှူး မြင့်အောင်က “အဂတိ ကော်မရှင်က ကျနော်တို့ဆီမှာ အမှုလာဖွင့်တယ်။ ကျနော်တို့ သွားဖမ်းတာမဟုတ်ဘူး။ အဂတိအမှုဆိုရင် သူ့ဟာသူဖမ်းတယ်။ ပြီးရင် ကျနေ်ာတို့ဆီမှာ အမှုလာဖွင့်တယ်။ ပြီးရင် ပြန်ခေါ်သွားရော။ ဒီမနက်ကျမှ စခန်းကိုခေါ်လာတာ။ ပြီးရင် ရမန်ယူသွားတာပဲ။ ဒေါက်တာခိုင်စိုးလှဆိုတဲ့ တယောက်ပါ” ဟု ဧရာဝတီသို့ ပြောသည်။
အထက်ပါ စည်ပင် အရာရှိ ၂ ဦးကို ဈေးခုံလိုင်စင်ရရှိသူများ ဖြစ်သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ ၂ ဦးက ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သော်လည်းအမှုဖွင့် အရေးယူသည့်အခါ တရားလိုမှာ ၎င်း တဦးတည်း ဖြစ်နေ၍ သက်ဆိုင်ရာသို့ မေးခွန်းထုတ်သွားမည် ဖြစ်ကြောင်းဝက်ခုံလုပ်ငန်းရှင် ဦးဘိုဘိုဟန်က ပြောသည်။
ဦးဘိုဘိုဟန်က “တရားလိုက ကျနော်တယောက်တည်း ဖြစ်တယ်။ ၂ ယောက်ဖြစ်ရမှာ။ ဦးမျိုးခက်လည်းတိုင်တယ်။ ကျနော်လည်းတိုင်တယ်။ ဒါပေမယ့် အမှုဖွင့်တော့ ကျနော်ပဲ ဖြစ်နေတယ်။ ဓာတ်ပုံအထောက် အထားအတိအကျနဲ့က ကိုမျိုးခက်ကတိုင်တာ။ နံပါတ်တစ်က ကိုမျိုးခက်ကဆွဲတာ။ ပြီးမှ ကျနော်က ထပ်ဆွဲတာ” ဟု ပြောသည်။
ယခုကဲ့သို့ အဂတိလိုက်စားမှု အရေးယူပေးခြင်းကို ကျေနပ်သော်လည်း တရားလို တဦးတည်းမဟုတ်ဘဲ ၂ ဦး ဖြစ်စေချင်ကြောင်း၊ ရှေ့နေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံစဉ်က တရားလို ၂ ဦး ဖြစ်ကြောင်း ကြားသိထား၍ ယခုအမှုတွဲတွင် ဦးမျိုးခက် မပါဝင်ခြင်းကို နားမလည်နိုင် ဖြစ်နေကြောင်းလည်း ၎င်းက ဧရာဝတီသို့ ပြောသည်။
အထက်ပါ စည်ပင်အရာရှိ ၂ ဦးစလုံးကို နေပြည်တော်တွင် ဖမ်းဆီးခဲ့သော်လည်း မန္တလေးတိုင်းလွှတ်တော် တရားရုံးတွင် ရုံးထုတ်စစ် ဆေးမည် ဖြစ်ကြောင်း၊ ယခုအမှုမှာ မြို့နယ်နှင့် ခရိုင်အဆင့် တရားရုံးများတွင် စစ်ဆေး၍ မရနိုင်သဖြင့် တိုင်းလွှတ်တော် တရားရုံးသို့ ပို့ဆောင်ရမည်ဖြစ်သောကြောင်း မန္တလေးအမှတ် ၃ နယ်မြေရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင် စစ်ဆေးမည်ဟု သိရှိထားကြောင်း နေပြည်တော် စည်ပင်သာယာရေး ကေ်ာမတီမှ အရာရှိတဦးက ဧရာဝတီသို့ အတည်ပြုပြောဆိုသည်။
သို့သော်ကာယကံရှင် ဖြစ်သူ နေပြည်တော်စည်ပင်အရာရှိ ဦးမင်းလွင်စိုးက ၎င်းတို့အနေဖြင့် လာဘ်ယူခြင်းလုံးဝမရှိကြောင်း ငြင်းဆိုထားပြီး တမင်ထောင်ချောက်ဆင် ခံရခြင်း ဖြစ်ကြောင်း၊ ဌာနသိက္ခာ၊ ၎င်း၏ဂုဏ်သိက္ခာအတွက် ပြန်လည်တရားစွဲဆိုမည် ဖြစ်ကြောင်း ဧရာဝတီအပါအဝင် မီဒီယာများသို့ ပြောဆိုထားသည်။
ထို့ပြင် ဦးမင်းလွင်စိုးက ၎င်းသည် မိဘအမွေ အနှစ်များဖြင့် ချမ်းသာသူတဦး ဖြစ်သောကြောင့် ယင်းငွေ ကျပ်သိန်း ၂၀ လောက်ကို လုံးဝ စိတ်မဝင်စားကြောင်းနှင့် မီဒီယာများအနေဖြင့် ၎င်းနေထိုင်သည့်တိုက်ကို ဝင်ရောက်လေ့လာနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။
ဈေးခုံလိုင်စင်ရထားသူတချို့က ၎င်းတို့၏ တိုင်ကြားစာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ လိပ်မူခဲ့ပြီး မိတ္တူကိုနေပြည်တော်မြို့တော်ဝန်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီများ၊ နေပြည်တော်အတွင်းရှိ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် နေပြည်တော်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ သြဂုတ်လ ၂၁ ရက်နေ့ တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
နေပြည်တော် စည်ပင်အရာရှိ ၂ ဦး လာဘ်ပေး လာဘ်ယူမှု စစ်ဆေး
နေပြည်တော် စည်ပင်အရာရှိ ၂ ဦး လာဘ်စားမှုဖြင့် တိုင်ကြားခံရ