သတင်း

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် လူ ၁ ဦးသေ ၁၀ ဦး ဒဏ်ရာရပြီးပြီ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံ ပျက်ကျမှုနှင့် ယမ်းမတော်တဆဖြစ်ပွားမှုကြောင့် ယနေ့(အောက်တိုဘာ ၃၁ ရက်)ထိ လူ ၁ တဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိထားကြောင်း တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

တောင်ကြီးမြို့၊ ချမ်းသာစည်ရပ်ကွက် ၊ အနော်ရထာလမ်းတွင် အောက်တိုဘာ ၂၉ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ယမ်းပြုလုပ်နေသည့်နေအိမ်မှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ် ၆ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း တောင်ကြီးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူက ဧရာဝတီကို ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ရွှေညောင်နယ်မြေ မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးသည် မီးခိုးမွှန်သေဆုံးခဲ့ပြီး မီးစတင် လောင်ကျွမ်းသည့်နေအိမ်မှ အမျိုးသားလေးဦး မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများကို တောင် ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် တင်ထားပြီး အိမ်ရှင်ဖြစ်သူ ဦးစိုးနိုင်လေး(ခ)အောင်ငဲသည် ဒဏ်ရာပြင်းထန်ကြောင်း ၎င်းက ရှင်းပြသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် တန်ဖိုး ငွေကျပ် သိန်း ၂၀၀ နီးပါး (တရာကိုးဆယ့်ကိုးသိန်းကိုးသောင်း) ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင် အသက် ၄၅ နှစ် ဦးစိုင်လေး(ခ)အောင်ငဲသည် စဝ်စံထွန်းဆေးရုံတွင် အတွင်း လူနာအဖြစ် တက်ရောက်ဆေးကုသလျက်ရှိပြီး ၎င်းကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅/၃၃၈/၃၀၄(က)တို့ဖြင့် တောင်ကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတဦးက အောက်တိုဘာ ၃၀ ရက်တွင် ဧရာဝတီသို့ ဖြေဆိုထားသည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်ကို သာဓကယူ၍ ပြည်နယ်အစိုးရအနေဖြင့် လာမည့်နှစ်တွင် မီးပုံးပျံလုပ်သော ရပ်ကွက်တိုင်းရှိ မီးဆရာများ အားလုံးကို မြို့ပြင်တွင် နေရာတခု သတ်မှတ်ပေးသင့်ကြောင်း၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ ပြုလုပ်စမ်းသပ် ခြင်းကို လူနေရပ်ကွက်ပြင်ပတွင်သာ စိစစ်ခွင့်ပြုစေလိုကြောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကိရိယာများကို မီးသတ်ဌာန၏ အကြံပြုချက်အတိုင်း ထားရှိဆောင်ရွက်စေလိုကြောင်း လူမှုကွန်ရက်ပေါ်တွင် အကြံပြုချက်များ ထွက်ပေါ် လာသည်။

အကြံပြုချက်များနှင့်ပတ်သက်၍ ဦးကျော်သူက “မီးပုံးလွှတ်တင်တဲ့ကိစ္စက တော်တော်ကြာကြာထဲက လုပ်ခဲ့တဲ့ တောင်ကြီး ရဲ့အစဉ်အလာတခုပဲ။ ဒီအပေါ်မှာ ကျနော်တို့အနေနဲ့ ဘယ်လိုဖြစ်သင့်တယ်ဆိုတာမျိုးတော့ မပြောလိုဘူး။ ဒါပေမယ့် ဘေး အန္တရာယ်ကို အတတ်နိုင်ဆုံး လျော့ပါးအောင် ဆောင်ရွက်ဖို့က ကျနော်တို့တာဝန်ပါ။ ရွှေ့တာပြောင်းတာကတော့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေကပဲ ဆောင်ရွက်မှ သင့်တော်မှာပါ” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက မီးသတ်ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့်နှစ်များတွင်လည်း အလားတူ မတော်တဆမှုများရှိသည့်အတွက် ပွဲတော်ရက်မတိုင်ခင်ကပင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးမှုများ၊ ကာကွယ်ရေးကိရိယာများ ထားရှိရန် တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့သကဲ့သို့ ယခုပွဲတော်ရက်အတွင်းတွင်လည်း မီးသတ်တပ်ဖွဲ့ဝင် ၁၃၇ ဦးက အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်းဟူ၍ သတ်မှတ်ကာ နေ့ညမပျက် တာဝန်ယူပေးလျက်ရှိကြောင်း ရှင်းပြသည်။

အဆိုပါ ယမ်းမတော်တဆမှုဖြစ်စဉ်အပြီး အောက်တိုဘာ ၃၀ ရက် ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် တွမ်တီးမီးပုံးပျံ ပျက်ကျ မီးလောင်မှုကြောင့် လူ ၆ ဦး ထပ်မံဒဏ်ရာရရှိခဲ့၍ စဝ်စံထွန်းဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွှတ်တင်လိုက်သည့် တွမ်တီးမီးပုံးပျံသည် အမြင့်ပေ ၁၀၀ ခန့်အရောက်တွင် မီးပုံး၏အောက်ခြေမှ မီးလောင် ပေါက် စဖြစ်ခဲ့ပြီးနောက် အမြင့်ပေ ၂၀၀ ခန့်တွင် မီးပုံးပျံကြည့်ကွင်းအတွင်းရှိ ဝက်သားဒုတ်ထိုးဆိုင်ပေါ်သို့ ပြုတ်ကျရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပြီးနောက် မီးလောင်ထားသည့် ယမ်းခွေကြီးအောက်တွင် ပိနေသူများကို ဖယ်ရှားခဲ့ရကြောင်း ဦးကျော်သူက ပြောသည်။

ဒဏ်ရာရရှိသူ ၆ ဦးအနက် နှင်းဆီလမ်း၊ နယ်မြေ ၅၊ စိန်ပန်းရပ်ကွက်၊ တောင်ကြီးမြို့ နေထိုင်သူ အသက် ၄၃ နှစ်အရွယ် မအေးအေးသိန်းနှင့် နှင်းဆီလမ်း၊ စိန်ပန်းရပ်ကွက်၊ တောင်ကြီးမြို့နေ အသက် ၁၂ နှစ်အရွယ် မအိနန္ဒာမြင့်တို့သည် ခန္ဓာ ကိုယ်တခုလုံး မီးလောင်ဒဏ်ရာ ရရှိခဲ့ကြပြီး စိုးရိမ်ရကြောင်း သိရသည်။

ကျန် ၄ ဦးမှာ လိပ်ပြာတော်လမ်း၊ နယ်မြေ ၅၊ အေးသာယာနေထိုင်သူ အသက် ၂၁ အရွယ် မခိုင်သဇင်သည် ဝဲ/ယာ လက် နှစ်ဖက်၊ ဝဲ/ယာခြေထောက်နှစ်ဖက်၊ ခါးအောက်ပိုင်းတွင်လည်းကောင်း၊ အရှေ့မြို့ပတ်လမ်း၊ ကန်ရှေ့ရပ်ကွက်၊ တောင်ကြီး မြို့နေ အသက် ၃၂ နှစ်အရွယ် ကောင်းမြတ်မိုးသည် ယာဘက်လက် နောက်ကျော ဝဲ/ယာ ခြေထောက်တွင်လည်းကောင်း၊ နယ်မြေ ၆ အေးသာယာနယ်မြေနေ အသက် ၂၁ နှစ်အရွယ် မဝေဝေအောင်သည် ဝဲ/ယာ ခြေထောက်နှစ်ဖက်တွင်လည်း ကောင်း၊ နှင်းဆီလမ်း စိန်ပန်းရပ်ကွက် တောင်ကြီးမြို့နေ အသက် ၇ နှစ်အရွယ် ထူးခန့်လင်းသည် မျက်နှာ၊ ဝဲဘက်ပေါင်၊ ညာဘက်ကျောပြင်၊ ဝဲ/ယာ ခြေနှစ်ချောင်းတို့တွင်လည်းကောင်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းနေ့ ည ၂ နာရီတွင် ရှယ်ထောမီး လွှတ်တင်ရာ ယမ်းငွေ့နည်းသည့်အတွက် အမြင့်သို့မတက်ဘဲ ဘေးတိုက်ကြီးသွားရာ ဈေးဆိုင်တန်းဘက်ရှိ ဓာတ်ကြိုးနှင့်ငြိပြီး မီးပုံးပျံတက်သွားသော်လည်း ယမ်းခွေပျက်ကျကျန်ခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း၊ မီးလောင်မှုကြောင့် အောက်ဘက်ရှိ ဆိုင်ကယ်သုံးစီး မီးလောင်သွားခဲ့ပြီး အနီးနားရှိ မီးသတ်ကားများ အချိန်မီ မီး ငြိမ်းသတ်နိုင်သည့်အတွက် လူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟုဆိုသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို အောက်တိုဘာ ၂၆ မှ နိုဝင်ဘာ ၄ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး ပွဲတော် တွင် ညလွှတ် ညမီးကြီး ၈၈ လုံး၊ စိန်နားပန် ၃၉ လုံးနှင့် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၄၄ လုံး၊ ခြေလေးချောင်း ၇၂ လုံး၊ အုပ်စု အလုံး ၅၀၊ ညလွှတ် မီးပုံးပျံပေါင်း ၁၂၇လုံး၊ နေ့လွှတ်အရုပ် ၂၆၆ လုံး စုစုပေါင်း ၃၉၃ လုံး လွှတ်တင်သွားမည်ဖြစ် ကြောင်း တန်ဆောင်တိုင်ပွဲတော် ဦးစီးကော်မတီမှ သိရသည်။

ယမန်နှစ်က တန်ဆောင်တိုင်ပွဲတော်တွင် ညမီးကြီး အလုံး ၈၀၊ စိန်နားပန် ၃၆ လုံးနှင့် နေ့လွှတ်အရုပ် ၂၈၇ လုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading