ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး မသေချာဘဲ နှစ်ဘက် သဘော တူညီချက်များ အပြီးမသတ်နိုင်သေး၍ ၂၀၁၇ ခုနှစ်မကုန်ခင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံ ၏ နိုင်ငံရေး ဆွေးနွေးမှုများ အပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း အပစ်ရပ် အဖွဲ့များက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည် အမျိုးသားတပ်မတော် (RCSS/SSA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)တို့ ၏ ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး နေပြည်တော်တွင် ၂ ရက် တိတိ ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး (UPDJC) တွင် ဆွေးနွေးခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ပေ။
အပစ်ရပ်အဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက“ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အဓိက ဆွေးနွေးပြီး သဘောမတူနိုင်တဲ့ အချက်က ရှမ်းနဲ့ ရခိုင်ပြည်နယ်မှာ မလုပ်နိုင်ခဲ့လို့ ကျနော်တို့ လိုက်ပြီး တော့ သဘောတူမပေးနိုင်ခဲ့တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အခုချိန်မှာလည်းပဲ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်နိုင်ဘူး ဆိုရင် ယခင်က ကျနော်တို့ သဘောတူဖို့ အခက်အခဲရှိနေတဲ့ ဟာက ထပ်ပြီးတော့ပဲ အခက်အခဲရှိနေမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) စာချုပ်တွင် ပါသည့် နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၇ဆင့်တွင် အဆင့် ၃ ဖြစ်သည့် အမျိုးသားအဆင့် နိုင်ငံရေးများကို အပစ်ရပ် အဖွဲ့အားလုံး၏ နေရာတိုင်းတွင် ကျင်းပနိုင် မည် ဆိုပါက မည်သည့်ပြဿနာမျှ ထပ်၍ မပေါ်နိုင်ကြောင်း၊ ပင်လုံ ညီလာခံတွင် ကိုယ်ပိုင် ပြဌာန်းခွင့်ကဲ့သို့ အရေးကြီး ဆုံးဖြတ်ရမည့် ကိစ္စရပ်များကိုလူထုနှင့် တိုင်ပင်၍ ဆွေးနွေးပွဲ ကျင်းပ ထားခြင်း မရှိဘဲ မည်သည့်အဖွဲ့မျှ မဆုံးဖြတ်နိုင် ကြောင်းလည်း ချင်းအမျိုးသား တပ်ဦး (CNF) မှ ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း က ပြောဆိုသည်။
ထိုစဉ်က အဓိကဆွေးနွေးပြီး သဘောမတူနိုင်သည့် အချက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်မူ ရရှိရေးနှင့် ပြည်ထောင်စု မှ ခွဲမထွက်ရ ဆိုသည့် အခြေအနေများ ကြားတွင် အငြင်းပွားမှု များစွာဖြင့် သဘောမတူညီနိုင်ရာ ယခုအကြိမ်တွင်လည်း ယင်းခေါင်းစဉ်များကိုပင် အဓိကထား၍ ဆက်လက် ဆွေးနွေးရန် ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေး က ပြောသည်။
“ကျနော်တို့ အထူးသဖြင့် နိုင်ငံရေးကိစ္စကို ဦးစားပေးပြီး ဒီညီလာခံမှာ ဆွေးနွေးမယ်”ဟု ဦးဇော်ဌေးက ပြောပြသည်။
ရှမ်းပြည်နယ်ရှိ RCSS/ SSA အဖွဲ့ရှိသည့် ဒေသတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်ရခြင်းမှာ ကျင်းပမည့် နေရာ သတ်မှတ်နိုင်ခြင်း မရှိ၍ ဖြစ်ပြီး ကျင်းပခွင့်မှာမူ ရရှိပြီး ဖြစ်ကြောင်း၊ ALP အတွက် ရခိုင်ပြည်နယ်တွင် ကျင်းပခွင့်ကို မရရှိသေးခြင်း ဖြစ်ကြောင်း UPDJC အစည်းအဝေး တက်ရောက်သူများက ပြောသည်။
အတိုင်ပင်ခံရုံးမှ ဦးဇော်ဌေးက “ရှမ်းက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ဆိုတာ သဘောတူပြီးသား။ နေရာညှိတာ အဆင်မပြေတော့ နေရာကို ညှိနေတယ်။ ရခိုင်ကျတော့ အရမ်းသတိထားရတဲ့ ဒေသ ဖြစ်ပါတယ်။ နိုင်ငံ တကာ အာရုံစိုက်နေတဲ့ ပဋိပက္ခတွေ ရှိနေလို့ ဖြစ်ပါတယ်။ နိုင်ငံရေး အခြေအနေ၊ လုံခြုံရေး အခြေအနေတွေ အရ ချင့်ချိန် နေရတဲ့ သဘော ရှိပါတယ်”ဟု ပြောသည်။
NCA ၏ မူအတိုင်း ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပနိုင်သေး၍ အတတ်နိုင်ဆုံး ကျင်းပခွင့် ရရှိရေး ကြိုးစားသော်လည်း အဆင်မပြေသေးကြောင်း၊ မည်သည့် အကြောင်းပြချက်နှင့်မျှ နိုင်ငံရေး ဆွေးနွေးပွဲ များကို မပိတ်ပင်သင့်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)မှ ဒေါ်စောမြရာဇာလင်း က သတင်းထောက်များကို ပြောသည်။
“ဘယ်အကြောင်းပြချက်နဲ့ ဖြစ်စေ၊ ဘယ်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့မှ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မရဘဲ မရှိသင့်ဘူး ဆိုတာ အခိုင်အမာရပ်တည် ကြိုးစားနေတယ်။ အခုထိ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေး ပွဲ ကို လုပ်ဖို့ဆိုတာမျိုးကို အတိအကျ ရှာဖို့မရနိုင်တဲ့ အနေအထားကို ရောက်နေပါတယ်”ဟုလည်း ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းကလည်း “အစိုးရနဲ့ တပ်မတော်ကတော့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေ၊ လုံခြုံရေးကို အကြောင်းပြပြီးတော့ မလုပ်ပါနဲ့ဦး ဆိုပြီးတော့ မေတ္တာရပ်ခံမယ့် ပုံစံမျိုးလည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသား ဘက်ကတော့ ဒါလေးမှ မလုပ်ဘူးဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဘာသွား ဆွေးနွေးမှာ လဲ”ဟု မေးခွန်းထုတ်သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အတွက် လုံခြုံရေးနှင့် နိုင်ငံတကာ ဖိအားကို အကြောင်းပြု၍ ရခိုင်ပြည်နယ်တွင် မလုပ်သင့်ဘူးဆိုသည့် အမြင်ထက် အစိုးရ၊ လွှတ်တေ်ာ၊ တပ်မတော်၊ နိုင်ငံရေးပါတီ အားလုံး၊ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ညီညီညွတ်ညွတ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပ သင့်ကြောင်းလည်း ၎င်းက အကြံပြုသည်။
ရှမ်းပြည်နယ် အခြေအနေမှာလည်း RCSS/SSA က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့တွင် ကျင်းပ လိုသော်လည်း တပ်မတော်က မိုင်းပန်မြို့တွင်သာ ကျင်းပခွင့် ပေး၍ ၂ ဖက် ညှိမရ ဖြစ်နေသည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကိုနေရာ ၆ နေရာမှာ လုပ်နိုင်ခဲ့သော်လည်း ထိုနေရာများမှ ကျင်းပပြီး စုစည်း လာသည့် စုစည်းချက်များထဲမှ တချို့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တင်သွင်းနိုင်သော်လည်း တချို့ကို တင်သွင်း နိုင်ခြင်း မရှိသေးကြောင်း၊ ထိုအချက်များကိုလည်း ဆက်လက် ဆွေးနွေးရန် ရှိကြောင်း သိရသည်။