သတင်း

ဒုက္ခသည် ပြန်လည်လက်ခံရေး ရခိုင်ဆရာတော်ကြီးများထံ သူရဦးအောင်ကို လာရောက် လျှောက်ထား

Want create site? Find Free WordPress Themes and plugins.

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များအား ပြန်လည် လက်ခံမည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ဆရာတော်ကြီးများထံသို့ ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို လာရောက် ရှင်းပြ လျှောက်ထားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်အဖွဲ့သည် အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းက လေကြောင်းလိုင်းဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး စစ်တွေမြို့ပေါ်ရှိ ပုသိမ်ကျောင်းတိုက်နှင့် ဓမ္မသုခကျောင်းတိုက်သို့ သွားရောက်ခဲ့ကာ ပြည်နယ်သံဃနာယက ဆရာတော်ကြီးများထံ သြဝါဒခံယူရင်း ထိုသို့ ရှင်းပြလျှောက်ထားခဲ့ခြင်း ဖြစ်သည်။

မွတ်စလင် ဒုက္ခသည်များအား ပြန်လည်လက်ခံမည့်ကိစ္စနှင့်ပတ်သက်ပြီး ဆရာတော်ကြီးများထံ လျှောက်ထားရာတွင် အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများ ရှိနေသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ၏ အကျိုးစီးပွားထက် မည့်သည့်ကိစ္စကိုမှ ဦးစားပေး ဆောင်ရွက်မည် မဟုတ်ကြောင်း၊ ၁၉၉၃ ခုနှစ် သဘောတူစာချုပ်ပါအတိုင်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသူ၊ အထောက်အထား ခိုင်လုံသူများကိုသာ စိစစ်လက်ခံမည် ဖြစ်သည့်အတွက် စိုးရိမ်စရာ မရှိကြောင်း တင်ပြလျှောက်ထားခဲ့သည်။

ယင်းအပြင် ဘင်္ဂါလီများအား စိစစ်လက်ခံရာတွင်လည်း တဘက်နိုင်ငံက တောင်းဆိုသည့်အတိုင်း စခန်း အများကြီးဖွင့်ပြီး လက်ခံမည်မဟုတ်ဘဲ စခန်း ၁ ခုတည်းဖွင့်ကာ လက်ခံသွားမည် ဖြစ်ကြောင်းနှင့် အမျိုးသား အကျိုးစီးပွားနှင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွားအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ် အစီအမံများကို ရေးဆွဲဆောင်ရွက်လျှက် ရှိကြောင်းလည်း သူရဦးအောင်ကိုက ဆက်လက် လျှောက်ထားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ တင်ပြလျှောက်ထားချက်များနှင့် ပတ်သက်ပြီး ဆရာတော်ကြီးများက နိုင်ငံတော်အတိုင်ပင်ခံ၏ လက်ရှိဆောင်ရွက်နေသော အစီအမံများကို လက်ခံနိုင်ကြောင်း၊ သို့သော်လည်း အပြောနှင့် အလုပ်ညီရန် လိုအပ်ကြောင်းနှင့် မွတ်စလင်များအား လက်ခံရာတွင် ရိုဟင်ဂျာ ဆိုသည့် စကားလုံး ပါလာမည်ဆိုပါက လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ ဖြစ်နိုင်လျင် နယ်စပ်ခြံစည်းရိုးများကို အသေအချာ အခိုင်အမာ ကာရန်ပြီးစီးသည့်အချိန်မှသာ လက်ခံစေလိုကြောင်း ပြန်လည်မိန့်ကြားခဲ့သည်။

ဩဂုတ်လမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးသူ ဒုက္ခသည်ပေါင်း ၆ သိန်းခန့်ရှိကြောင်း ကုလသမဂ္ဂ အေဂျင်စီများက ပြောဆိုနေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ယခင်ရောက်ရှိပြီးသူများပါထပ်ထည့်ပေါင်းပြီး လူဦးရေ တသန်းရှိကြောင်းပြောဆိုနေသည်။

မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို ၂ နိုင်ငံ ၁၉၉၃ သဘော တူညီချက်ကို ကိုင်ဆွဲ၍ လက်ခံရန် မြန်မာဘက်က အဆင်သင့် ရှိနေသော်လည်း ဘင်္ဂလားဒေရှ်ဘက်မှ သဘောမတူသဖြင့် အစီအစဉ် များ နှောင့်နှေးနေရကြောင်း သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

“ကျနော်တို့ ဘက်က အဆင်သင့် ဖြစ်ပြီ။ စိစစ်လက်ခံဖို့လည်း အသင့်ဖြစ်ပြီ။ အဲဒီအပေါ်မှာ ဟိုဘက်(ဘင်္ဂလားဒေရှ်)က သဘောတူညီ ချက်မရသေးဘဲ ဒီအစီအစဉ်တွေ နှောင့်နှေး ကြန့်ကြာနေတာ ဖြစ်တယ်။ ၉၃ သဘောတူညီချက်အရ ကျနော်တို့ ချဉ်းကပ်တော့ ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက် မရဘူး”ဟု ညွှန်ကြာရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာနိုင်ငံက အားသွန်ခွန်စိုက် ကြိုးပမ်းနေသည့် အစီအစဉ်များ နှောင့်နှေးနေမည်ကို စိုးရိမ်ကြောင်း၊ စိုးရိမ်ရသည့် အကြောင်းရင်းမှာ ဘင်္ဂလားဒေရှ် ဝန်ကြီးချုပ်က ၂ နိုင်ငံ နယ်စပ်အနီးတွင် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း တည်ဆောက် ပေးမည်ဟု ကြေညာပြီး ကမ္ဘာ့နိုင်ငံများထံမှ အလှူငွေများ ကောက်ခံနေ၍ ဖြစ်ကြောင်းလည်း ပြောဆိုသည်။

“ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာလည်း ဒီဒုက္ခသည်တွေအတွက် ကွန်ဖရင့် လုပ်တယ်။ ဒေါ်လာသန်း ရာနဲ့ချီပြီး လှူဒါန်းကြတယ်။ ဒုက္ခသည်စခန်းကြီး တည်ထားတယ်။ ဒေါ်လာသန်း သုံးရာကျော် လေးရာလောက် သူတို့ရထားတယ်။ ရထားတဲ့ အပေါ်မှာ ဒီလူတွေကို ကျနော်ဘက် ပြန်လွှတ်မှာ နှေးသွားမှာ ကြောက်တယ်”ဟု ဦးဇော်ဌေးက ပြောသည်။

လက်တွေ့အခြေအနေအရ ဘင်္ဂလားဒေရှ့်ဘက်မှ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့် ဒုက္ခသည် လက်ခံရေးမှာ ကြန့်ကြာ နေခြင်း ဖြစ်သော်လည်း နိုင်ငံတကာက မြန်မာဘက်သို့ အမြင်မကြည်လင်မှုများ ရှိလာနို်င်ကြောင်း၊ ဘင်္ဂလားဒေရှ် ပြည်ထဲရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် မြန်မာ ရဲချုပ်က ဘင်္ဂလားဒေရှ် ရဲချုပ်ထံ ဒုက္ခသည်စာရင်း တောင်းခံလိုက်သော်လည်း ယနေ့ချိန်အထိ အကြောင်း မပြန်သေးကြောင်း သမ္မတရုံးမှ သိရသည်။

“ဟိုဘက်မှာ ရောက်နေတဲ့လူက အခုတသန်းနီးပါးတောင် ရှိနေပြီတဲ့ မီဒီယာတွေမှာ ရေးတာ။ လက်တွေ့မှာ လုံးဝမဖြစ်နိုင်ဘူး။ အဲဒီ လူစာရင်းရပြီဆိုရင် စိစစ်ရတဲ့ လုပ်ငန်းတွေ ပိုအဆင်ပြေမယ်။ ဒီလူတွေ မြန်မာဘက်မှာ နေထိုင်ခဲ့တာ ဟုတ်မဟုတ် ကျနော် လဝက အထောက်အထားတွေ ဆွဲတင်စစ် အထောက်အထားတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်တိုက်ဆိုင်လိုက်ရင် ပိုမြန်မယ်။ ပိုမြန်အောင်လို့ တောင်းထားတယ်”ဟု ဦးဇော်ဌေးက ရှင်းပြသည်။

၁၉၉၃ ခုနှစ် သဘောတူညီချက်အရ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ ကိုယ့်သဘော ဆန္ဒဖြင့် ပြန်လာချင် သူ ဖြစ်ရမည်၊ ဘင်္ဂလားဒေ့ရှ်ဘက်တွင် မွေးဖွားသူဖြစ်ပါက အဖေ၊ အမေမှာ မြန်မာနိုင်ငံ တွင် နေဖူးသူဖြစ်ရမည် စသည့်အချက်များတွင် “မိမိ သဘောဆန္ဒနှင့် ပြန်လာချင်သူ”ဆိုသည့် အချက်ကို ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောမတူခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရဘက်ကလည်း မိမိသဘောနှင့်သာ ပြန်လာရမည် ဖြစ်ပြီး ပြန်လာသူများထဲတွင် အကြမ်းဖက်သမားများနှင့် ဆက်နွယ်သူများ၊ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများ ဖြစ်ပါက ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က ၂ နိုင်ငံကြား ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျ က်ရေး၊ သတင်းအချက်အလက် ဖလှယ်ရေး၊ ၂ နိုင်ငံ မကြာခဏ တွေ့ဆုံ၍ အဆင့်ဆင့်တွင် ဆက်ဆံရေး အရာရှိများ ထားရှိရေး၊ နယ်စပ်ဒေသတွင် တရား ဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတို့ကို အဓိက ဆွေးနွေးနိုင်ခဲ့ပြီး နယ်စပ်လုံခြုံရေးအတွင် ၂ နိုင်ငံကြား နားလည်မှုသဝဏ်လွှာ ၂ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

(နေပြည်တော်မှ ထက်နိုင်ဇော် ပူးပေါင်းရေးသား သတင်းပေးပို့သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading