မြန်မာ့ တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရသည့် အခြေအနေကို ကာကွယ်တားဆီးနိုင်ရန်နှင့် တောရိုင်း တိရစ္ဆာန် ပစ္စည်း များ တရားမဝင် ကုန်သွယ်မှု ပြုလုပ်နေခြင်းကို အဆုံးသတ်နိုင်ရန် အတွက် ရည်ရွယ်ပြုလုပ်မည့် VOICES FOR MOMOS (မြန်မာ့ ဆင်များအတွက် ရင်တွင်းစကားသံ) လှုပ်ရှားမှုကို နိုဝင်ဘာလမှစတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရ သည်။
အဆိုပါ လှုပ်ရှားမှုနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့ ဘိုကလေး ဈေးလမ်း ရှိ Pansuriya စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင် တောဆင်ရိုင်းများသည် အရေခွံခွာယူရန်အတွက် ၁ ပတ်လျှင် ၁ ကောင်နှုန်းခန့် သတ်ဖြတ်ခံနေရပြီး အဆိုပါ နှုန်းအတိုင်း ဆက်ဖြစ်နေမည်ဆိုပါက နောက်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှ တောဆင်ရိုင်းများ လုံးဝ ပျောက်ကွယ် သွားနိုင်သည့် အန္တရာယ်ရှိနေ၍ ယခုလှုပ်ရှားမှုကို စတင်ရခြင်း ဖြစ်ကြောင်း ပါဝင်သည့် အဖွဲ့အစည်းများက ပြောသည်။
“အခုချိန်က မြန်မာ့ဆင်တွေအတွက် နောက်ဆုံးအချိန်ပဲ။ ဒီအချိန်မှာမှ အားလုံးပူးပေါင်းပြီး မလုပ်ကြဘူးဆိုရင် မြန်မာနိုင်ငံ မှာ မြန်မာ့ တောဆင်ရိုင်းတွေကို ဆုံးရှုံးရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီလို ပူးပေါင်းလုပ်တဲ့အစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု WWF – မြန်မာ၏ Country Director Mr. Christy Williams က ပြောဆိုသည်။
လှုပ်ရှားမှုတွင်ပါဝင်သည့် အဖွဲ့အစည်း ၆ ခုမှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိန်းရေး အသင်း (BANCA)၊ နိုင်ငံတကာ တောရိုင်း တိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေး အဖွဲ့ (FFI) မြန်မာ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေ များ အသင်း (FoW) ၊ Grow Back for Posterity (GBP)၊ သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS)နှင့် ကမ္ဘာလုံး ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့ ဖြစ်ကြသည်။
၆ လကြာ ပြုလုပ်မည့် VOICES FOR MOMOS လှုပ်ရှားမှုတွင် ကဏ္ဍအသီးသီးမှ လူတဦးတယောက်ချင်းဖြစ်စေ၊ အဖွဲ့အ စည်း လိုက်ဖြစ်စေ လူထုတရပ်လုံး ပါဝင်လာစေရန် တိုက်တွန်း အသိပညာပေးမှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်သွားမည် ဖြစ် သကဲ့သို့ အွန်လိုင်း ကမ်ပိန်းများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
VOICES FOR MOMOS လှုပ်ရှားမှုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း ၆ ခုနှင့်အတူ သယံဇာတနှင့် သ ဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) အောက်ရှိ မြန်မာ့ သစ်လုပ်ငန်းနှင့် သစ်တော ဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၇ နိုဝင်ဘာမှ ၂၀၁၈ ဧပြီလအထိ ၆ လကြာမည် ဖြစ်ကြောင်း WWF – မြန်မာမှ ဆက်သွယ် ဆက်ဆံရေး အကြီးတန်းအရာရှိ ဦးရဲမင်းသွင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဆင်သားရေများကို တရားမဝင် ကုန်သွယ်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်ပိုင်းတွင် ပိုမိုမြင့် တက်လာခဲ့ကြောင်း၊ MONREC ၏ တရားဝင် ကိန်းဂဏန်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းကောင်ရေ ၁၈ ကောင်အထိ သတ်ဖြတ်ခံခဲ့ရပြီး ဒေသတွင်းအဖွဲ့အစည်းများ၏ တွက်ချက်မှုများအရ ယခုနှစ် သြဂုတ်လအထိ သတ်ဖြတ်၍ အရေခွံဆုတ်ခွာ ခံခဲ့ရသည့် တောဆင်ရိုင်း အရေအတွက် အနည်းဆုံး ၃၀ ရှိလိမ့်မည်ဖြစ် ကြောင်း သိရသည်။
“ဘာကြောင့် ကျဆင်းလာရသလဲ။ အဓိကအားဖြင့် တောဆင်တွေရဲ့ နေထိုင်ကျက်စားရာ ဒေသတွေ ပျောက်ဆုံးလာ တယ်။ နောက် တောဆင်တွေ သတ်ဖြတ်ခံရတယ်။ ဟိုတုန်းက ဆင်ကို သတ်တယ်ဆိုတာ အစွယ်အတွက်။ အခုကျ အရေ ခွံ၊ အသား စသဖြင့် ဆင်တကောင်လုံးကို ရောင်းစားလို့ရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အတွက် တဖြည်းဖြည်းနဲ့ ပိုပြီး ကြောက်စရာ ကောင်းလာတယ်” ဟု သစ်ထုတ်လုပ်ရေး ဌာန မန်နေဂျာ ဒေါက်တာ ဇော်မင်းဦး (ဆင် ဆေးကုဆရာဝန်)က ပြော သည်။
ဆက်လက်၍ ၎င်းက လေ့လာထားသည့် အချက်အလက်များအရ ၁၉၄၁-၄၂ ဝန်းကျင်ခန့်က မြန်မာနိုင်ငံတွင် တောဆင် ရိုင်း ကောင်ရေ ၁၀၀၀၀ ခန့် ရှိခဲ့သော်လည်း ယခုအချိန်တွင် မြန်မာနိုင်ငံ၌ တောဆင်ရိုင်းကောင်ရေ ၁၄၀၀ နှင့် ၂၀၀၀ ကြား တွင်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းထားကြောင်း ပြောဆိုသည်။
“အရင်က ဆင်တွေကို သတ်တယ်ဆိုတာက ဆင်စွယ်အတွက်ပဲ သတ်ခဲ့တာဖြစ်တယ်။ ပြောရရင် ကျနော်တို့အာရှဆင်မှာ ဆင်အထီးတိုင်းမှာ အစွယ်မရှိပါဘူး။ ဒီတော့ အသတ်ခံရတဲ့ အရေအတွက် နည်းပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ ဆင်သားရေ ဝယ်လိုအားတက်လာတဲ့အတွက် အရေခွံကိုခွာမယ်ဆိုတဲ့အခါမှာ ဆင်အထီးတင်မကတော့ဘဲ ဆင်အမတွေ ရော ဆင်ပေါက်လေးတွေရော အားလုံးကို ပစ်မှတ်ထားပြီး သတ်လာတဲ့အတွက် မြန်မာ့ဆင်ကောင်ရေ အမြန်ဆုံးလျော့ကျ လာတာဖြစ်ပါတယ်”ဟု Mr. Christy Williams ကလည်း ပြောသည်။
VOICES FOR MOMOS လှုပ်ရှားမှုပြုလုပ်သည့် အဖွဲ့အစည်းများ အနေဖြင့် တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ လျော့ကျသွားစေရေး အတွက်လည်း ရေရှည်လုပ်ငန်းစဉ်များ ရေးဆွဲပြီး လုပ်ဆောင်သွားရန် ရှိကြောင်း၊ ဝယ်လို အားဈေးကွက်ရှိနေ၍ တောရိုင်း တိရစ္ဆာန်များ သတ်ဖြတ်ခံနေရခြင်း ဖြစ်သည့်အတွက် ပြည်သူများ အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း တိုက်တွန်း ပြောဆိုခဲ့ကြသည်။