သတင်း

မြန်မာတပ်မတော်ကို လက်နက်ရောင်းချမှု အစ္စရေး ဆိုင်းငံ့ ဟုဆို

မြန်မာတပ်မတော်အပေါ် လက်နက်ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း အစ္စရေးသတင်းစာ The Times of Israel က ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီးရုံးကို ကိုးကားပြီး ပြင်သစ်မဂ္ဂဇင်း Intelligence Online က စတင် သတင်းရေးသားခဲ့တာမို့ The Times of Israel သတင်းစာက အစ္စရေး ကာကွယ်ရေးဝန်ကြီးရုံးကို မေးမြန်းရာမှာ သဘောထားမပေးလိုကြောင်း တုန့်ပြန်ထားပါတယ်။

အမည်မဖော်ထားတဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးရုံး သတင်းရင်းမြစ်တခုကို ကိုးကားပြီး ပြင်သစ်မဂ္ဂဇင်း Intelligence Online က ရေးသားရာမှာ အခုလို ဆိုင်းငံ့ဖို့ ဆုံးဖြတ်တာဟာ “အမေရိကန်ပြည်ထောင်စုကို စိတ်မကွက်စေချင်လို့”လို့ ဆိုပါတယ်။

အစ္စရေးဟာ အဝေးထိန်းစနစ်နဲ့ ပဲကိုင်နိုင်တဲ့ Dvora MK III ရေတပ်ကင်းလှည့်ရေယာဉ်တွေကို မြန်မာက သွားရောက်ဝယ်ယူခဲ့ရာမှာ အဆိုပါရေယာဉ် စမ်းသပ်မောင်းနှင်နေပုံကို “မြန်မာ့တပ်မတော် ရေမှ ကြိုဆိုပါ၏” ဆိုသည့် ခေါင်းစီးနဲ့ Myanmar Navy Facebook မှာ ပြီးခဲ့တဲ့ ၆ လက ဖော်ပြထားပါတယ်။

ပြီးခဲ့သည့်နှစ်က မြန်မာရေတပ်ဦးစီးချုပ် အစ္စရေးသို့ သွားရောက်စဉ်ကလည်း “အစ္စရေးလက်နက်ထုတ် လုပ်နေမှုမှာ ယုံကြည်စိတ်ချရပြီး ဆင့်ပွားသင်ယူလိုကြောင်း ပြောကြားခဲ့တယ်”လို့ သိရပါတယ်။

လွန်ခဲ့သည့် ၂နှစ်က မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အစ္စရေးကို သွားရောက်စဉ်ကလည်း အစ္စရေး စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့တပ်မတော်ဟာ အစ္စရေးထုတ် ဒုံးခွင်းဒုံးနှင့် အမြောက်များ ဝယ်ယူခဲ့ပြီး အစ္စရေး ကုမ္ပဏီ TAR Ideal Concepts ၏ အင်တာနက် စာမျက်နှာတွင်လည်း မြန်မာစစ်တပ်က အဆိုပါ လက်နက်များကို ကိုင်တွင် ပစ်ခတ်နေပုံကို မှတ်တမ်းတင်ထားပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂက လက်နက်ရောင်းချမှု ကန့်သတ်ထားခြင်းခံထားရတဲ့ နိုင်ငံဖြစ်ပေမယ့် အစ္စရေးကတော့ ဂရုမစိုက်ပဲ လက်နက်ရောင်းချနေတာဖြစ်ပါတယ်။

မကြာမီသေးမီကာလများမှာတော့ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်တွေ ၆ သိန်းနီးပါး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြတ်ကျော် ထွက်ပြေးစေတဲ့ မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးအပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ပြစ်တင်ရှုတ်ချပြီး မြန်မာ့တပ်မတော်အပေါ် နိုင်ငံရေးဖိအားတွေ မြှင့်တင်လာခဲ့ပါတယ်။

Loading