သတင်း

ဘင်္ဂလားဒေ့ရှ် ရောက် ဟိန္ဒူဒုက္ခသည်များ နေရပ်ရင်း လုံခြုံရေး စိုးရိမ်နေ

Want create site? Find Free WordPress Themes and plugins.

သြဂုတ်လနှောင်းပိုင်းကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးလာပြီး မွတ်ဆလင်များနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ခိုလှုံရန် ရောက်ရှိနေသော ဟိန္ဒူဘာသာဝင်များက ရခိုင်ပြည်နယ်အတွင်းရှိ သူတို့၏ ကျေးရွာများကို ပြန်သွားရန် ဆန္ဒ မရှိကြောင်း VOA သတင်းတပုဒ်က ဆိုသည်။

“ရခိုင်ပြည်နယ်မှာ ရှိတဲ့ ကျနော်တို့ ရွာက ဟိန္ဒူတွေ အတွက် လုံခြုံမှု မရှိတော့ပါဘူး။ တကယ်လို့ မြန်မာအစိုးရက ကျနော် တို့ကို ရန်ကုန်ပြောင်းဖို့ ကူညီမယ်ဆိုရင် ကျနော်တို့က သွားဖို့ အသင့်ပါပဲ။ တကယ်လို့ မြန်မာအစိုးရက ကျနော်တို့ကို တိုင်းပြည်အတွင်းက လုံခြုံပြီး ငြိမ်းချမ်းတဲ့ နေရာမှာ နေဖို့ ကူညီမပေးနိုင်ဘူး ဆိုရင် ကျနော်တို့ အိန္ဒိယကို သွားချင်ပါတယ်။ အိန္ဒိယနိုင်ငံက ကျနော်တို့ကို ကူညီသင့်ပါတယ်” ဟု အသက် ၅၂ နှစ် အရွယ် Lolimohan Sil က VOA သို့ ပြောသည်။

ယင်းသို့ ဟိန္ဒူဒုက္ခသည်များ၏ ပြောဆိုချက်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာဘက်ခြမ်းမှ ထွက်ပြေးသွားသော ဒုက္ခသည်များအား ပြန်လည်လက်ခံပြီး နေရာချထားပေးရန် စီစဉ်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရိုဟင်ဂျာဆိုသူ ဘင်္ဂလီ စစ်သွေးကြွများက ရဲတပ်ဖွဲ့စခန်း ၃၀ နှင့် စစ်စခန်း ၁ ခုကို တိုက်ခိုက်ခဲ့ချိန်တွင် ဒေသတွင်းရှိ ဟိန္ဒူနှင့် မြို ကျေးရွာများ အတိုက်အခိုက်ခံရကာ သတ်ဖြတ်မှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

၁ လ ကြာသည့် အချိန်တွင် ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူအမျိုးသမီးများမှတဆင့် ကြီးမားသော မြေတွင်း ၃ ခုတွင် ဟိန္ဒူဘာသာဝင် တို့၏ အလောင်း ၄၅ လောင်း ဖော်ထုတ် တွေ့ရှိခဲ့ရကြောင်း မြန်မာ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ဆက်လက်ရှာဖွေရန် ကျန်ရှိနေသေးသူများ အပါအဝင် ဟိန္ဒူဘာသာဝင် ၉၀ ကျော်ကို မွတ်ဆလင် စစ်သွေးကြွများက သတ်ဖြတ်ခဲ့ကြောင်း မြန်မာတာဝန်ရှိသူများက ပြောသည်။

သို့သော်လည်း မြန်မာအစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ဖော်ပြထားသော ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) က ဟိန္ဒူများကို သတ်ဖြတ်သည်ဆိုခြင်းကို ငြင်းပယ်ပြီး ၎င်းတို့ အနေဖြင့် မည်သည့် အရပ်သားများကိုမျှ ပစ်မှတ်ထားခြင်း မရှိကြောင်း ပြောသည်။

သြဂုတ်လ ၂၅ ရက်မှ စ၍ မွတ်ဆလင် ၆၀၀၀၀၀ ကျော် နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ဟိန္ဒူဘာသာဝင် ၈၀၀ ကျော်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိပြီး များမကြာမီမှာပင် ဟိန္ဒူ ဒုက္ခသည်များက သူတို့၏ မိသားစုများကို မြန်မာ လုံခြုံရေး တပ်ဖွဲ့များနှင့် လက်နက်ကိုင် ရခိုင် ဗုဒ္ဓဘာသာဝင်များက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ စာနယ်ဇင်းသမားများကို ပြောခဲ့ ကြသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဟိန္ဒူ ဒုက္ခသည် အများစုက သူတို့၏ ဇာတ်လမ်းကို ပြောင်းလဲခဲ့ကြသည်။

ယခုအခါတွင် မည်သည့် ဟိန္ဒူ ဒုက္ခသည်ကမျှ ဟိန္ဒူများကို မြန်မာစစ်သားများနှင့် ဒေသခံများက သတ်ဖြတ်ကြောင်း မ ပြောတော့ပါ။ ဟိန္ဒူ ဒုက္ခသည် အချို့က သူတို့ အနေဖြင့် သတ်ဖြတ်သူများကို ခွဲခြားသတ်မှတ် နိုင်ခြင်း မရှိကြောင်း အဘယ်ကြောင့် ဆိုသော် ထိုသူများက မျက်နှာဖုံးများ တပ်ဆင်ထား၍ ဖြစ်ကြောင်း ပြောကြသော်လည်း အခြားသူများက မူ သူတို့၏ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို မွတ်ဆလင် စစ်သွေးကြွများက သတ်ဖြတ်ခဲ့ကြောင်း ပြောကြသည်။

ဟိန္ဒူ ဒုက္ခသည်တဦး ဖြစ်သော Niranjan Rudra က ရခိုင်ပြည်နယ်ရှိ သူ၏ ကျေးရွာသို့ ပြန်မသွားချင်ကြောင်း အဘယ်ကြောင့် ဆိုသော် (သူက ကုလားပါတီဟု ရည်ညွှန်းခဲ့သော) မွတ်ဆလင် စစ်သွေးကြွများ က လှုပ်ရှားနေဆဲ ဖြစ်ပြီး ဟိန္ဒူများကို ပစ်မှတ်ထားလိမ့်မည် ဖြစ်ကြောင်း ပြောသည်။

“ကုလားပါတီ (သို့မဟုတ်) Al Yakin က လူတွေက ကျနော်တို့ ရွာကို ခြိမ်းခြောက်နေတုန်းပဲ။ သူတို့က ဟိန္ဒူတွေ အများ ကြီး သတ်ခဲ့တယ်။ တကယ်လို့ ကျနော်တို့က ကျနော်တို့ ရွာကို တခေါက်ပြန်သွားရင် သူတို့က ကျနော်တို့ကို သတ်လိမ့် မယ်။ အဲဒီမှာ ရဲ အဖွဲ့ရော စစ်တပ်ရော မရှိဘူး။ ဒါကြောင့် ကျနော်တို့ ရွာကို ပြန်မှာ မဟုတ်ဘူး” ဟု Niranjan Rudra က VOA သို့ ပြောသည်။

သူက သြဂုတ်လကုန်ပိုင်းကထဲက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူ ဖြစ်သည်။
မွတ်ဆလင် စစ်သွေးကြွများက ဟိန္ဒူများကို သတ်ဖြတ်ခဲ့ပြီး ယခုအချိန်အထိ ဟိန္ဒူများအတွက် ခြိမ်းခြောက်မှု တခု ဖြစ်နေ သောကြောင့် သူ၏ မိသားစုက မြန်မာနိုင်ငံ အတွင်းရှိ ဗုဒ္ဓဘာသာဝင် အများစု ရှိရာနေရာများသို့ ပြောင်းရွှေ့ချင်ကြောင်း ဟိန္ဒူဘာသာဝင် ဒုက္ခသည်တဦး ဖြစ်သော Milon Sil ကလည်း ပြောသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျနော်တို့ကို ဧည့်ဝတ်ကျေပွန်မှု ရပါတယ်။ ဒါပေမယ့် မြန်မာက ကျနော်တို့ နိုင်ငံပါ။ ကျနော်တို့ မြန်မာနိုင်ငံကို ပြန်သွားချင်ပါတယ်။ ဒါပေမယ့် Al Yakin တွေက ကျနော်တို့ နေခဲ့တဲ့ နေရာတွေမှာ ပုန်းအောင်းနေကြတယ်။ တကယ်လို့ အစိုးရက ကျနော်တို့ကို စစ်တွေ သို့မဟုတ် ရန်ကုန်ကို ပြောင်းရွှေ့ဖို့ ကူညီမယ်ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံကို ပြန်ဖို့ အဆင်သင့်ပါပဲ” ဟု သူက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading