Religion

ပုပ်ရဟန်းမင်းကြီး ရိုဟင်ဂျာဟု သုံးနှုန်းမှာ မြန်မာခရစ်ယာန်အသိုင်းအဝိုင်း စိုးရိမ်နေ

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ၂၇ ရက်တွင် လာရောက်မည့် ပုပ်ရဟန်းမင်းကြီး၏ ၄ ရက်တာ မြန်မာခရီးစဉ် အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် “ရိုဟင်ဂျာ”ဟု သုံးနှုန်းမိလျှင် အမျိုးသားရေး အုပ်စုများ၏ တန်ပြန် တိုက်ခိုက်မှု ပြောဆိုမှုများ ခံရနိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာသည်။

ပုပ်ရဟန်းမင်းထံမှ အကယ်၍ ယင်း ကဲ့သို့ ပြောဆိုလာမည် ကိုလည်း မြန်မာနိုင်ငံ အတွင်းရှိ ကက်သလစ်ဘာသာရေး ခေါင်းဆောင်များ ကလည်း စိုးရိမ်မကင်း ဖြစ်လျက် ရှိကြောင်း၊ ပုပ်ရဟန်းမင်းကြီး၏ စကားအသုံးအနှုန်းကို ၎င်းတို့ အနေဖြင့် အလွန် သတိကြီးစွာဖြင့် စောင့်သွားမည် ဖြစ်ကြောင်းနှင့် စကားလုံး တလုံး မှားယွင်းသုံးစွဲမိလျှင် “တိုင်းပြည် ကသောင်းကနင်း ဖြစ်သွား နိုင်ကြောင်း” မြန်မာ ခရစ်ယာန် အသိုင်းအဝိုင်းက သတိပေးထားကြောင်း Christian Today သတင်းဌာနက ဖော်ပြထားသည်။

“အမှားအယွင်းတွေ အများကြီး ဖြစ်လာနိုင်စရာ ရှိလို့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ် အတွက် ကျနော်တို့ကို အင်မတန်မှ စိုးရိမ် ကြောင့်ကြ နေရပါတယ်” ဟု မြန်မာခရစ်ယာန် ဘုန်းတော်ကြီးများ၏ ဆက်သွယ်ရေး ဒါရိုက်တာ ဖာသာ မာရီယာနိုစိုးနိုင်က ပြောကြား ကြောင်း သတင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရိုဟင်ဂျာ ဆိုသူ ဘင်္ဂါလီများ ဘက်က ရပ်တည် မကာကွယ်ပေးမှုကြောင့် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ပုံကို ပြောရင်း “အကယ်၍များ မြင့်မြတ်တဲ့ ရဟန်းမင်းကြီးက သူ့မိန့်ခွန်းမှာ ရိုဟင်ဂျာလို့ ရည်ညွှန်း သုံးနှုန်းပြီး ထည့်ပြောမိရင် အမျိုးသားရေးအုပ်စုတွေက တုံ့ပြန်ကြမှာပါ။ ဒါဟာ သမိုင်းဝင်ပြဿနာ ဖြစ်ပြီး ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းဖို့ အချိန်အများကြီး ယူဖို့ လိုမှာပါ။ ကျနော်တို့ ဟိုဟာပဲ ဒီဟာပဲစသဖြင့် အပေါ်ယံသာ မပြောသင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါ့ကြောင့် နှုတ်ဆိတ်နေတာပါ” ဟု ၎င်းက ပြောကြားသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်နေခြင်းကို ခရစ်ယာန် ဘုန်းတော်ကြီးများ အနေဖြင့် နားလည်ကြောင်း Catholic News Service သို့ ပြောကြားကြောင်း သတင်းက ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်မှာ တစုံတရာ မှတ်ချက် ပေးပိုင်ခွင့် မရှိပါဘူး။ တပ်မတော်ကပဲ ဘာမဆို ဆုံးဖြတ်ဖို့ အခွင့်အာဏာ ရှိနေပါတယ်” ဟု ၎င်းက ကက်သလစ် သတင်း ဝန်ဆောင်မှုသို့ ပြောကြားသည်။ “တကမ္ဘာလုံးက သူ့ကို ဝိုင်းဝေဖန်ချင်ကြတယ်။ ဒီမိုကရေစီ အပြည့်ရဖို့ သူ့က တပ်အပေါ် ဝေဖန်စေချင်တယ်။ ဒါက သူ မနိုင်နိုင်တဲ့ တိုက်ပွဲပါ။ လူထုက သူ့နောက်မှာ ရှိတယ် ဆိုပေမယ့် ကြောက်မက်ဖွယ်ရာ သွေးထွက်သံယိုမှု တိုင်းပြည်ထဲမှာ ဖြစ်နိုငတယ်။ တတိုင်းပြည်လုံး သွေးချောင်းစီး သွားနိုင်တယ်။ တပ်ကတော့ လွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး။ သူမ ဒါကို ကောင်းကောင်းသိပါတယ်”

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများ တသန်းထက် မနည်း နေထိုင်ကြရာ စစ်သွေးကြွများက လုံခြုံရေး စခန်းများကို တိုက်ခိုက်ပြီးနောက် တပ်မတော်က တန်ပြန် ရှင်းလင်းရေး စစ်ဆင်ခဲ့ရာ ဘင်္ဂါလီ ၆ သိန်းထက် မနည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခိုလှုံသွားကြသည်။

သြဂုတ်လ ၂၅ ရက်က စစ်သွေးကြွများ ကနဦး တိုက်ခိုက်မှု အပေါ် ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာဆိုသူ ဘင်္ဂါလီများ ဘက်မှ ပြောဆိုခဲ့ပြီး ရောမမြို့ရှိ ဗာတီကန်မှ ဆုတောင်းမေတ္တာပို့ကြရန် ၎င်း ဘာသာဝင် များကို တိုက်တွန်းနှိုးဆော်ခဲ့သော သဘောထားမှတ်ချက်သည် မြန်မာနိုင်ငံတွင်း၌ မချင့်မရဲ ဖြစ်ပေါ်စေခဲ့ကြောင်း ဖာသာစိုးနိုင်က ပြောသည်။

“မြင့်မြတ်တဲ့ ရဟန်းမင်းကြီးက ကျနော်တို့ကို ရိုဟင်ဂျာတွေ အတွက် ဆုတောင်းခိုင်းတဲ့ အခါ လူထုက တကယ့်ကို စိတ်ဆိုးကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာဘက်က ရဲကင်းတွေ အတိုက်ခံရပြီး လူတွေ သေတယ်လေ။ ပုပ်ရဟန်းမင်းကြီးက ဒီ အကြမ်းဖက်တိုက်ခိုက်မှုကို မျက်ကွယ်ပြုပြီး လူတွေကို ရိုဟင်ဂျာ အတွက် ဆုတောင်းခိုင်းတယ်။ ဒီတိုင်းပြည်ထဲမှာ ဆင်းရဲဒုက္ခ ရောက်နေရှာတဲ့ ပြည်သူတွေကို သူ ဘာကြောင့် ချန်လှပ်ခဲ့တာပါလိမ့်။”

“ကျနော်တို့ ပြည်သူတွေက “ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရကို ကြားကို မကြားချင်တာဗျ။ ဒီဝေါဟာရကို ကျနော်တို့ တိုင်းပြည်မှာ သုံးနှုန်းခွင့် မပြုထားပါဘူး။ အကယ်၍ မြင့်မြတ်တဲ့ ရဟန်းမင်းကြီး ကြွလာပြီး ဒီပဋိပက္ခကို စပြောတာနဲ့ အမျိုးသားရေး သမားတွေက ပေါ်လာပြီး သူ့ကို ဆန့်ကျင်ကြတော့မှာ။ အဲဒီလို ဖြစ်မှာ ကျနော်တို့ စိုးရိမ်တယ်။ ဒါပေမယ့် မြင့်မြတ်တဲ့ ဖာသာကြီးက ဘာပြောသင့်တယ်၊ ဘာ မပြောသင့်ဘူး ဆိုတာ သူ နားလည်တယ် လို့ ကျနော်တို့ ယုံကြည်ပါတယ်။ သူ့ ဉာဏ်ပညာ ကြီးမှုကို ယုံကြည်ကိုးစားပါတယ်”ဟုလည်း ဖာသာစိုးနိုင်က ပြောဆိုသည်။

ပုပ်ရဟန်းမင်းကြီး ခရီးစဉ် အတွင်း မည်သည့် ဆိုးကျိုး မဆို ဖြစ်လာနိုင်စရာ ရှိကြောင်း၊ တိုင်းပြည် အတွင်းရှိ ကက်သလစ်ရော ပရိုတက်စတင့် ဘာသာဝင်တွေပါ ကြီးမားသော အရဲစွန့်မှုနှင့် အပြုသဘောဆောင်သည့် အကျိုးဖြစ်ထွန်းစေရေး ထမ်းရွက်ထားရသည့် အနေအထား ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ ဥက္ကဋ္ဌ ပက်ထရစ်လူးတုန်းကလည်း ပြောဆိုသည်။
“ယေဘုယျအားဖြင့် ပြည်သူတွေက ကက်သလစ်နဲ့ ပရိုတက်စတင့် ကွဲပြားမှုကို မသိကြပေမယ့် ပုပ်ရဟန်းမင်းကြီး လာတဲ့ အချိန်မှာတော့ ကက်သလစ်တင် မကဘဲ ခရစ်ယာန် အသိုင်းအဝိုင်း တခုလုံးအပေါ် သက်ရောက်မှု ရှိပါတယ်။ တခုခု အမှား အယွင်း ဖြစ်ရင်တော့ ကက်သလစ်ဘာသာဝင်တွေပဲ ခံစားရမှာ မဟုတ်ပါဘူး”

“ဗုဒ္ဓဘာသာဝင် အများစုက မွတ်စလင်တွေကို မယုံကြဘူး။ မွတ်စလင်တွေကလည်း ဗုဒ္ဓဘာသာဝင်တွေကို မယုံကြဘူး။ အဲဒီလို အချိန်မျိုးမှာ နှစ်ဖက်စလုံးက ခရစ်ယာန်တွေကို အတိုင်းအတာတခုအထိ ယုံကြည်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ မွတ်စလင်တွေ ဘက်ကို မျက်နှာလိုက်တာမျိုး လုပ်မိတာ၊ ပြောမိတာ ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေက ကျနော်တို့နဲ့ ပတ်သက်ပြီး သင်္ကာမကင်းတာ ဖြစ်လာမှာပါ။ ကျနော်ပြောတဲ့ စကားတွေကို အင်မတန်မှ သတိထားရပါတယ်။ ဒါမှ မဟုတ်ရင် ကျနော်တို့ ခရစ်ယာန်တွေ ဒုတိယပစ်မှတ် ဖြစ်နိုင်လို့ပါ”ဟု ၎င်းက ပြောသည်။

ကက်သလစ် အပါအဝင် ခရစ်ယာန် အားလုံး အနေဖြင့် ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ဆောင်ရွက်ကြရေး ထက်ထက်သန်သန် ရှိနေကြကြောင်း အသင်းတော်များ ကောင်စီ ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားသည်။

“ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းကို ကက်သလစ် ဘာသာဝင် ၁ သိန်းလောက် လာရောက်နားထောင်ဖို့ ရှိပါတယ်။ အကြောင်းကတော့ ဒါဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံးခရီးစဉ်မို့ပါ။ ကက်သလစ် ဘာသာဝင်တွေ လိုအပ်တဲ့ အကူအညီတွေ ကျနော်တို့ကို ပြောပြီး ပါပြီ။ ဘုရားရှိခိုးကျောင်းတွေနဲ့ တခြားအဆောက်အဦတွေကိုလည်း တည်းခိုဖို့ ဖွင့်ထားပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတိုက်တွေကလည်း တည်းခိုဖို့ လက်ခံကြတာ အများကြီးပါ။ တချို့ကတော့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ်ကို အနုတ်လက္ခဏာ ဆောင်နိုင်တယ်လို့ ရှုမြင်ကြပေမယ့် ကျနော်ကတော့ ဘုရားသခင်က လူသား အားလုံး အပေါင်းလက္ခဏာ ဖန်တီးပေးမယ် လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကိုးကား။ ။ www.christiantoday.com

Did you find apk for android? You can find new Free Android Games and apps.
Loading