သတင်း

ဒုက္ခသည်ပို့ဆောင်ရေး နှောင့်နှေးအောင်လုပ်သည် ဟူသော စွပ်စွဲချက်ကို ဘင်္ဂလားဒေ့ရှ် ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတကာမှ ငွေကြေးအကူအညီရရန် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှောင့်နှေးအောင် လုပ်ဆောင်နေသည်ဟူသော စွပ်စွဲချက်ကို တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ်သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို ကောင်းစွာနားမလည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံးတာဝန်ရှိသူတဦးက ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် စစ်သွေးကြွများက ရဲကင်းများကို တိုက်ခိုက်ရာမှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများ ဖြစ်လာခဲ့ပြီးနောက် မွတ်ဆလင် ၆ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။

မြန်မာနိုင်ငံသည် ထိုသို့ထွက်ပြေးသူများကို ပြန်လည်လက်ခံရန် ပြင်ဆင်လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရနှင့် ဆွေးနွေးနေသည်။

ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှုရရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လွန်ခဲ့သောလက ၂ နိုင်ငံ သဘောတူခဲ့သော်လည်း ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးဆိုင်ရာ သဘောတူညီမှုမှာ မရသေးပေ။

မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံသို့ဒုက္ခ ပြန်လည်ပို့ဆောင်ရေး သဘောတူစာချုပ်ပါ သတ်မှတ်ချက်များအတိုင်း ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းကို အချိန်မရွေး စတင်ရန် အဆင်သင့်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြီးခဲ့သည့်အပတ်က ပြောဆိုခဲ့သည်။

“ကျနော်တို့ဘက်က အဆင်သင့်ဖြစ်ပေမယ့် တဘက်က သဘောမတူသေးတော့ လုပ်ငန်းကြန့်ကြာနေတယ်” ဟု ဦးဇော်ဌေးက ပြောပြီး မွတ်ဆလင် ဒုက္ခသည်များအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စခန်းများတည်ဆောက်ရန် နိုင်ငံတကာအသိုင်းအဝန်းက ဘင်္ဂလားဒေ့ရှ်ကို ဒေါ်လာသန်း ရာချီထောက်ပံ့နေကြောင်းနှင့် ထိုသို့ အထောက်အပံ့များ ရရှိနေမှုကြောင့် ဘင်္ဂလားဒေ့ရှ် အနေဖြင့် ဒုက္ခသည်များပြန်ပို့ရန် နှောင့်နှေးမှုနေရှိနိုင်ကြောင်းကို ဆက်စပ်ရှင်းပြသည်။

“လောလောဆယ် သူတို့က ဒေါ်လာသန်း ၄၀၀ လောက် ရထားတယ်။ ဒီလောက်ရနေတော့ ဒုက္ခသည်ပြန်ပို့တဲ့ အစီအစဉ်နှောင့်နှေးကြန့်ကြာမှာကို စိုးရိမ်ရတယ်” ဟု သူက မီဒီယာများကို ပြောခဲ့သည်။ “သူတို့နိုင်ငံတကာအကူအညီတွေ ရထားတယ်။ ဒီတော့ ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးမှာ တခြားစဉ်းစားစရာတွေရှိလာမှာ စိုးရတယ်” ဟုလည်း ပြောသည်။

ဦးဇော်ေဋ္ဌးအနေဖြင့် တစ်ဘက်ဘက်ကို အပြစ်တင်ခြင်း မဟုတ်။ ကြန့်ကြာနေမှာကို စိုးရိမ်လို့ပြောကြားခြင်းသာ ဖြစ်သည်ဟု ဧရာဝတီ ကို ပြောသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က စိစစ်မှုတွေ ပြုလုပ်နေတယ် ဆိုတာ နားလည်ပါတယ်။ ဒီကိစ္စက နှစ်နိုင်ငံလုံး သဘောတူညီချက် ရမှ Joint Committee တွေနဲ့ အခြား လုပ်ဆောင်ဖွယ်ရာတွေ ဆက်လက်လုပ် ဆောင်ရမှာပါ။ သဘောတူညီချက် ညှိနှိုင်းတဲ့အရေးမှာ ကြန့်ကြာနေလေလေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးလေလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား မြန်မြန်ဆန်ဆန် ဆွေးနွေးညှိနှိုင်းမှုတွေ အမြန်ဆုံး စတင်နိုင်ဖို့ မြန်မာနိုင်ငံဘက်က လိုလားပါတယ်” ဟု ဆိုသည်။

ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး ပထမအတွင်းဝန် ရီယဒ် ဟိုစိန်က “ဦးဇော်ဌေးက ဒီလုပ်ငန်းစဉ်ကို သိပ်သိပုံ မရဘူး” ဟု ဧရာဝတီသို့ သဘောထား မှတ်ချက်ပေးသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီး ဦးကျော်တင့်ဆွေထံ ဒုက္ခသည်ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သက်သော ပြင်ဆင်ထားသည့် စာတမ်းတစောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အောက်တိုဘာလ ၂ ရက်နေ့က ဒါကာတွင် ပေးအပ်ခဲ့ကြောင်းလည်း ရီယဒ် ဟိုစိန်က ရှင်းပြသည်။

ထိုမူကြမ်းကို မြန်မာနိုင်ငံက ပြင်ဆင်ပြီး အောက်တိုဘာလ ၂၀ ရက်နေ့တွင် ပြန်လည်ပေးအပ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်စစ်ဆေးနေသည်ဟုလည်း ပြောသည်။

လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ဒုက္ခသည်ပြန်လည်ခေါ်ယူရေး အစီအစဉ်အပြီးသတ်ရန် အောက်တိုဘာ လ ၂၄ ရက်နေ့က နေပြည်တော်တွင် ၂ နိုင်ငံပြည်ထဲရေးဝန်ကြီးများ သဘောတူခဲ့ကြသည်။ ထိုအစီအစဉ်အရ ဒုက္ခသည်ပြန်လည်ခေါ်ယူရေး စည်းကမ်းချက်များ ချမှတ်ရန် ပူးတွဲလုပ်ငန်းအဖွဲတခု ထူထောင်မည်ဖြစ်သည်။

“့ဆွေးနွေးနေတာတွေက မပြီးသေးဘူး။ ဒီအခြေအနေမှာ ဘယ်ဘက်ကိုပဲ အပြစ်တင်တင်မှားတယ်” ဟုလည်း ရီယဒ် ဟိုစိန်က မှတ်ချက်ပေးသည်။

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံဘက်မှ အရေးယူဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသော ကြီးမားလှသည့် လူသားချင်းစာနာမှု အကျပ်အတည်းကြောင့်သာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံတကာ အကူအညီ တောင်းခံရခြင်းဖြစ်သည်ဟုလည်း ရှင်းပြသည်။

ဒုက္ခသည်များကို ပြန်လည်နေရာချထားပြီး မြန်မာ့လူ့အဖွဲ့အစည်းတွင် ပြန်လည်ပေါင်းစည်းပေးရန် သဘောတူပါက မြန်မာနိုင်ငံအနေဖြင့် အလားတူ သို့မဟုတ် ထိုထက် များပြားသော အကူအညီများပင် ရနိုင်သည်ဟုလည်း ပြောဆိုသည်။

“ ဒါပေမယ့် ဒါက ရေရှည်မှာ အားလုံးအကျုံးဝင်တဲ့ အဖြေကိုရှာဖို့ မြန်မာနိုင်ငံ အနေနဲ့ တကယ်လုပ်ဖို့ ဆန္ဒ ရှိမရှိပေါ်မှာ မူတည်ပါတယ်” ဟုလည်း ရီယဒ် ဟိုစိန်က ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading