သတင်း

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှ ပစ်ခတ်မှု မြန်မာရဲတပ်ဖွဲ့ ကန့်ကွက်စာ ပေးပို့

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း မိုင်တိုင်အမှတ် ၄၅ နှင့် ၄၆ အကြား မြန်မာ – ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တွင် နိုဝင်ဘာလ ၅ ရက်နေ့က ပစ်ခတ်မှု ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရ်ှ နိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့အား မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ကန့်ကွက်စာ ပေးထားကြောင်း သတင်း ရရှိသည်။

ယင်းသို့ ကန့်ကွက်စာပေးရခြင်းမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဘက်ခြမ်းမှ မြန်မာနိုင်ငံဘက်တွင် လုံခြုံရေးအရ သွားလာ နေကြသော နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို လှမ်း၍ ပစ်ခတ်မှု ပြုလုပ်ခဲ့သည့်အတွက် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေးက “ ပစ်တာက ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်း အတွင်းထဲကနေ ပစ်တာဖြစ်တယ်။ အဲဒီတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲကို ဒီဘက်ကနေ ကန့်ကွက်စာပေးထားတယ်။ ဘင်္ဂလားဒေ့ရ်ှက စိစစ်ရမယ်။ ကျနော်တို့က ဖြစ်တဲ့နေရာကို မြေပုံညွန်း အတိအကျနဲ့ ပြောထားတယ်။ ဘင်္ဂလားဘက်ခြမ်း ပိုင်နက်ထဲကနေ ပစ်တာ ။ အဲဒီတော့ ညနေ ၅ ကျော် လောက်က ဖြစ်တာဆိုတော့ အဲဒီအချိန် အဲဒီနေရာမှာ သူတို့ ဘင်္ဂလား နယ်ခြားစောင့်တပ်ရှိလား။ မရှိဘူးဆိုရင် ဘယ်သူတွေ ရှိလဲ။ အဲဒီလို နှစ်နိုင်ငံ နယ်ခြားမှာ ဘယ်အဖွဲ့ကို လှုပ်ရှားခွင့်ပေးထားသလဲ။ ဒါကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန် စိစစ်ရမယ်။ ပြန်ရှင်းရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေနယ်မြေအပိုင် မိုင်တိုင်အမှတ် ၄၅ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲတပ်သားများဖြစ်သည့် မျိုးနိုင်၊ နိုင်ကိုကို၊ မျိုးမင်းနှင့် ထန်စွမ်းပြောင်းတို့ ၄ ဦးသည် နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနှစ် အချိန်က အောင်သပြေနယ်မြေရုံးမှ လစာထုတ်ပြီး ပြန်လာကြောင်း၊ မိုင်တိုင် ၄၆ ဆာလီတောင်ရွာ အနီး သို့အ ရောက်တွင် ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ် ခြံစည်းရုံးနှင့် ကိုက် ၁၀၀ ခန့် အကွာ ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်း တောင်တန်း ပေါ်မှ လက်နက်ကိုင် လူတစုက လက်နက်ငယ်များဖြင့် အချက် ၃၀ ကျော် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ရဲတပ်သား ထန်စွမ်းပြောင်းသည် ဆိုင်ကယ်ဖြင့် အောင်သပြေ နယ်မြေစခန်းသို့ သွားရောက်ပြီး စစ်ကူတောင်းခဲ့ကြောင်း၊ အောင်သပြေနယ်မြေမှူး နှင့်အဖွဲ့ အင်အား ၂၀ ကျော်တို့က အခင်း ဖြစ်ပွားသည့်နေရာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အောင်သပြေကျေးရွာမှလည်း သေနတ်သံများကို ကြားရကြောင်း ၊ လက်ရှိအခြေအနေအရ နယ်မြေအခြေအနေ စိုးရိမ်ရသည့်အတွက် ကျေးရွာသားများအနေဖြင့် သားငါးအရှာ ထွက်မည် ဆိုပါကလည်း ဝေးဝေးလံလံ မသွားကြရန် မှာကြားထားကြောင်း အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေဦးက ပြောသည်။

“ အခြေအနေကတော့ စိုးရိမ်ရတယ်။ အဲဒါနဲ့ ရွာသားတွေကိုလည်း ရွာပြင်ကို ထွက်ရင် တဦးတယောက် ခွဲပြီးတော့ မသွားကြဖို့ မှာကြားထားတယ်။ တကယ်လို့ စားစရာ မရှိလို့ မဖြစ်မနေ ငါးရှာ ၊ ဖားရှာ သွားကြမယ် ဆိုရင်လည်း ဝေးဝေး လံလံ မသွားဖို့ မှာထားပါတယ် ” ဟု ဦးသိန်းရွှေဦးက ဧရာဝတီသို့ ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရရှိမှုများ မရှိသလို လက်နက် ခဲယမ်း မီးကျောက်များ လည်း ပျောက်ဆုံးခြင်း မရှိကြောင်း ၊ ယင်းသို့ တဖက်နိုင်ငံဘက်ခြမ်း လက်နက်ကိုင် လူအုပ်စုမှ လှမ်း၍ ပစ်ခတ်ခဲ့မှုကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင် အချင်းချင်းလည်း နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး စကား အချေအတင် ပြောရမည်ဟု ဦးဇော်ဌေးက ဆက်လက် ပြောကြားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အောင်သပြေကျေးရွာနေ ဒိုင်းနက်တိုင်းရင်းသား ၄ ဦးသည် တောဝက် ခြေရာတွေ့၍ သားကောင် လိုက်လံ ရှာဖွေရာ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် အမှတ် ၄၆- ၄၇ အရောက်တွင် အကြမ်းဖက်သူ ၁၅ ဦးခန့်နှင့် ထိပ်တိုက် တွေ့ဆုံပြီး ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading