သတင်း

မွန် နှစ်ပါတီ ပေါင်းစည်းရေး အထောက်အကူဖြစ်ရန် အလွတ်သဘော တွေ့မည်

Want create site? Find Free WordPress Themes and plugins.

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ တို့က လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကြားခံအဖွဲ့အစည်းမပါဝင်ဘဲ ပါတီအချင်းချင်း အလွတ်သဘော တွေ့ဆုံဆွေးနွေးတော့မည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံနိုင်ရန် ပါတီနှစ်ဖွဲ့ မှ ဗဟိုအလုပ်အမှုဆောင် ၃ဦးစီ ရွေးချယ်ထားကာ တွေ့ဆုံဆွေးနွေး မှုများသည် ပါတီ နှစ်ခုကြားတွင် ယုံကြည်မှုများ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ နှစ်ပါတီ ပေါင်းစည်းရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယိတမက ဧရာဝတီသို့ ပြောသည်။

“နှစ်ပါတီပေါင်းစည်းရေးကို ဦးတည်ပြီးတော့ ကျနော်တို့ ၂ ဖက်ကိုယ်စားလှယ်တွေက အပြန်အလှန် တွေ့ဆုံကြပြီးတော့ အပြန်အလှန်ယုံကြည်မှု ရအောင် တည်ဆောက်မယ်။ တွေ့ဆုံရေး လမ်းကြောင်းကနေ တဆင့် အပြန်အလှန် ထိတွေ့ဆက်ဆံမှုတွေ ယုံကြည်မှုတွေ တည်ဆောက်ပြီးတော့ အပြန်အလှန် ယုံကြည်မှု ရှိလာမယ်။ နှစ်ပါတီပေါင်းစည်းရေး ဖြစ်လာဖို့ဆိုတာ အပြန်လှန် ယုံကြည်မှကတဆင့် ပေါင်းစည်းရေး ဆွေးနွေးပွဲ ဖြစ်လာလိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်တာပဲလေ ” ဟု ၎င်းကဆိုသည်။

ယခုပြုလုပ်မည့် ပါတီအချင်းချင်း အလွတ်သဘော တွေ့ဆုံမှုသည် နှစ်ပါတီပေါင်းစည်းရေးကို အထောက်အကူဖြစ်စေသည့် တွေ့ဆုံမှု ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မှ တွဲဘက် အတွင်းရေးမှူး ၁ နိုင်စံတင်ကလည်း ရှင်းပြသည်။

“၈ ရက်နေ့မှာ ပါတီအချင်းချင်း အလွတ်သဘောတွေ့ဆုံဆွေးနွေးမှာပါ။ အကြောင်းအရာတွေကလည်း အများကြီးရှိမှာပေါ့။ ဆွေးနွေးပြီးမှပဲ ပြောလို့ကောင်းမှာပါ။ ပူးပေါင်းဆောင်ရွက်ပြီးတော့ဆိုတော့ ပေါင်းတီပေါင်းစည်းရေးနဲ့ သက်ဆိုင် နေတာပေါ့” ဟု ၎င်းက ဆိုသည်။

မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ပါတီတို့ ပေါင်းစည်း နိုင်ရေး အတွက် သံဃာတော်များ နှင့် မွန်ပြည်သူလူထု များပါဝင်သည့် မွန်နှစ်ပါတီ ပေါင်းစည်းရေး ညှိနှိုင်း အဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်း ခဲ့ပြီး ပါတီပေါင်းစည်းရေး အတွက် လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်သဖြင့် ၂၀၁၃ ခုနှစ် စက်တင်ဘာတွင် ပေါင်းစည်းရေး အဖွဲ့အား ရုပ်သိမ်းခဲ့သည်။

ထို့နောက်တွင် မွန်ပါတီ ၂ ဖွဲ့ကို ပေါင်းစည်းပေးရန် အတွက် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှု တည်ဆောက်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော်လည်း ၂၀၁၇ ခုနှစ် မတ်လတွင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များ အဆုံးသတ် ပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့တွင် ပါဝင်ခဲ့သူများက တရားဝင်ပြောဆိုခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading