သတင်း

အူရီဒူးမှ မြို့နယ်ပေါင်း ၂၀၀ ကျော် 4G ကွန်ရက် တိုးချဲ့ဖြန့်ကြက်မည်

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာ တခုဖြစ်တဲ့ အူရီဒူးမှ ယခုနှစ်အကုန်မှာ 4G ကွန်ရက်ကို တိုးချဲ့ဖြန့်ကြက်ပြီး ဝန်ဆောင်မှုပေးသွားမယ်လို့ ယနေ့၊ နိုဝင်ဘာလ ၆ ရက်နေ့၊ ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဖြန့်ကြက်သွားမယ့် 4G ကွန်ရက်ကို ယခုနှစ်၊ ၂၀၁၇ ခုနှစ် အကုန် မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၂၀၀ ရှိ လူဦးရေ ၁၅ သန်းကျော် အသုံးပြုနိုင်အောင် ပေးအပ်သွားမှာဖြစ်ပြီး 4G ကွန်ရက်ကို အသုံးပြုပြီး အဆင့်မြှင့်တင်ထားတဲ့ 4G Pro ကွန်ရက် ဝန်ဆောင်မှုပါ ပေးသွားမယ်လို့ သိရပါတယ်။

4G Pro ကွန်ရက်ဟာ မိုဘိုင်းမှတဆင့် အင်တာနက် သုံးတဲ့အခါ မူလ 4G ကွန်ရက်ထက် ၃ ဆ ပိုမို မြန်ဆန်တဲ့ ၅၀၀ Mbps (မီဂါဗိုက်) အထိ မြန်တဲ့ မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ဖြစ်ပါတယ်။

 

“အူရီဒူးအနေနဲ့ မြန်မာနိုင်ငံကို စဝင်လာကတည်းကိုက 3G အင်တာနက်နဲ့ စတင် ဝင်လာပြီး ၂၀၁၆ ခုနှစ်၊ မေလမှာ မြို့နယ် ၃၃ မြို့ကို 4G ကွန်ရက် အင်တာနက် ဖြန့်ကြက်ခဲ့ပါတယ်။ အခု ကျနော်တို့ အောက်တိုဘာလမှာဆိုရင် မြို့နယ်ပေါင်း ၈၁ မြို့နယ်ကို ဖြန့်ကြက်ထားပြီး ဒီနှစ်ကုန် ၂၀၁၇ ခုနှစ် အကုန်မှာ အကြီးမားဆုံး အကျယ်ပြန့်ဆုံး 4G အင်တာနက်ကို မြို့နယ်ပေါင်း ၂၀၀ ကို ဖြန့်ကြက်မှာ ဖြစ်ပါတယ်” လို့ Ooredoo Myanmar ရဲ့ CEO ဖြစ်သူ Mr.Vikram Sinha က ပြောပါတယ်။

ဆက်လက်ပြီး “4G Pro ဆိုတာက 4G ထက် အဆပေါင်း ၃ ဆ မြန်ဆန်တဲ့ အင်တာနက် ဝန်ဆောင်မှု ဖြစ်ပါတယ်။ ၅၀၀ Mbps အထိ Speed ရှိမယ်။ Live Streaming တွေ ကြည့်လို့ရမယ်။ Game တွေ ဆော့လို့ ရမယ်။ သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကိုလည်း အများကြီး တိုးတက်စေမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် 5G ကွန်ရက် ပေါ်ထွက်လာဖို့လည်း တစတစ ပြောင်းလဲတိုးတက်လာမှာ ဖြစ်ပါတယ်” လို့ Mr.Vikram က ပြောပါတယ်။

 

အူရီဒူးမှ အဆိုပါ 4G ကွန်ရက် တိုးချဲ့ ဖြန့်ကြက်မှုများအတွက် Nokia နှင့် ZTE ကုမ္ပဏီတို့နဲ့အတူ သဘောတူညီနားလည်မှု စာချွန်လွှာ MoU (Memorandum of Understanding) လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ ကွန်ရက် ချိတ်ဆက်ခြင်း လုပ်ငန်းများကို Nokia နှင့် ZTE ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အူရီဒူးရဲ့ နည်းပညာအဆင့်မြင့်ထားတဲ့ ကွန်ရက်ဟာ 4×4 MIMO နည်းပညာကို 256 QAM နည်းပညာနဲ့ License Assisted Access (LAA) နည်းပညာတို့နဲ့ စုစည်းပေါင်းစပ်ထားတာကြောင့် Download နှုန်း ၅၀၀ Mbps အထိ ရရှိနိုင်မှာဖြစ်ပြီး ၂ဝ၁၈ အစပိုင်းမှာ ဝန်ဆောင်မှု စတင် ရရှိမယ်လို့ သိရပါတယ်။

Loading