သတင်း

“ဝ” ၊ မိုင်းလား အဖွဲ့ နှင့် အစိုးရ ကိုယ်စားလှယ်များ နိုဝင်ဘာ ဒုတိယ အပတ်တွင် တွေ့ဆုံရန်ရှိ

Want create site? Find Free WordPress Themes and plugins.

“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ မိုင်းလား အဖွဲ့ (NDAA) ခေါင်းဆောင်များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ နိုဝင်ဘာ ဒုတိယအပတ်တွင် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။

အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ဒုတိယအပတ်တွင် UWSA ဌာနချုပ် ပန်းဆန်းမြို့သို့ လာရောက်ကာ UWSA မှ ခေါင်းဆောင်များကို တွေ့ဆုံမည်ဖြစ်ပြီး ထိုမှတဆင့် မိုင်းလားမြို့သို့ သွားရောက်၍ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA) မှ ခေါင်းဆောင်များကို တွေ့ဆုံမည် ဖြစ်ကြောင်း UWSA က ပြော သည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက“ဘာတွေ ဆွေးနွေးမယ် ဆိုတာတော့ အသေးစိတ်တော့ မသိဘူး။ သူတို့ ဌာနချုပ်နဲ့ ညှိနှိုင်းတာဆိုတော့ ကျနော်လည်း အသေးစိတ်မသိရဘူး။ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့၊ ငြိမ်းချမ်းရေး ကော်မရှင်က ကိုယ်စားလှယ်တွေ ပါကြမယ်။ အယောက် ၂၀ လောက်တော့ ပါတယ်။ ရက် အတိအကျ တော့ သူတို့အကြောင်းကြား လာတာတော့ ရှိတယ်။ ဒါပေမယ့် ကျနော် မပြောလိုဘူး။ လုံခြုံရေးအရ မပြောတာပါ”ဟု ပြောပြသည်။

အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးအောင်စိုးက UWSA ၊ NDAA နှင့် အစိုးရကြား အရင် ကတည်းက ငြိမ်းချမ်းရေး ရယူထားပြီး ဖြစ်ရာ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆိုင်ရာများကိုလည်း ဆွေးနွေး နိုင်ကြောင်း ပြောဆိုသည်။

“ ၈ ရက်(နိုဝင်ဘာ ၈ ရက်)နေ့ နောက်ပိုင်း တွေ့ဖြစ်လိမ့်မယ်လို့ ထင်တယ်။ ဘယ်လို အကြောင်းအရာတွေ ဆွေးနွေး မလဲ ဆို ကျနော်တို့ ထင်တယ်။ ငြိမ်းချမ်းရေးရော၊ နိုင်ငံရေးရော။ “ဝ” ၊ မိုင်းလားနဲ့ ကျနော်တို့က အရင်ကတည်းက ငြိမ်းချမ်းရေးက ရှိနေပြီးသားလေ၊ ကျန်တာတော့ သူတို့ လမ်းကြောင်းအတိုင်းပဲ ညှိနှိုင်းကြမယ်လို့ အဲ့ဒီလိုပဲ ယူဆပါ တယ်”ဟုလည်း ဦးအောင်စိုးက ပြောသည်။

UWSA ဘက်ကမူ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ကိစ္စများကို တဖွဲ့တည်းဖြင့် မဆွေးနွေးဘဲ အဖွဲ့ဝင် ၇ ဖွဲ့ပါသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အနေဖြင့်သာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြော ဆို ထားသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေး ၊ မူးယစ်ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေး၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကိုသာ ဆွေးနွေးသွားရန် ရှိကြောင်း UWSA ဘက်မှ သိရသည်။

UWSA သည် NDAA ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ၊ ရက္ခိုင့် တပ် မတော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပါဝင်သော FPNCC ကို ဖွဲ့စည်းထားသည်။

ထို FPNCC သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရဲစဲရေး သဘောတူ စာချုပ် (NCA) မထိုးရန်၊ စာချုပ် အသစ် ဖော် ဆောင် ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးဘဲ ၇ ဖွဲ့ စလုံး ပါဝင်သည့် FPNCC နှင့်သာ ဆွေးနွေးရန် စသဖြင့် မူဝါဒကို ချမှတ် ထားသည်။

အစိုးရဘက်ကမူ FPNCC ကို အသိအမှတ် မပြုကြောင်း၊ FPNCC ကို ဆွေးနွေးရန် မရှိကြောင်း၊ FPNCC ပါအဖွဲ့ များ ထဲ မှ ၃ ဖွဲ့တစု ၄ ဖွဲ့တစု ဆွေးနွေးနိုင်သကဲ့သို့ တဖွဲ့ချင်းလည်း ဆွေးနွေးနိုင်ကြောင်း ပြောဆိုထားသည်။

ယခု တွေ့ဆုံရေး သွားရောက်မည့် အစိုးရ ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင် စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ရဲအောင်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် ငြိမ်းချမ်းရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင် ဦးအောင်စိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ လိုက်ပါလာကြမည် ဖြစ်ကြောင်း သိရ သည်။

အလားတူ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အပါအဝင် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနတို့မှ ဒုညွန်ကြားရေးမှူးချုပ် များလည်း လိုက်ပါလာကြမည် ဖြစ်ကြောင်း UWSA ဘက် က ပြောသည်။

၂၀၁၆ ခုနှစ် ဇူလိုင်လက နေပြည်တော်သို့ UWSA မှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ လေ့လာရေး ခရီး အဖြစ် လာရောက်ခဲ့ ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသေးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading