သတင်း

တရုတ်အပါအဝင် ကုလလုံခြုံရေးကောင်စီ ရခိုင်အရေး မြန်မာကို ရှုတ်ချ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကို ထိန်းချုပ်ရန်နှင့် တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာဟုဆိုသည့် ဘင်္ဂလီမွတ်ဆလင်များကို ပြန်လည်လက်ခံရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အင်္ဂ ါနေ့က တိုက်တွန်းလိုက်ကြောင်း နယူးယောက်မှ လာသော သတင်းများအရ သိရသည်။

ပစ်ခတ်နှိမ်နင်းမှုများကြောင့် ဒုက္ခသည် ၆ သိန်းထက်မနည်း နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခဲ့မှုကို လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်သော ကြေညာချက်ကို တရုတ်နိုင်ငံအပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးက သဘောတူညီကြောင်း ဆိုသည်။

ဒုက္ခသည်များအား သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုများ မီးရှို့ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် လုံခြုံရေးကောင်စီက စိုးရိမ်မကင်းဖြစ်မိကြောင်း ၎င်းကြေညာချက်က ဆက်လက်ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် စစ်အင်အား အလွန်အကျွံ သုံးစွဲခြင်းအား ထိန်းချုပ်ရန်၊ တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ရန်နှင့် အရပ်ဘက် အုပ်ချုပ်မှုပြန်လည်ထားရှိရန်တို့ကို ၎င်းကြေညာချက်တွင် လုံခြုံရေးကောင်စီက မြန်မာအစိုးရကို တောင်းဆိုထားသည်။

အဆိုပါကြေညာချက်ပါရှိသည့် တောင်းဆိုချက် မူကြမ်း အများစုကို ယခင်လက ဗြိတိန်နှင့်ပြင်သစ်တို့ တင်ပြခဲ့ကြသော်လည်း တရုတ်က ပယ်ချခဲ့ကြောင်း သိရသည်။ သို့သော် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ယခု ကြေညာချက်ကို ထုတ်ပြန်ရေး နောက်ဆုံးတွင် တရုတ်က သဘောတူခဲ့ကြောင်း သံတမန်များကို ကိုးကားပြီး သတင်းများက ရေးသည်။

ပြီးခဲ့သည့်သြဂုတ်လက တပ်မတော်ဘက်က စစ်သွေးကြွများကို ဖြိုခွင်းရှင်းလင်းမှုများကြောင့် ဒုက္ခသည် ၆ သိန်းထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရမှုအပေါ် ကုလသမဂ္ဂက လူမျိုးရေးသုတ်သင်မှုအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာမှုထောက်ပံ့ရေးဝန်ထမ်းများကို အပြည့်အ၀ ဝင်ရောက်လုပ်ကိုင်ခွင့်ပေးရန်နှင့် နိုင်ငံသား အပြည့်အဝဖြစ်မှု တန်းတူအခွင့်အရေးပေးခြင်းအားဖြင့် ယခု အကျပ်အတည်း၏ ရင်းမြစ်အကြောင်းတရားကို မြန်မာအစိုးရက ဖြေရှင်းရန်လည်း လုံခြုံရေးကောင်စီဝင်နိုင်ငံများက တောင်းဆိုထားသည်။

တရုတ်နိုင်ငံနှင့်ညှိနှိုင်းနေစဉ်အတွင်း နိုင်ငံသားအခွင့်အရေးကိစ္စ တောင်းဆိုရာတွင် ပျော့ပြောင်းစွာ သုံးနှုန်းရေးနှင့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး စုံစမ်းစစ်မည့် ကော်မရှင်ကို မြန်မာအစိုးရက လက်ခံရေးတို့ကို ကြေညာချက်တွင် အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ အဆိုပါကြေညာချက်တွင် ပိတ်ဆို့အရေးယူမည့်ကိစ္စ မပါဝင်ပေ။

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ရန် ကြေညာချက်က တိုက်တွန်းထားပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်က မြန်မာနိုင်ငံအရေး အကြံပေးပုဂ္ဂိုလ်ခန့်ထားပေးရန်လည်း ပါဝင်သည်။

ယခုသီတင်းပတ်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ အရှေ့တောင်အာရှ(အာဆီယံ)ထိပ်သီးအစည်းအဝေးသို့ အန်တိုနီယို ဂူတားရက် တက်ရောက်မည့်ကိစ္စကိုလည်း လုံခြုံရေးကောင်စီက သဘောတူသည်။

ယင်းထိပ်သီးအစည်းအဝေးတွင် ဒုက္ခသည်များအရေးကို ထိပ်တန်းဆွေးနွေးချက်အဖြစ် တင်ပြနိုင်မည်ဟု မျှော်လင့်ထားပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်မည်ဖြစ်သည်။ အမေရိကန်သမ္မတက နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်ကို ယခုလအကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လေ့လာရန် စေလွှတ်လိမ့်မည်ဖြစ်သည်။

တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စု ကွန်ဂရက်တွင် မြန်မာ့တပ်မတော်နှင့် အခြားသက်ဆိုင်သူများကို ရွေးချယ် ပိတ်ဆို့ဒဏ်ခတ်ရေးကို ချမှတ်နိုင်ရေး ကွန်ဂရက် အမတ်များက ကြိုးစားနေကြသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်လည်း အလားတူ ပိတ်ဆို့အရေးယူရေး လူ့အခွင့်အရေး အဖွဲ့များက လှုံ့ဆော်နေကြသည်။

“တရုတ်က ပယ်ချနေတာနဲ့ ရှေ့ဆက်ရမယ့် အလုပ်တွေ ပြန်ပေးစွဲ မခံဘူးဆိုတာ ကောင်စီအဖွဲ့ဝင်တွေ ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်ပါတယ်။ ဒီကိစ္စဆက်လုပ်ဖို့က ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေ၊ မြေပြင်က ပကတိအခြေအနေတွေနဲ့ ချပြပြီး မောင်းနှင်ရမှာပါ။ တရုတ်ကျေနပ်အောင် လုပ်ဖို့ မဟုတ်ပါဘူး” ဟု ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး အက်ရှာယာ ကူးမားက AFP သတင်းဌာနသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading