ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်များမှ စွန့်ပစ်မြေစာပုံများတွင် ရေမဆေးကျောက်ရှာသူများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များအကြား အငြင်းပွားမှု ဖြစ်ပွားကာ ရဲတပ်ဖွဲ့ဝင် တဦးနှင့် ရေမဆေးသမား နှစ်ဦး သေဆုံးသွားသည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ဒုရဲမှူးကြီး မျိုးသူရနောင် က ဧရာဝတီကို ပြောသည်။
ဒုရဲမှူးကြီး မျိုးသူရနောင် က “ဖြစ်စဉ်မှာ ကျနော်တို့ဆီကတော့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တယောက် သေဆုံးသွားတယ်။ ရေမဆေး ဘက်ကလည်း ၂ ယောက် သေဆုံးသွားပါတယ်။ တယောက်က အဲ့ဒီနေရာမှာပဲ သေဆုံးတာပါ။ တယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးတာပါ”ဟု ပြောသည်။
နိုဝင်ဘာလ ၆ ရက်၊ ညနေပိုင်းတွင် နမ့်မှော်ကျေးရွာအနီးရှိ ပတ္တမြားနဂါး ကျောက်မျက် ကုမ္ပဏီဝင်းအတွင်းသို့ ရေမဆေးသမားရှာဖွေသူ ခန့်မှန်းအင်အား ၅၀၀ ခန့် ဝင်ရောက်လာရာ ကုမ္ပဏီဝင်းအတွင်း လုံခြုံရေး ယူထားသည့် အမှတ်(၃၀) ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့သည်ဟုဆိုသည်။
သို့သော်လည်း ကုမ္ပဏီဝင်းအတွင်းသို့ ဆက်ဝင်လာသဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တဦးက သေနတ်ကို မိုးပေါ်ထောင်ပစ်ရာ ကျောက်ကမ်းပါးကို ထိပြီး ကျောက်စများက ရေမဆေးသမား တဦး၏ ဦးခေါင်းအနောက်ဘက်ကို မှန်ကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဒုရဲမှူးကြီး မျိုးသူရနောင်က ပြောသည်။
လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် ပျံ့နှံ့နေသည့် ရဲတပ်ဖွဲ့ဝင်မှ ရေမဆေးသမား၏ ဦးခေါင်းကို သေနတ် ဖြင့် ပစ်ခတ်လိုက်သည် ဆိုသည်မှာ မမှန်ကန်ကြောင်း၊ ပစ်လိုက်သည့် သေနတ်ကျည်ဆန်မှာ ကျောက်ကမ်းပါးကို ထိပြီး ကျောက်စများ လွင့်ကာ ဦးခေါင်းအနောက်ဘက်ကို ထိမှန်သဖြင့် ရေမဆေးသမား သေဆုံးရခြင်း ဖြစ်သည် ဟုလည်း ဒုရဲမှူးကြီး မျိုးသူရနောင်က ပြောသည်။
ရေမဆေးသမားတဦး သေဆုံးသွားပြီးနောက် ကျန်ရေမဆေးသမားများက သေနတ်ပစ်ဖောက်သည့် ဒုတပ်ကြပ်ကို ဝိုင်းရိုက်နှက်ရာ အရိုက်ခံရသည့် ဒုတပ်ကြပ်က သေနတ်ထပ်မံပစ်သဖြင့် ရေမဆေးသမားတဦး၏ ပေါင်ကို သေနတ် ကျည်ဆန် ထပ်မှန်သွားသည်ဟု သိရသည်။
ပေါင်ကို သေနတ်ကျည်ဆန်မှန်သည့် ရေမဆေးသမားနှင့် ရိုက်နှက်ခံရသည့် ဒုတပ်ကြပ်တို့ကို ဖားကန့်မြို့နယ်၊ ဆေးရုံသို့ ပို့ရာ ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး မျိုးသူရနောင်က ဆိုသည်။
“သေဆုံးသွားတဲ့ ဒုတပ်ကြပ်ကတော့ ရေမဆေးတွေက သူတို့ ရေမဆေးရှာတဲ့အခါမှာ အသုံးပြုတဲ့ စိန်တူတို့ ပေါက်တူး တွေနဲ့ ထုနှက်လို့ ဦးခေါင်းမှာ ဒဏ်ရာ ၄ ခု ရပြီးတော့ ဆေးရုံမှာ မနေ့ ညနေကပဲ သေဆုံးသွား တာပါ။ အခြားတပ်ဖွဲ့ဝင် ၈ ယောက်လောက်ကတော့ ပွန်းပဲ့ဒဏ်ရာ ရပါတယ်။ စိုးရိမ်စရာတော့ မရှိ ပါဘူး” ဟု ဒုရဲမှူးကြီး မျိုးသူရနောင် က ပြောသည်။
အခင်းဖြစ်ပွားရာတွင် ပါဝင်ပတ်သတ်နေသူများကို ဖားကန့်မြို့နယ်၊ ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်နေပြီ ဖြစ်ပြီး ဥပဒေအရ ဆောင်ရွက်သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။
ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်နေ ကျောက်အရောင်းအဝယ် လုပ်ကိုင်သူ ဦးအောင်ခင် က “ပြဿနာတိုင်းမှာ ရေမဆေးကပဲ မှန်တယ်။ ရဲကပဲ မှန်တယ် ပြောလို့ မရဘူး။ နှစ်ဖက်လုံး ချိတ် ချိတ်ခြင်း ချိတ်တာပဲ။ ရေမဆေးသမား တွေကလည်း စားဝတ် နေရေးကြောင့် ဆိုတော့ တခါတလေလည်း မဝင်ရတဲ့ ကုမ္ပဏီလုပ်ကွက်တွေထဲ ဝင်ကြတာ ရှိပါတယ်။ တခါတလေလည်း ရဲတွေက အနိုင်ကျင့်တာရှိပြန်တာပါပဲ ”ဟု ပြောသည်။
ဖားကန့်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှီလဆိုင်းက ကုမ္ပဏီလုပ်ကွက်များ၏ လုံခြုံရေးအတွက် အာဏာပိုင် များကို အကူအညီ တောင်းခံထားရာ ကုမ္ပဏီလုပ်ကွက်များတွင် စောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များ သီးသန့်ရှိပြီး ယခု ဖြစ်စဉ်သည် ရဲတပ်ဖွဲ့ဝင်နှင့် ရေမဆေးသမားများ အကြား နားလည်မှုလွဲပြီး ဖြစ်ပွားသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
“တရားဥပဒေ စိုးမိုးရေး အနေအထားကတော့ ဒီမှာ မရှိသလောက်လို့ ပြောရမယ်။ ဒီမှာ သတ္တုတွင်းနယ်မြေဆိုတဲ့ နေရာမှာ သတ္တုတွင်း အတွက်လား ပြည်သူ့အတွက်လားတော့ မသိဘူး။ တပ်မတော် ကလည်း တပ်မတခု၊ ရဲဆိုရင်လည်း မြို့နယ်ရဲအပြင် တိုက်ခိုက်ရေးရဲလို့ ခေါ်တဲ့ လုံထိန်းတွေလည်း သီးသန့်ရှိတယ်။ အဲ့လိုရှိလို့ ဥပဒေပိုင်းဆိုင်ရာမှာ စိတ်အေးရမယ် မဟုတ်ပါဘူး။ ရွှေ့ပြောင်းလုပ်သားတွေ များတော့ ဥပဒေစိုးမိုးမှုပိုင်း ဆိုင်ရာက မထိရောက်တဲ့ အပိုင်းတွေလည်း ရှိနေပါတယ်” ဟု ဦးဒါရှိလဆိုင်း က ပြောသည်။
ဆက်လက်ပြီး ဦးဒါရှီလဆိုင်းက မြန်မာနိုင်ငံတဝှမ်းရှိ ဒေသအသီးသီးတွင် အလုပ်အကိုင်အခွင့်အလမ်းများ မရှိသဖြင့် စားဝတ်နေရေးအတွက် ဖားကန့်ဒေသရှိ ရတနာနယ်မြေအတွင်းသို့ ရွှေ့ပြောင်းလုပ်သားအများအပြား ဝင်ရောက်ကာ အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ ဒေသအသီးသီးတွင် အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင် ပေးနိုင်ရန် လည်း လိုအပ်သည်ဟု ဆိုသည်။
အောက်တိုဘာလအတွင်းကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းရပ်ကွက်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးသမားများ အငြင်းပွားမှုဖြစ်ပွားပြီး ရေမဆေးသမား ၅ ဦး သေဆုံးထားသည်။
၂၀၁၅ ခုနှစ်၊ သတ္တုတွင်း ဝန်ကြီးဌာနက လွှတ်တော်တွင် ပြောဆိုချက်အရ ဖားကန့်မြို့နယ်အတွင်း ကုမ္ပဏ ၆၂၇ ခုကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၀ ကို အစိုးရနှင့် အကျိုးတူလုပ်ကွက် ၃၁၁ ကွက် ချထားပေးပြီး ကျောက်စိမ်း တူးဖော်ခွင့်ပြုထားသည်ဟု သိရသည်။
ကုမ္ပဏီများမှ ကျောက်စိမ်းတူးဖော် ရှာဖွေပြီး စွန့်ပစ်လိုက်သည့် မြေစာပုံများတွင် ရေမဆေးသမားများက ကျောက်စိမ်းတုံးများ ထပ်မံရှာဖွေကြပြီး ထိုအလုပ် လာရောက်လုပ်ကိုင်နေသူ ခန့်မှန်းခြေ ၂ သိန်းကျော် ရှိသည်ဟု ဒေသ အာဏာပိုင်များက ဧရာဝတီကို ပြောသည်။