သတင်း

ရပ်/ကျေး အုပ်ချုပ်ရေးမှူး အသစ်များ ပြန်လည် ရွေးချယ်ရန် သမ္မတရုံး ညွှန်ကြား

Want create site? Find Free WordPress Themes and plugins.

အသစ်ပြန်လည် ပြင်ဆင်ထားသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေအရ နိုင်ငံတော် သမ္မတ၏ သက်တမ်းနှင့် အညီ ဖြစ်စေရန် တနိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာ (ရပ်/ကျေး) အုပ်ချုပ်ရေးမှူးများကို အသစ်ပြန်လည် ရွေးချယ်ပေးရန် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို ညွှန်ကြားထားကြောင်း သမ္မတရုံးမှ သိရသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ရပ်ကျေးဥပဒေမှာ အုုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းပါတယ်။ အဲဒီမှာ နိုင်ငံတော် သမ္မတ၏ရာထူးသက်တမ်းအတိုင်း ဖြစ်သည်ဆိုပြီး ပါတယ်။ သမ္မတတယောက် တက်တိုင်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက လိုက်ပြီးတော့ ပြောင်းရမယ့် သဘောပဲ။ ဆိုလိုတာက ပြည်ထောင်စု ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ လည်း အဲဒီလိုပဲ”ဟု ပြောသည်။

တတိယအကြိမ် ပြင်ဆင်ထားသည့် ရပ်/ကျေး ဥပဒေ ပုဒ်မ ၉ တွင် “ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ သက်တမ်း သည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။ ယင်း၏ သက်တမ်းသည် တဆက်တည်း ၂ ကြိမ်ထက် မပိုစေရ။ သို့ရာတွင် အုပ်ချုပ်ရေးမှူး သက်တမ်း၏ ထက်ဝက်ထက် မပိုသော ကြားဖြတ် တာဝန် ယူသည့် ကာလကို ရာထူး သက်တမ်းတခုဟု မသတ်မှတ်ရ”ဟု ဖော်ပြထားသည်။

သမ္မတရုံးက ညွှန်ကြားချက် ပေးသော်လည်း ရပ်/ကျေး ဥပဒေမှာ နည်းဥပဒေ မရှိသေး၍ အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်၍ မရနိုင်သေးကြောင်း၊ ထို့အပြင် ယခုကိစ္စကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို တာဝန်မပေးဘဲ တိုင်း နှင့် ပြည်နယ် အစိုးရအဖွဲ့များကို တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိန်က ပြောသည်။

“သူ(သမ္မတရုံး)က ညွှန်ကြားချက်သာ ပေးထားတာ နည်းဥပဒေ မထုတ်ဘဲနဲ့ ရွေးလို့ မရဘူး။ ရပ်/ကျေး ဥပဒေ ရှိပေမယ့် နည်းဥပဒေ ထုတ်ပေးရဦးမယ်ဗျ။ ပြီးတော့ ကျနော်တို့ ထွေ/အုပ်တွေကို မလုပ်ခိုင်းဘူး။ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ကိုပဲ ညွှန်ကြားတာ။ ကျနော်တို့ လုပ်လို့ မရဘူး”ဟု ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ခံ ဦးကျော်စိန်က ပြောဆိုသည်။

ယခု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ရခြင်းသည် ရပ်/ကျေး ဥပဒေကို ပြင်ဆင်လိုက်၍ အသစ်ရွေးရခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး သက်တမ်းသည် သမ္မတ၏ သက်တမ်းနှင့်အညီ ဖြစ်ရမည် ဖြစ်ရာ နောက်ဆုံး ရွေးချယ်ခဲ့သည့် အကြိမ် သည် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်သော်လည်း ထိုအချိန်တွင် သမ္မတ ဦးထင်ကျော် တာဝန်မယူရသေးကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ပြောသည်။

“ရပ်/ကျေး ဥပဒေအရ အပြောင်းအလဲကြီးက အရမ်းကြီး မရှိဘူး။ ရပ်/ကျေး နည်းဥပဒေက ရှိပြီးသား။ ရွေးချယ်ပုံလည်း ရှိပြီးသား။ ဥပဒေက ပြင်ဆင်တာပဲရှိတယ်။ နည်းဥပဒေကို မပြင်ဆင်ထားဘူး။ ဥပဒေက ဖျက်ပြီး ပြောင်းတာမဟုတ်ဘူး။ အရင်နည်းဥပဒေ အတိုင်း လုပ်လို့ရတယ်”ဟု ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောဆိုသည်။

ရန်ကုန်တိုင်းမြောက်ဒဂုံ မြို့နယ်တွင်မူ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက် သောကြာနေ့က မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေးမှူးများကို ခေါ်ယူပြီး အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရန် ညွှန်ကြားချက် ပေးထားကြောင်း၊ ၁ လ အတွင်း အပြီးသတ်မည့် သဘောရှိကြောင်း၊ ရပ်ကွက်အတွင်း မြေယာကိစ္စ အရှုပ်အရှင်း ရှိသူများကို မရွေးချယ်မိစေရန် အာဏာရ NLD ပါတီက သတိပေးမှုများ ရှိကြောင်း မြောက်ဒဂုံမြို့ခံ ဦးမြင့်ဇော်ကလည်း ပြောသည်။

စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ ကလည်း “အရင်ကကြီးကြပ်ရေးအဖွဲ့ကို ကျနော်တို့ ထွေအုပ်က ရွေးတယ်။ အခု ပြည်သူက ရွေးတယ်။ ပြည်သူက ရွေးလာတာကို ကျနော်တို့က ဥပဒေနဲ့ညီ၊ မညီ စိစစ်ပေးလိုက်တယ်။ ပြည်သူရဲ့ ရွေးချယ်မှုကို အခုတခေါက် ဦးစားပေးထားတယ်။ ကျနော်တို့စိစစ်ပြီးရင် ခရိုင်ထွေအုပ်က အတည်ပြုပေးတာ။ အဓိက ကွာခြားတာကတော့ ပြည်သူတွေမှာ ရွေးချယ်ခွင့် ပိုရှိလာတယ်”ဟု ပြောပြသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများကို ၂၀၁၂ ခုနှစ်တွင် တကြိမ်၊ ၂၀၁၆ ခုနှစ်တွင် တကြိမ် ၂ ကြိမ် ကျင်းပခဲ့ရာ ယင်း ၂ ကြိမ်စလုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် တာဝန်ပေးအပ် ခံရသူများသည် ယခုကျင်းပမည့် အကြိမ်တွင် ဥပဒေအရ ဝင်ရောက် အရွေးခံပိုင်ခွင့် မရှိတော့ကြောင်း ဗဟန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။

“အမှန်က ၂၀၁၆ မှာရွေးချယ်ပွဲ မလုပ်သင့်တော့ဘူး။ ဦးသိန်းစိန် အစိုးရက သူဆင်းခါနီးလေးမှာ ကပ်လုပ်သွားတယ်။ တို့ အစိုးရ လက်ထက်မှာ ဥပဒေကလည်း ပြင်လိုက်တော့ အသစ်ထပ်လုပ်ဖို့ ဖြစ်သွားတာ။ အသစ် အကုန်ပြန်ရွေးခိုင်းတဲ့ သဘောပဲ”ဟုလည်း ၎င်းက ဆိုသည်။

ယခင်က ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့် မရှိဘဲ ဆယ်အိမ်စု ကိုယ်စားလှယ်များက တဆင့် ရွေးချယ်ခြင်း ဖြစ်ပြီး ယခုအခါတွင် တအိမ်ထောင်စုလျှင် အိမ်ထောင်ဦးစီး တဦး၏ မဲဖြင့် တိုက်ရိုက် ရွေးချယ်ခွင့် ရှိလာမည် ဖြစ်ကြောင်း၊ ဒိုင်လူကြီး လုပ်ရမည့် ကြီးကြပ်ရေးအဖွဲ့ကိုလည်း ပြည်သူကပင် ရွေးချယ်ရမည့် စနစ်ဖြစ်ကြောင်း သိရသည်။

တိုင်းပြည်တွင် ပြည်သူလူထုကို တိုက်ရိုက်ထိတွေ့ အုပ်ချုပ်ရသည်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ဖြစ်၍ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ကောင်းများ ရရှိရန် အရေးကြီးကြောင်း၊ လွှတ်တော် ဖွံ့ဖြိုးရေး သိန်းတထောင် ရန်ပုံငွေ ကိစ္စ၊ အလှူခံ အသံချဲ့စက် ဖွင့်ခြင်းနှင့် မြေယာ အမှုအခင်းများစွာကိုပါ ဆောင်ရွက်နေရသူများ ဖြစ်၍ တကယ် လုပ်နိုင်သည့်သူများ ဖြစ်စေချင်ကြောင်း ထန်းတပင် အမတ် ဦးနေမျိုးထွန်းက ပြောသည်။

“ကျနော့်ဒေသက အုပ်ချုပ်ရေးမှူး တယောက်ဆို တော်တယ်။ ရပ်ရွာမှာ ဆေးခန်းလေးတခု ရအောင် ကြိုးစားခိုင်းတယ်။ သူကလည်း မြို့နယ် ဆရာဝန်ကြီးကို သွားမေး။ အချက်အလက်တွေ စုပေးတာ။ ကျနော်ကလည်း လွှတ်တော်မှာ ကြယ်ပွင့် မပြ မေးလိုက်တာ။ မြေနေရာ ရသွားရော။ နောက်လမ်းပါ ဆက်ပြီးရသွားတယ်”ဟု ဦးနေမျိုးထွန်းက ပြောပြသည်။

၎င်းက ဆက်၍ “သူ့ဒေသ ဖွံ့ဖြိုးရေးအတွက် သူက အဲဒီလိုလုပ်တဲ့ အတွက် ပြည်သူတွေအတွက် အကျိုးရှိတယ်။ အုပ်ချုပ် ရေးမှူးကို ရပ်ရွာကလည်း ချစ်တယ်။ ကိုယ်စားလှယ်နဲ့ ထိတွေ့ပြီးလုပ်လို့။ ကျနော်တို့ ကိုယ်တိုင်လည်း လုပ်ရကိုင်ရတာ အားရှိတယ်။ ကျနော်တို့မြို့နယ်မှာ ၅၉ အုပ်စုရှိတယ်။ ၅၉ ယောက်စလုံးသာ အဲဒီလို စိတ်ဓာတ် ရှိသူတွေ တက်လာရင် ပွဲကပြီးပြီ”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading