မန္တလေးမြို့ အောင်မြေသာစံမြို့နယ် သီရိမန္တလာကားကွင်းသို့ လာရောက်သည့် ခရီးသည် ၇ဦးထံမှ အုပ်စုဖွဲ့ ခြိမ်းခြောက် ငွေတောင်းသူများထဲက တဦးကို မြို့တော်စည်ပင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
နိုဝင်ဘာ ၇ရက် နံနက် ၅နာရီခန့်က မူဆယ်မြို့မှ သပိတ်ကျင်းမြို့ တွင်းငယ်ရွာသို့ သွားရောက်ရန် သီရိမန္တလာကွင်းသို့ ရောက်ရှိလာသည့် ခရီးသည် ၇ဦးကို ကားလက်မှတ် ဝယ်ပေးမည်ဆိုကာ လူ ၃ ဦးက လိုက်ထရပ်ကားဖြင့် ၇၇လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ကားဂိတ်တခုသို့ ခေါ်ဆောင်ကာ အုပ်စုဖြင့် ခြိမ်းခြောက်၍ ယာဉ်ငှားခ မတန်တဆ တောင်းယူပြီး ခရီး သည်အိတ်ထဲမှ ငွေများနှိုက်ယူခဲ့ကြောင်း သိရသည်။
“ရောက်လာတဲ့ ခရီးသည်ကားတွေကို ကားကွင်းထဲဝင်ဖို့ အာရုံထားနေချိန်မှာ တခြားဘက်က ဖြစ်သွား တယ်။သူတို့ အုပ်စု လိုက်နဲ့ ခရီးသည် ၇ ဦးကို ခြိမ်းခြောက်ပြီး အိတ်တွေရှာကြ ငွေယူကြတယ်၊ ၅ ယောက်ထက်ကျော်ရင် ဓါးပြမှုနဲ့တောင် တရားစွဲလို့ရပါတယ်”ဟု ရဲအုပ် ကျော်မျိုးနိုင်ကပြောသည်။
အဆိုပါဖမ်းဆီးရမိသူမှာ အောင်မြေသာစံမြို့နယ်နေ စိုင်းမောင်(ခ ) စိုးထိုက်မောင် ၃၂ နှစ်နှင့် မန်းဝင်း (စိစစ်ဆဲ)တို့ဖြစ်ပြီး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂/၁၁၄ အရ အမှုဖွင့်အရေးယူထားကြောင်း၊ ကွင်းဆက် တရားခံများကိုလည်း ဆက်လက် ဖော်ထုတ် အရေးယူမည်ဟု သိရသည်။
ခြိမ်းခြောက်ငွေတောင်းခံရသူ ခရီးသည် ကိုအောင်ကျော်မိုးကလည်း “ကားနဲ့ ခေါ်သွားပြီး အဲဒီရောက်တော့ လက်မှတ်ဝယ် ခိုင်းတယ်၊ ပြီးတော့ တက္ကစီက တယောက်ကို တသောင်းခွဲ တောင်းတယ်။ တသောင်းထားပါလို့ပြောတော့ မင်းတို့က မိုက်လို့လားဆိုပြီး ကျနော် ပိုက်ဆံအိတ် လုယူသွားတယ်။ ပြီးတော့ ဒီကားကွင်းကိုပြန်ခေါ်လာတယ်။ ကားခနဲ့ တက္ကစီခ အသွားအပြန်ပေး လိုက်ရတယ်”ဟုပြောသည်။
အဆိုပါ လိုက်ထရပ်ကားဖြင့် ခေါ်ဆောင်လာသူများနှင့် ခရီးသည် ၇ဦး စကားများကြရာ ခေါ်ဆောင် လာသူများက ၎င်းတို့ နှင့် ဆက်စပ်သူများအား ဖုန်းဆက်၍ ခေါ်ရာ ဆိုင်ကယ်အုပ်စု ရောက်လာ ကြောင်း ကားလက်မှတ် တစောင် ၅၅၀၀ကျပ်၊ တက္ကစီခအဖြစ် တဦးလျှင် အသွားအပြန် ကျပ် ၂သောင်းပေးရပြီး စုစုပေါင်း ကျပ် ၁သိန်း ၈သောင်းကျော် ပေးလိုက်ရကြောင်း သိရသည်။
“နှစ်ထောင်တန်တဲ့ခရီးကို သောင်းဂဏန်း တောင်းတယ်။ ၇၇ လမ်းနဲ့ဆိုရင် တက္ကစီခ က အလွန်ဆုံး ၂၀၀၀ကျပ်ပဲ၊ တကယ်တော့ အဲဒီ ကားလက်မှတ်ရောင်းတဲ့နေရာက တရားဝင်လည်းမဟုတ်သလို ကားလဲမရှိဘူး။ ယာဉ်စီးခ ဆို တာ သူတို့ပါးစပ်ထဲမှာပဲ။ ခရီးသည်အိတ်ထဲက ပစ္စည်းငွေကြေးနှိုက် ယူထားတယ်၊ လုယက်တဲ့ ပုံစံတွေလုပ်လာတော့ ဒါကို ဖေါ်ထုတ်တာ”ဟု သီရိမန္တလာကားကွင်း စည်းကမ်းထိန်းသိမ်းရေး ဥက္ကဌဦးတင်စိုးက ပြောသည်။
အဆိုပါဖြစ်စဉ်များမှာ မန္တလေးမြို့သို့ နံနက်အစောပိုင်း ၂နာရီဝန်းကျင်အချိန်တွင် ဆိုက်ရောက်လာ သည့် ယာဉ်လိုင်းများမှ ခရီးသည်များအနက် အခြားတိုင်းနှင့် ပြည်နယ်များသို့ ဆက်လက်ထွက်ခွာ မည့် ခရီးသည်များအား မရိုးသားသော ဆိုင်ကယ်ကယ်ရီများနှင့် အငှားယာဉ်မောင်းများက လက်မှတ်နှင့် ပို့ဆောင်ခများကို မတန်တဆ အနိုင်ကျင့် တောင်းယူနေခြင်းသိရသည်။
“ခရီးသွားတွေ အနေနဲ့လည်း အချိန်မတော်မှ ရောက်လာရင် ကားကွင်းထဲအထိ လိုက်လာသင့်တယ်၊ ယာဉ်လိုင်းတွေက လည်း ခရီးသွားတွေကို ကားကွင်းထဲမှာပဲ ချပေးသင့်တယ်၊ ကားကွင်းထဲမှာဆိုရင် နယ်မြေရဲ၊ စည်ပင်ရဲနဲ့ ကားကွင်း ဝန်ထမ်းတွေလည်း ရှိသလို ခရီးသွားတွေ နားနေဖို့ ထိုင်ခုံတွေနဲ့ နားနေဆောင်တွေလည်းရှိတော့ လုံခြုံတယ်၊ ခရီးဆက် သွားမယ်ဆိုရင်လည်း စိတ်ချလက်ချ ဆက်သွားလို့ရအောင် စိတ်ချရတဲ့ ကယ်ရီသမားတွေနဲ့ အငှားကားတွေကို ခေါ်နိုင် တယ်”ဟု မန္တလေးမြို့တော်စည်ပင်ရဲတပ်ဖွဲ့မှ ရဲမှူး ချမ်းငြိမ်းအောင်ပြောသည်။
မြို့တော်စည်ပင်သာယာ ရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ကားကွင်းများမှ စည်းကမ်းထိန်းသိမ်းရေး ကော်မတီတို့ ပူးပေါင်း၍ ခရီးသည် ယာဉ်များ ကားကွင်းအတွင်း ဆိုက်ရောက်ရန်၊ ခရီးသည်များ စိတ်ချမ်းသာစွာဖြင့် အနှောက်အယှက်ကင်းစွာ သွားလာနိုင်ရေးတို့အတွက် အောက်တိုဘာ တတိယ ပတ် မှစတင်ပြီး နေ့/ည တာဝန်များဖြင့် အထူးဆောင်ရွက်ကာ ဖေါ်ထုတ် အရေးယူမှုများ လုပ် ဆောင်နေကြောင်းသိရသည်။
“အခုနောက်ပိုင်း ကားကွင်းတွေမှာ မန္တလေးကနေတဆင့် ဆက်ခရီးသွားမယ့်သူတွေကို မသမာနည်း လမ်းတွေနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်ငွေညစ်နေတာမျိုးတွေ မကြာခဏကြားနေရတယ်၊ အဖြစ်များတာ ကတော့ ကျွဲဆည်ကန်ကနေ သီရိမန္တလာ ကားကွင်းကို တဆင့်ပြောင်းရမယ့် ခရီးသည်တွေ အများဆုံး ပဲ၊ ဧပြီလထဲက ရခိုင်ဘက်ပြန်မယ့် ခရီးသည်ဆီက လက်မှတ်ခ မူလတန်ဖိုးထက် သုံးဆလောက် ပိုတောင်းတဲ့ဖြစ်စဉ်တခုရှိခဲ့တယ်၊ လက်မှတ်ရောင်းတဲ့ဂိတ်က လိုင်စင်မရှိတဲ့ တရားမဝင် ဂိတ်ဖြစ်နေ တယ်”ဟု ချမ်းမြရွှေပြည်ကားကွင်းအတွင်းမှ ဂိတ်မှူးတဦးက ပြောသည်။
ထိုကဲ့သို့ စစ်ဆေးအရေးယူမှုများလုပ်ဆောင်နေလျက်ရှိရာ အောက်တိုဘာ တတိယပတ်မှ နိုဝင်ဘာ ပထမပတ်အထိ တရားမဝင်လက်မှတ်ရောင်းချနေသည့် ဂိတ် ၁၀ ခုကို အရေးယူထားပြီးဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့အတွင်း တရားမဝင် ခရီးသည်ပို့ဆောင်ရေး ယာဉ်လက်မှတ်ရောင်းချနေသည့် ဂိတ်များကို မြို့ တော်စည်ပင်သာရေးရဲတပ်ဖွဲ့မှ စစ်ဆေးအရေးယူနေရာ အောက်တိုဘာ ၂၄ ရက်နေ့က ၇၇လမ်း၊ ၃၁လမ်း ဝန်းကျင်ရှိ လက်မှတ်အရောင်း ဂိတ်များကို စစ်ဆေးခဲ့ရာ တရားမဝင်ဂိတ်လေးခုကို အရေးယူ ခဲ့ကြောင်း၊ နိုဝင်ဘာ ၄ ရက်နေ့က ချမ်းမြရွှေပြည် (ကျွဲဆည် ကန်)ကား ကွင်းပြင်ပ၌ ဖွင့်လှစ်ထား သည့် ဂိတ်ခြောက်ခု အရေးယူခဲ့ကြောင်း၊ အဆိုပါ အရေးယူ မှုများကို စည်ပင်သာယာ ရေး ဥပဒေ ၁၁၆ ဖြင့် စည်ပင်သာယာအထူးတရားရုံသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး စစ်ဆေးအရေးယူမှုများကို စဉ်ဆက် မပြတ် ဆောင်ရွက်သွားမည်ဟု မန္တလေးမြို့တော်စည်ပင်ရဲတပ်ဖွဲ့မှရဲမှူး ချမ်းငြိမ်းအောင် ပြောသည်။
မန္တလေးမြို့တွင် ယာဉ်လိုင်းများ ဆိုက်ရောက်ထွက်ခွာသည့် ကားကွင်း ၅ ကွင်းရှိပြီး ခရီးသည်များ အဆင်ပြေစေရန်အတွက် ကားကွင်းများ၌ ဆိုင်ကယ်တက္ကစီမောင်းနှင်နေသူများ စနစ်တကျရှိစေရန် အစီအစဉ်တစ်ခုဆောင်ရွက်ပေးနိုင် ရေးအား မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်ထံ တင်ပြသွားမည်ဟု သိရသည်။