ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးသွားကြသည့် ဒုက္ခသည်များအရေး ဆွေးနွေး အဖြေရှာနိုင်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၆ ရက်ကနေ ၁၈ ရက် အထိ တရားဝင် လာရောက်ရန် ဖိတ်ခေါ် ထားကြောင်း သတင်းရရှိသည်။
“ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို ကျနော်တို့ ဖိတ်ခေါ်ထားတယ်။ အခု မြန်မာနိုင်ငံကို သူလာရောက်တဲ့ အခါမှာ ၂နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးဖို့လည်း မျှော်လင့်ထားတယ်။ အဲဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ် – မြန်မာ ၂နိုင်ငံ ဆက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမယ်။ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေက ရပ်မသွားဘူး။ ဆက်ရှိနေမယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
သို့သော် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အဘူလ် ဟာဆန် မာမွတ်ဒ် အလီ (Mr. Abul Hassan Mahmood Ali) ၏ ခရီးစဉ် အသေးစိတ်ကိုမူ မပြောဆိုနိုင်သေးဘဲ ဖိတ်ခေါ်ထားသည့် အဆင့်တွင်သာ ရှိနေ သေးသည်ဟုလည်း သိရသည်။
မြန်မာဘက်မှ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့စဉ်က ဒုက္ခ သည်များ ပြန်လက်ခံရေး သဘောတူညီချက် (Agreement) မူကြမ်းကို ပေးလိုက်ပြီး ဖြစ်ကြောင်း၊ ယင်းမူကြမ်းကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၏ သဘောထားများ ထည့်သွင်းသုံးသပ်၍ ပြင်ဆင်ချက်ဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ထားရာ ၎င်းတို့က စိစစ်မှုများ ပြုလုပ်လျက် ရှိကြောင်း သမ္မတရုံးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည် လက်ခံနိုင်ရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာအစိုးရ တို့ကြား နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ် ခဲ့သော်လည်း သဘောတူညီချက် မရရှိခဲ့ပေ။
ထို့ကြောင့် ထွက်ပြေး တိမ်းရှောင်သွားသည့် မွတ်စလင် ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို ၂ နိုင်ငံ ၁၉၉၃ သဘောတူ ညီချက်ကို ကိုင်ဆွဲ၍ လက်ခံရန် မြန်မာဘက်က အဆင်သင့် ရှိနေသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောမတူသဖြင့် အစီအစဉ်များ နှောင့်နှေးနေရကြောင်း မြန်မာဘက်က ဝေဖန်ခဲ့ရာ ရန်ကုန်မြို့မှ ဘင်္ဂလားဒေ့ရှ် သံရုံးအရာရှိ ရီယဒ်ဟိုစိန်က ပယ်ချခဲ့သည်။
“ဆွေးနွေးနေတာတွေက မပြီးသေးဘူး။ ဒီအခြေအနေမှာ ဘယ်ဘက်ကိုပဲ အပြစ်တင်တင် မှားတယ်”ဟု ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့ကြား ဒုက္ခသည် လက်ခံရေး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ၂ ကြိမ် ရှိခဲ့ရာ အောင်မြင်မှု များ ရှိခဲ့ကြောင်း၊ ၁၉၉၃ သဘောတူညီချက်ကို အခြေခံရခြင်းသည် ၂ နိုင်ငံကြား မတူညီမှုများရှိပါက နဂိုရှိပြီးသား သဘော တူညီမှုကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ရန် ယခုမူဝါဒဖြင့် ကမ်းလှမ်းထားခြင်း ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
“ဒီလို ၂နိုင်ငံကိစ္စမှာ ကြားထဲက Third Party အဖွဲ့အစည်းမျိုး မလိုဘူး။ အရင်တုန်းကလည်း မလိုဘူး။ အခုလည်း မလို ဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုတွေရော၊ နယ်စပ်ဖြတ်ကျော် ကိစ္စရပ် တွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကိုပါ ညှိနှိုင်းဆောင်ရွက်နေတယ်။ အဲဒါတွေကို မကြာခင်မှာ သဘောတူညီချက် ရရင် လူတွေ ပြန်လက်ခံရေး ကိစ္စတွေက အဆင်ပြေသွားမယ်”ဟုလည်း ဦးဇော်ဌေးက ပြောဆိုသည်။
၁၉၉၃ ခုနှစ် သဘောတူညီချက်အရ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ရမည်၊ ကိုယ့်သဘော ဆန္ဒဖြင့် ပြန်လာ ချင်သူ ဖြစ်ရမည်၊ ဘင်္ဂလားဒေ့ရှ် ဘက်တွင် မွေးဖွားသူဖြစ်ပါက အဖေ၊ အမေသည် မြန်မာနိုင်ငံတွင် နေဖူးသူ ဖြစ်ရမည် စသည့် အချက်များ ပါဝင်သော်လည်း ယင်းအချက်များထဲမှ တချို့အချက်များသည် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး လာရောက်ခဲ့စဉ်က ၂ နိုင်ငံကြား လက်မှတ်ထိုးနိုင်ခဲ့သည့် စာချုပ်၂ခုမှာ လုံခြုံရေး ကဏ္ဍ ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဆက်ဆံရေးရုံးများ ထူထောင်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာတို့ ဖြစ်ပြီး ဒုက္ခသည် ပြန်လည် လက်ခံနိုင်ရေး နားလည်မှု စာချွန်လွှာကိုမူ သဘောတူနိုင်ခဲ့ခြင်း မရှိပေ။
လက်တွေ့အခြေအနေအရ ဘင်္ဂလားဒေ့ရှ် ဘက်မှ ပူးပေါင်း ဆောင်ရွက်မှု အားနည်းချက်ကြောင့် ဒုက္ခသည် လက်ခံရေး ကြန့်ကြာနေခြင်း ဖြစ်သော်လည်း နိုင်ငံတကာက မြန်မာဘက်သို့ အမြင်မကြည်လင်မှုများ ရှိလာနိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် မြန်မာ ရဲချုပ်က ဘင်္ဂလားဒေ့ရှ် ရဲချုပ်ထံ ဒုက္ခသည်စာရင်း တောင်းခံ လိုက်သော်လည်း ယနေ့ချိန်အထိ အကြောင်းမပြန်သေးကြောင်း သမ္မတရုံးမှ သိရသည်။
“ဟိုဘက်မှာ ရောက်နေတဲ့လူက အခု တသန်းနီးပါးတောင် ရှိနေပြီတဲ့ မီဒီယာတွေမှာ ရေးတာ။ လက်တွေ့မှာ လုံးဝ မဖြစ် နိုင်ဘူး။ အဲဒီလူစာရင်း ရပြီဆိုရင် စိစစ်ရတဲ့ လုပ်ငန်းတွေ ပိုအဆင်ပြေမယ်။ ဒီလူတွေ မြန်မာဘက်မှာ နေထိုင်ခဲ့တာ ဟုတ် မဟုတ် ကျနော် လဝက အထောက်အထားတွေ ဆွဲတင်စစ် အထောက်အထားတွေ ရှိတယ်။ ဒါတွေနဲ့ ပြန်တိုက်ဆိုင် လိုက်ရင် ပိုမြန်မယ်။ ပိုမြန်အောင်လို့ တောင်းထားတယ်”ဟု သမ္မတရုံးမှ ဦးဇော်ဌေးက ပြောဆိုသည်။