ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိသော ဝတ္ထနတော ဘုရားအစုရှိ စေတီတဆူပေါ်တွင် အမေရိကန်နိုင်ငံသူ တဦး ဓာတ်ပုံ တက်ရောက် ရိုက်ကူးရာမှ ပြုတ်ကျသေဆုံးမှု နိုဝင်ဘာ ၇ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ညောင်းဦး ရဲစခန်း က ပြော သည်။
ပြုတ်ကျသေဆုံးသူမှာ Ms. Draun Kassandra Arielle ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည့် အတွက် ညောင်ဦး ဆေးရုံမှတဆင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် လမ်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပုဂံ ရှေးဟောင်း သုတေသန ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော် ကလည်း ပြောပြသည်။
ဦးအောင်အောင်ကျော်က “ဘုရားတွေပေါ် မတက်ဖို့လည်း နေရာ ၂၀ ကျော်လောက်မှာ သတိပေးစာတွေ ကပ်ထားပေး တယ်၊ အခုက ဓာတ်ပုံ တက်ရိုက်တာလို့ သိရတယ်၊ ဒီဘုရားကလည်း တက်ရောက်ခွင့် ပြုထားတဲ့ ဘုရားမဟုတ်ပါဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
သေဆုံးသူမှာ သီရိပစ္စယာ ဟိုတယ်တွင် တည်းခိုနေသူဖြစ်ပြီး ပြုတ်ကျမှုဖြစ်စဉ် အတွင်း ဘုရားရှိ အရန် စေတီငယ် တဆူ လည်း ပျက်စီးမှု ရှိခဲ့ကြောင်း ပုဂံရှေးဟောင်း သုတေသန ဦးစီးဌာနက ဆိုသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် အတွင်းရှိ စေတီ၊ ပုထိုးများမှာ နှစ်ပေါင်းကြားမြင့်မှုနှင့် သဘာဝ ဘေးအန္တရာယ်များကြောင့် ကြံ့ခိုင်မှု အားနည်းနေပြီ ဖြစ်သည့်အတွက် လတ်တလောတွင် မည်သည့်စေတီပေါ်မှ တက်ရောက်ခွင့် မပြုထားကြောင်း သိရ ပြီး ခရီးသွားအများဆုံး တက်ရောက်လေ့ရှိသည့် ရွှေဆံတော်ဘုရားကိုပင် အောက်တိုလ ၁၈ ရက်နေ့က စတင်၍ တက်ရောက် ခွင့် ယာယီပိတ်ထားကြောင်း သိရသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ပုဂံဘုရားများသည် သဘာဝ ဘေးဒဏ်များကြောင့် ကြံ့ခိုင်မှု အားနည်း လာပြီ ဖြစ်သည့်အပြင် ယဉ်ကျေးမှုဓလေ့အရလည်း မသင့်လျော်သည့် အတွက် ဘုရာများပေါ်သို့ မတက်ရောက်သင့် ကြောင်း ဦးအောင်အောင်ကျော်က ပြောသည်။
ပုဂံရှေးဟောင်း သုတေသန ဦးစီးဌာန အနေဖြင့် ပုဂံဘုရားများပေါ်သို့ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် ဝတ်စား ဆင်ယင် မှုများဖြင့် တက်ရောက်ခွင့်ကို ကန့်သတ်ထားသည့် အပြင် ရှုခင်းများ ကြည့်ရှုနိုင်ရန် အတွက်လည်း တောင်ကုန်းမြင့် သုံးခု ကို ပြုလုပ် ထားပေးကြောင်းလည်း သိရသည်။