ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ လွယ်အံကျေးရွာမှ ဒေသခံ ၁၀၀ ကျော်သည် တအာင်း (ပလောင်)အမျိုးသားများ လွတ်မြောက်ရေး တပ်မတော်(TNLA)၏ စစ်သား စုဆောင်းခံရမည်ကို စိုးရိမ်၍ ကျောက်မဲမြို့ပေါ်သို့ မနေ့က ထွက်ပြေး တိမ်းရှောင်လာကြကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က လက်နက်အပြည့်အစုံ တပ်ဆင်ထားသည် TNLA တပ်ဖွဲများ လမ်းဖောက် လုပ်မည်ဆိုကာ လွယ်အံ့ရွာသို့ ရောက်ရှိလာသည့်အပြင် တခြားသောကျေးရွာ များတွင် လည်း စစ်သားစုဆောင်း မှုများ ပြုလုပ်နေကြောင်း သတင်းရသည့်အတွက် ထွက်ပြေးတိမ်းရှောင်လာ ခြင်းဖြစ်ကြောင်း သိရသည်။
လွယ်အံကျေးရွာမှ ဆရာတော်က“ပြီးခဲ့တဲ့ ဝါခေါင်လပြည့်ကျော် ၈ ရက်နေ့ ညက TNLA လက်နက် ကိုင်အဖွဲ့ လာတယ်၊ အစည်းအဝေးထိုင်ရအောင် ဘာညာနဲ့ ကုလားဖန်ထိုးပြီး ချော့မော့ခေါ်သွားတာ၊ ပြီးတော့ အစည်း အဝေး မဟုတ်ပဲ သူတို့က စစ်သားစုဆောင်းရေးကို ခေါ်သွားတာ။ ဒီတခေါက် သူတို့ ပြန်ရောက်လာတော့ သူတို့ က မင်းတို့ကို ငါတို့ လူမခေါ်တော့ဘူး လမ်းပဲဖောက်ခိုင်းတော့မယ်တဲ့၊ တခြားရွာတွေ တခြားအုပ်စုတွေမှာတော့ သူတို့ လူတွေစုနေတယ်။ ဦးဇင်းတို့ အဲ့ဒီဟာတွေ ကြည့်ပြီး တော့ ဒီလူတွေတော့ မဟုတ်တော့ဘူး ထင်တယ်။ ဒါနဲ့ ဒါယကာ ဒါယိကာမတွေနဲ့ ပြောပြီးတော့ ငါတို့ တိမ်း ရှောင်ကြရင် ကောင်းမယ်ဆိုပြီး တိုင်ပင်ကြပြီး ကျောက်မဲကို ဆင်းလာတာပါ”ဟု ဧရာဝတီ သတင်းဌာနသို့ မိန့်ကြားသည်။
TNLA အဖွဲ့သည် ယခုနှစ် သြဂုတ် ၁၅ရက်နေ့ ညကလွယ်အံ့အုပ်စုရှိ ကျေးရွာ ၇ရွာမှ ရွာသားများကို အစည်း အဝေး လုပ်မည်ဟု ခေါ်ကာ လူပေါင်း ၉၀ကျော်ကို စစ်သားအဖြစ် စုဆောင်းခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ကျောက်မဲမြို့ပေါ်သို့ တိမ်းရှောင်လာသော လွယ်အံကျေးရွာ ဒေသခံ ၁၀၃ ဦးရှိပြီး တခြား ကျေးရွာများဖြစ်သည့် ခုံနင်း၊ တာမခန်၊ ကောင်းခါး၊ ပန်လို၊ မန်စပ် စသည့် တို့မှ ဒေသခံများကိုလည်း တိမ်း ရှောင်လာ နိုင်ခြေရှိကြောင်း ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်များကို ကူညီပေး နေသူ တဦးက ပြော သည်။
“တိုက်ပွဲဖြစ်တာမဟုတ်ဘူး ရှမ်းနဲ့ ပလောင် လက်နက်ကိုင်စစ်ပွဲလည်း မဖြစ်ဘူး။ လွယ်အံရွာမှာ ပြီးခဲ့ တဲ့ ၃ လ၊ ၄ လလောက်က မလိမ်တပတ်နဲ့ ပလောင် လက်နက်ကိုင် အဖွဲ့အစည်းက စစ်သားတွေ စုဆောင်းပါတယ်။အဲ့ဒီ မှာ ကျေးရွာ ၇ ရွာရှိတယ်။ ၇ ရွာမှာ လူ ၉၀ လောက်ပါသွားတယ်။ အခုသူတို့ က တောလမ်းဖောက်မယ် အကြောင်းပြပြီး ပြန်လာတော့ ရွာသားတွေက မယုံပဲ ဒီဘက်ကို ပုန်းရှောင် လာခဲ့တာ ရွာမှာတော့ သက်ကြီး ရွယ်အို ၄၊ ၅၊ ၆ ယောက်လောက်ပဲ ကျန်တော့တယ်။တခြားရွာတွေ မပါသေးဘူး။ ပါမယ့်သဘော အရိပ် အယောင်တွေ ရှိနေတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က စစ်သား စုဆောင်းခြင်း မရှိကြောင်း စစ်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ခြင်းကြောင့်သာ ထွက်ပြေး သွားခြင်းဖြစ်ကြောင်း ဧရာဝတီ သို့ပြောသည်။
“ကျနော်တို့ သိရသလောက်တော့ စစ်သားကောက်လို့ ပြေးတာမဟုတ်ဘူး။ အကြမ်းဖျဉ်းသိရတာ သတင်းတော့ ကွန်ဖန်းမဖြစ်ဘူး။ စစ်ပွဲဖြစ်မှာ ကြောက်လို့ ထွက်ပြေးတာ စစ်သားကောက်တယ်ဆိုရင် အဲ့ဒီမှာ အသက်၇၀ ၈၀ အဘိုးကြီး အဘွားကြီးတွေပဲရှိတာ။ အဲ့ဒီလူတွေကို ကျနော်တို့ မကောက်ပါဘူး”ဟု ၎င်းက ပြော သည်။
TNLA မှ စစ်သားစုဆောင်းမည်ကို စိုးရိမ်ခြင်းကြောင့် ကျောက်မဲမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသော လွယ်အံကျေးရွာမှ ဒေသခံများသည် လက်ရှိ ကျောက်မဲမြို့ အမှတ် (၈) ရပ်ကွက် ဦးသာအောင် ဓမ္မာရုံတွင် ခေတ္တနေထိုင်လျက်ရှိပြီး လူမှုရေးအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများမှ ကူညီထောက်ပံ့ပေးထား ကြောင်း သိရသည်။
ထိုထွက်ပြေး တိမ်းရှောင်သူများသည် အိမ်ထောင်စု ၂၆ စု ၊ ကျား ၃၉ ဦးနှင့် မ ၆၄ ဦး စုစုပေါင်း လူဦးရေ ၁၀၃ ဦးရှိပြီး ရဟန်း ၁ ပါးနှင့် သာမဏေ ၇ ပါးလည်း ပါဝင်ကြကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။
ကျောက်မဲမြို့ မဲဆန္ဒနယ်-၂ မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က “လူကောက်တဲ့ ကိစ္စပေါ့ အဲ့ဒါကြောင့် ထွက်ပြေးလာကြတာ၊ ကျနော် သတင်းကြားတာကတော့ TNLA က ကောက်လို့ သူတို့ ထွက်ပြေးလာကြတဲ့ သဘောပေါ့လေ။ ကျနော်တို့ ကျောက်မဲမှာ နယ်စွန် နယ်ဖျားတွေမှာတော့ အဖွဲ့တိုင်း ကတော့ လူသစ် စုဆောင်းကြတာပဲ၊ တချို့ ကောက်ရခက်ခဲတဲ့ ကျေးရွာဆိုရင် အတင်းအဓမ္မဖမ်းဆီးတာ ရှိတယ်။ ဒီလိုမျိုး အခြေအနေဆိုရင်တော့ ထွက်ပြေးကြတာပေါ့”ဟု ပြောသည်။
လက်ရှိတွင် TNLA နှင့် တပ်မတော်ကြား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း သို့သော် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ စသည့် မြို့နယ်များတွင် ၂ ဖက်စလုံးမှ တပ်ဖြန့် ထားမှုများ ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သိရသည်။