လအတန်ကြာ တင်းမာမှုနှင့် အပြန်အလှန် စွပ်စွဲပြောဆိုမှုများအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ လျှို့ဝှက်ကြိုးပမ်းမှုအနေဖြင့် မြောက်နှင့် တောင်ကိုရီးယားကြား စစ်ကင်းမဲ့ဇုန်သို့ သွားရာ မြူနှင်းများ ဆိုင်းနေသဖြင့် ပြန်လှည့်လာခဲ့ရကြောင်း ဆိုးလ်မှ လာသော သတင်းများက ဆိုသည်။
သတင်းများအရ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဝန်ထမ်းများ၊ မီဒီယာသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ရဟတ်ယာဉ်သည် စစ်ကင်းမဲ့ဇုန်ကို မဆင်းသက်ခဲ့ဘဲ စက္ကန့်ပိုင်းအတွင်း ပြန်လည်ပျံသန်းလာခဲ့ကြောင်း သိရသည်။
“ သူ တော်တော် စိတ်ပျက်သွားတာဗျ” ဟု မီဒီယာအတွင်းရေးမှူး ဆာရက် ဟက်ကာဘီး ဆန်းဒါးစ်က ထရမ့်ကို ရည်ညွှန်း၍ ပြောသည်။
ကျည်ကာ အကျႌဝတ်ဆင်ထားပုံ ဓာတ်ပုံဖြင့် မကြာမကြာတွေ့ရလျက် ရော်နယ်ရေဂင် လက်ထက်မှစ၍ အမေရိကန်သမ္မတ အဆက်ဆက်သည် စစ်ကင်းမဲ့ဇုန်သို့ သွားရောက်ခဲ့ကြသည်။ ဂျော့အိတ်ချ်ဒဗလျူဘုရှ်ကတော့ ဒုတိယသမ္မတအနေဖြင့် ရောက်ရှိခဲ့သည်။ ပြီးခဲ့သည့်ဧပြီလက အမေရိကန်ဒုတိယသမ္မတ မိုက်ပန်စ်သည် စစ်ကင်းမဲ့ဇုန်သို့ လေတပ်ဝတ်စုံ ဝတ်ဆင်လျက် ရောက်ခဲ့သည်။
ယခု ခရီးစဉ်မတိုင်မီ ဒေါ်နယ်ထရမ့်က စစ်ကင်းမဲ့ဇုန်သို့ သွားမည့်ပုံ မပေါ်သည့် မှတ်ချက်များကို အိမ်ဖြူတော်က မီဒီယာများကို ပြောကြားနေခဲ့သည်။
သို့သော် ထရမ့်နှင့်အတူ လိုက်ပါသွားသည့် သတင်းသမားများကို ဗုဒ္ဓဟူးနေ့နံနက် ခန့်မှန်းထားသည်ထက် ပိုမိုစောစီးစွာ ခေါ်ယူခဲ့သည်။ အင်္ဂ ါနေ့ နံနက် ၇ နာရီ(ဂရင်းနစ်စံတော်ချိန် ည ၁၁ နာရီ) က ဆိုးလ်မြို့ရှိ ထရမ့်တည်းခိုသည့်ဟိုတယ်မှ မော်တော်ယာဉ်တန်းဖြင့် စတင်ထွက်ခွာခဲ့ရာ အမေရိကန်စစ်အခြေစိုက်စခန်းရှိ ရောင်စန်းသို့ ၁၀ မိနစ်ကြာပြီးနောက် ရောက်ရှိသည်။
ယင်းစစ်အခြေစိုက်စခန်းရှိ ကွင်းမှ ထရမ့်နှင့်အဖွဲ့လိုက်ပါလာမည့် ရဟတ်ယာဉ် စတင်ထွက်ခွာခဲ့ပြီး ရဟတ်ယာဉ် အနောက်ပိုင်းတွင် ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူများ ထိုင်လျက် လိုက်ပါလာကြသည်။
ဆိုးလ်မြို့၏ မိုးမျှော်တိုက်များကြား သိပ်သည်းနေသည့် မြူမှုန်များက ရစ်ပတ်ထားပြီး ရဟတ်ယာဉ်များသည် စစ်ကင်းမဲ့ဇုန်အနီး ရောက်သောအခါ မဆင်းသက်ဘဲ မိနစ်ပိုင်းမျှ ဝဲပျံပြီးနောက် အမေရိကန်စစ်အခြေစိုက်စခန်းသို့ ပြန်ခဲ့ကြသည်။
ယင်းခရီးစဉ်အတွက် ထရမ့်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့အကြား အင်္ဂ ါနေ့က နှစ်ဘက်အစည်းအဝေးများပြုလုပ်ကာ အပြီးသတ် ဆုံးဖြတ်ခဲ့ကြကြောင်း တာဝန်ရှိသူများက ဆိုသည်။
ထရမ့်က မွန်းကို စစ်ကင်းမဲ့ဇုန်သို့ သွားရန် စိတ်ဝင်စားသည်ဟုဆိုသည့်အခါ တောင်ကိုရီးယားသမ္မတက ဘေးမသီရန်မခစေရေး ဆုမွန်ကောင်းတောင်းပြီး ထရမ့်ကို ယင်းနေရာသို့ အရောက်သွားသည်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ဗုဒ္ဓဟူးနေ့က စစ်ကင်းမဲ့ဇုန်တွင် မွန်းက ထရမ့်ရောက်ရှိလာမည့်အချိန်ကို နာရီဝက်ကြာ စောင့်ဆိုင်းခဲ့သည်။ မွန်းသည် ခိုင်ခံ့သည့်နယ်စပ်တလျှောက် မော်တော်ယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီး ထရမ့်လုံခြုံရေးအတွက် အပြည့်အ၀ တင်းကြပ်ထားခဲ့သည်။
ရောင်စန်းသို့ပြန်အရောက် စောင့်ဆိုင်းခွင့်ရသဖြင့် ထရမ့်က ဇိမ်ခံမှန်လုံကားပေါ်တွင် ထိုင်၍ နောက်နေ့ကျင်းပရန်ရှိသည့် တောင်ကိုရီးယား အမျိုးသားညီလာခံတွင် ပြောကြားမည့် မိန့်ခွန်းအတွက် မူကြမ်းကို ရေးသားနေခဲ့သည်။ ယင်းမိန့်ခွန်းတွင် မြောက်ကိုရီးယားနှင့် ၎င်း၏ခေါင်းဆောင် ကင်ဂျုံအန်းကို ရန်လိုပြီး တိုက်ခိုက်ထားသည်။
“နျူးကလီးယားနဲ့ ခြိမ်းခြောက်နေတဲ့ ဆိုးဝါးတဲ့ အာဏာရှင်အစိုးရကို ကမ္ဘာက သည်းခံနိုင်တော့မှာ မဟုတ်ဘူး” ဟု ထရမ့်က ၎င်းမိန့်ခွန်း နောက်ပိုင်း၌ ပြောဆိုရန် ထည့်သွင်းထားသည်။
သို့သော် ၎င်းက ကားထဲတွင်ထိုင်နေသဖြင့် စစ်ကင်းမဲ့ဇုန်ကို ပြန်သွားရန် ဒုတိယအကြိမ် အခွင့်အရေး မရှိတော့ချေ။ မြူနှင်းများနှင့် တရုတ်ပြည်ဘက်ခြမ်းမှ တိုက်ခတ်လာသော အဝါရောင် ဖုန်မှုန့်များသည် မနက်ခင်း နေရောင်နှင့် ရောယှက်နေသည်။
ဗုဒ္ဓဟူးနေ့ မနက် ထရမ့်၏ မအောင်မြင်သည့် ခရီးစဉ်ကို သတင်းမထုတ်ပြန်မီ တရုတ်အစိုးရထိန်းချုပ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ချိုင်းနားဒေးလီးသတင်းစာ အယ်ဒီတာ့အာဘော်က စစ်မဲ့ဇုန်သို့ ထရမ့် မသွားမည့်အကြောင်း ယခင်ကြေညာထားချက်နှင့် နျူးကလီးယားစမ်းသပ်မှု နောက်ထပ်မပြုလုပ်ရန် မြောက်ကိုရီးယားက ထိန်းထိန်းသိမ်းသိမ်း ရှိနေခြင်းတို့ကို ချီးကျူးထောပနာပြုလိုက်သည်။
“ဝါရှင်တန်နှင့်ပြုံယမ်း နှစ်ဘက်စလုံးက ကိုယ်စီ ထိန်းထိန်းသိမ်းသိမ်း အခုချိန်ထိ လုပ်ထားကြပါတယ်။ ဒါဟာ သူတို့ ခက်ခက်ခဲခဲ ငြိမ်းချမ်းရေးအဖြေတခုတွေ့ဖို့ နှစ်ဘက်လုံးက လိုလားတာကြောင့် မျှော်လင့်စရာလက္ခဏာတရပ်ပါ” ဟု ချိုင်းနားဒေးလီးက အယ်ဒီတာ့အာဘော်တွင် ရေးသားလိုက်လေသည်။
ကိုးကား ။ ။ Reuters