ဘာသာရေး အကြောင်းပြပြီး အမျိုးသမီးငယ်များအပေါ် ပန်းဦးဆွတ်သူဟု လူသိများသော ခွန်တန်ကို သာသနာ ညိုးနွမ်း စေမှုဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စု အလံတရာနယ်မြေ၌ ဘာသာရေး အကြောင်းပြ လုပ်ဆောင်ခဲ့မှု များနှင့် ပတ်သက်၍ သာသနာ ညိုးနွမ်းစေမှု ပုဒ်မ ၂၉၆ (က) ဖြင့် အရေးယူ သွားမည်ဟု သူရ ဦးအောင်ကို က နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားလွှတ်တော်၌ သတင်းထောက်များကို ပြောဆိုသည်။
သူရ ဦးအောင်ကို က “ကာယကံရှင်တွေ ကိုယ်တိုင်က လက်ခံနေပါတယ်။ တရားဥပဒေကြောင်းအရ၊ အရေးယူ ဆောင်ရွက် သင့်တဲ့ အမှုကိစ္စ ဖြစ်ပါတယ်။ သို့သော်လည်း ပြေးမလွတ်တဲ့ အချက်တချက်ကတော့ ဗုဒ္ဓသာသနာ ညှိုးနွမ်းစေမှု၊ ပုဒ်မ ၂၉၅ (က) နဲ့ဆိုရင်တော့ ပြေးမလွတ်ပါဘူး။ ဒါကြောင့် ခွန်တန်ကို ၂၉၅ (က) နဲ့ ထိရောက်စွာ အရေးယူသွားဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ပြောသည်။
ပုဒ်မ ၂၉၆ (က) သည် လူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေး ယုံကြည်သူကိုဖြစ်စေ၊ မသမာစိတ်နှင့် စော်ကားမှု ဖြစ်ပြီး ထိုသူကို ၂ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်ကြောင်း ဥပဒေက ပြဌာန်းထားသည်။
အမျိုးသမီးငယ်များကို အသိပညာနည်းမှု၊ အယူသည်းမှုများကို အခွင့်ကောင်းယူ၍ ဖြားယောင်းပေါင်းသင်းမှုဖြင့် ခွန်တန်ကို အရေးယူရန် အများက တောင်းဆိုနေကြချိန်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလာခြင်းလည်းဖြစ်သည်။
ခွန်တန် (ခ) ဇာတ်လိုက်သည် အသက် ၂၅ နှစ်ခန့်ရှိပြီး အလံတရာ ဆရာတော် ဝင်စားသည်ဟုဆိုကာ ဒေသခံအချို့ က ယုံကြည်ကိုးကွယ်နေကြပြီး ကိုးကွယ်မှုကိုအခွင့်ကောင်းယူကာ ၂၀၁၄ မှ ၂၀၁၆ အတွင်း အလံတရာ နယ်မြေရှိ မိန်းမပျိုများအား ခွန်တန် က လက်ထပ်ခဲ့သည်။
ဘာသာရေးကို ခုတုံးလုပ်၍ ဘာသာ၊ သာသနာ ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည့် ခွန်တန်အား လက်ချည်ခံရသူ အမျိုးသမီးများ ကိုယ်တိုင် ကျေနပ်သည့် အတွက် တိုင်ကြားမှုများကို ကန့်ကွက်သော်လည်း ခွန်တန်ကို အမှုဖွင့် အရေးယူသွားမည်ဟု ဝန်ကြီး သူရ ဦးအောင်ကို က ပြောသည်။
ရိုးရာဓလေ့ အရ အလံတရာ နယ်မြေမှ အမျိုးသမီးအများစုက ခွန်တန် နှင့် လက်ချည်လျင် သိဒ္ဓိမြောက် သည်ဟု ထင်မှတ်နေပြီး၊ ခွန်တန်နှင့် လက်မချည်ရရင် လူဖြစ်ရှုံးပြီဆိုသည် အထိ ယုံကြည်မှု လွန်ကဲနေကြခြင်းဖြစ်သည်။
ခွန်တန်အမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ နစ်နာသူများဘက်မှ ဆောင်ရွက်ပေးနေသူ မွန်ပြည်နယ် လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ခွန်တန်အား အရေးယူရုံတင် မကဘဲ ထိုဒေသတွင် အသိပညာပေးမှုများကိုပါ လုပ်သင့်ကြောင်း အကြံပြု တိုက်တွန်းသည်။
ဒေါ်ခိုင်ခိုင်လဲ့က “အရေးယူ ရုံတင်မကဘူး၊ အလံတရာနယ်မြေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ၊ အသိပညာ ပေးမှုတွေပါ နောက်ကနေဆက်ပြီး၊ ဖော်ထုတ်သင့်ပါတယ်။ သူ့ကိုအရေးယူလိုက်ရုံနဲ့ မပြီးဘူးလေ၊ သူထွက်ပြေး နေတယ်။ ဖမ်းမိဖို့ ဆိုတာကလည်း ကံသေကံမ ပြောနိုင်တာ မဟုတ်ဘူး။ တကယ် အရေးကြီးနေတာက ဒီနေရာကို သန့်စင်သွားဖို့နဲ့ လူတွေ အသိပညာ ဗဟုသုတ ပြည့်ဝဖို့ အတွက်က အရေးကြီးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပထမ အဆင့် အနေဖြင့် ခွန်တန်ကိစ္စ ရှင်းလင်းပြီးမှ ခွန်တန် အား ထောက်ခံသူနှင့် ကန့်ကွက်သူများ၏ သဘောထား ကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ဂေါပကအဖွဲ့ အသစ်များကို အလံတရာ၌ ဖွဲ့စည်းသွားမည်ဟု သူရ ဦးအောင်ကို က ပြောသည်။
ခွန်တန် (ခ) ဇာတ်လိုက်အပါ အဝင် အမျိုးသား ခုနစ်ဦးကို အတင်း အဓမ္မပေါင်းသင်းရန် ခိုးယူမှု ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ လူခိုးယူမှုပုဒ်မ ၃၆၃၊ ပူးပေါင်းပါဝင်သူများကို အားပေးကူညီမှုပုဒ်မ ၁၁၄ တို့ဖြင့် သထုံမြို့မ ရဲစခန်းတွင် အောက်တိုဘာ ၂၄ ရက်ကအမှု ဖွင့်လှစ်ထားကြောင်း သိရသည်။