သတင်း

မြန်မာအိမ်အကူ သေနတ်ဒဏ်ရာနှင့် သေဆုံးမှု ထိုင်းရဲ တင်ပြချက်အပေါ် သံသယဖြစ်

Want create site? Find Free WordPress Themes and plugins.

မြန်မာ အိမ်အကူ မညိုညိုအေး သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ ရာဇဝတ်မှုနှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ (CSD) က ပြန်လည် စစ်ဆေးရန် လုပ်ဆောင်ရာ၌ နယ်မြေခံ ရဲတပ်ဖွဲ့၏ အခင်းဖြစ်ပွားမှု သရုပ်ပြပုံသည် ဖြစ်စဉ်နှင့် ကွဲလွဲမှုများ ရှိနေကြောင်း အနီးကပ် လေ့လာခွင့်ရခဲ့သော မြန်မာအဖွဲ့က ပြောသည်။

အခင်းဖြစ်ပွားမှုကို သရုပ်ပြခဲ့သော နယ်မြေခံ ရဲတပ်ဖွဲ့သည် မညိုညိုအေး သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ် လုပ်ကြံ သေဆုံးမှု ဖြစ်သည်ဟုဆိုကာ အမှုပိတ်ခဲ့သည့် ရဲတပ်ဖွဲ့ ဖြစ်ကြောင်း မညိုညိုအေး သေဆုံးစဉ် ကတည်းက တရားမျှတမှု ရရှိရေး အတွက် အနီးကပ် လိုက်ပါ ဆောင်ရွက်ပေးနေသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAC) က ပြောပြသည်။

အသက် ၁၇ နှစ် အရွယ် ကရင်တိုင်းရင်းသူ မညိုညိုအေး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော လပ်ဘူရီမြို့နယ် ဘန့်ပုံ နယ်မြေ ရှိ ထိုင်းသူဌေး၏ နေအိမ်သို့ နိုဝင်ဘာ ၇ ရက်နေ့က ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် နယ်မြေခံ ရဲတပ်ဖွဲ့၏ သရုပ်ပြ ချက် များသည် မူလပိတ်ခဲ့သည့် အမှုပုံစံအတိုင်း ဖြစ်စေရန် လိုရာဆွဲ လုပ်ဆောင်ရာတွင် ဖြစ်စဉ်နှင့် ကွဲလွဲနေခြင်း ဖြစ်သည် ဟုလည်း AAC က ထောက်ပြသည်။

အခင်းဖြစ်စဉ်ကို ပြန်လည်သရုပ်ပြနေသည့် နယ်မြေခံ ထိုင်း ရဲတပ်ဖွဲ့ (ဓာတ်ပုံ – AAC)

AAC အဖွဲ့၏ အထွေထွေတာဝန်ခံနှင့် သတင်းပြန်ကြားရေး ဦးရဲမင်း က “ကလေးမလေး သေဆုံးတဲ့ အခန်း၊ ပြီးတော့ အိမ် အပေါ်ထပ်က သေနတ်ထားတဲ့ သူဌေးရဲ့ ဗီရိုနေရာတွေ စစ်ဆေးတယ်။ ကလေးမလေး သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျည်ဝင်၊ ကျည်ထွက် လမ်းကြောင်းတွေ၊ ကျည်သွား လမ်းကြောင်းတွေနဲ့ ပုံစံတွေ သရုပ်ပြခိုင်းတယ်” ဟု ဧရာဝတီ ကို ပြောပြသည်။

၎င်းက ဆက်လက်၍ “အဲဒီလိုမျိုး သူတို့ဘက်က ကိုယ့်ကိုယ့်ကိုယ် သတ်သေတယ်ဆိုတဲ့ ပုံစံမျိုးကို ပီပြင်အောင် ဆွဲယူပြီး တော့ သရုပ်ပြ သွားတာ တွေ့ရတယ်။ ကျည်ထွက်၊ ကျည်ဝင်လမ်းကြောင်းတွေက သူတို့ပြောတာတွေနဲ့ တခြားစီဖြစ်နေ တယ်။ အခုဆိုရင် ဆေးရုံက ဆုံးဖြတ်ချက်ကလည်း သေနတ်ဒဏ်ရာ ညာဘက်က ဝင်တာ မဟုတ်ဘူး။ ဘယ်ဘက်က ဝင်တယ်လို့ အတည်ပြု လိုက်ပြီ။ အခုကတည်းက ရဲတွေ သုံးသပ်ချက်တွေ မှားနေပြီ”ဟုလည်း ပြောဆိုသည်။

မညိုညိုအေး သေဆုံးစဉ်က အနီးကပ် ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းများအရ သေနတ်ဒဏ်ရာသည် ညာဘက် နားထင်မှဝင်ပြီး ဘယ်ဘက်နားထင်က ပေါက်ထွက်သွားသည်ကို တွေ့ရကြောင်း၊ အခြားကွဲလွဲချက် တခုမှာ မညိုညိုအေး သည် ငယ်စဉ် ကတည်းက ဘယ်သန်တဦး ဖြစ်ကြောင်း မိခင်နှင့် အစ်မဖြစ်သူထံမှ သိရသည်။

အခင်းဖြစ်ပွားခဲ့ရာ နေရာတွင် နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်သော နယ်မြေခံ ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ် သရုပ်ပြမှုသို့ ထိုင်းနိုင်ငံ၏ ရာဇဝတ်မှု နှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ (CSD) နှင့်အတူ AAC တာဝန်ရှိသူများ၊ မညိုညိုအေး ၏ မိခင်နှင့် အစ်မဖြစ်သူတို့ လိုက်ပါပြီး အနီးကပ် လေ့လာခွင့် ရရှိခဲ့သည်ဟု ဆိုသည်။

AAC နှင့် မိသားစုဝင်များကို ရှင်းပြနေသည့် ထိုင်းနယ်မြေခံရဲတပ်ဖွဲ့ (ဓာတ်ပုံု – AAC)

ထိုသို့ ကြည့်ရှုရာတွင် “ကျည်လမ်းကြောင်းတွေက အဝေးကြီးတွေကို ပြေးနေတယ်။ ပထမ ကျည်က ပြတင်းပေါက်ကနေ ပြီးတော့ သူများခြံစည်းရိုးကို ဖောက်ထွက်သွားတယ်။ ဒုတိယကျည်က အိမ်ထဲက အလျူမီနီယံဘောင်ကို သွားစိုက်တယ်။ အလျူမီနီယံ ဘောင်ကိုသွားထိတဲ့ ကျည်က ကောင်မလေးခေါင်းထဲကို ဝင်တဲ့ ကျည်ဆန်ပဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သူ ဆိုရင် သေနတ်က တလမ်းကြောင်းတည်းပဲ ရှိနေရမယ်။ ကောင်မလေးက ကိုုယ့်ကိုယ်ကိုယ် ထိုင်ပြီးတော့ ပစ်သတ် တယ် လို့ ရဲက ကောက်ချက် ချထားတယ်။ သို့ပေမယ့် ကျည်သွား လမ်းကြောင်းတွေအရ အရပ်မြင့်တဲ့လူ တယောက်က ရင်ဘတ်လောက်က ပစ်လိုက်တဲ့ ကျည်မျိုး ဖြစ်နေတယ်” ဟု ဦးရဲမင်းက ပြောဆိုသည်။

နယ်မြေခံ ရဲတပ်ဖွဲ့ အနေဖြင့် ထိုအမှုနှင့်ပတ်သက်ပြီး မူလက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်ကြောင်း သတင်း မီဒီယာ များကို ထုတ်ဖော်ပြောဆိုခဲ့သလို မညိုညိုအေး၏ မိသားစုဝင်များနှင့် AAC တို့ကိုလည်း ထိုအတိုင်း ပြောခဲ့ပြီး အမှု ပိတ်ခဲ့ ကြောင်း သို့သော်လည်း ယခု CSD အထူးတပ်ဖွဲ့ ဝင်ရောက်စစ်ဆေးချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည် ဆိုသည့် အသုံးအနှုန်းမျိုး မသုံးစွဲတော့သည်ကို တွေ့ရသည်ဟု ဆိုသည်။

ယခုဖြစ်ပွားနေသော အမှုနှင့်ပတ်သက်၍ AAC နှင့်အတူ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အမှုမှန် ပေါ်ပေါက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ဥပဒေအရ အထောက်အကူ ဖြစ်ရေး အတွက် စီစဉ်ထားကြောင်း မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင် က ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် တွေ့မြင်ရသည့် ကျည်ပေါက်ရာ (ဓာတ်ပုံ – AAC)

ဦးမိုးအောင်ခိုင် က “ဒီအမှုကို ပြန်ပြီး စစ်ဆေးဖို့ ထိုင်းအထူး ရဲတပ်ဖွဲ့ကို ကျနော်တို့ ပြောထားတာ ရှိတယ်။ စစ်ဆေးချက် တွေ ထွက်မလာသေးတော့ ဘာမှပြောလို့ မရသေးဘူး။ သူတို့ဆီက စစ်ချက်အဖြေကို စောင့်နေပါတယ်” ဟုလည်း ပြောပြ သည်။

မညိုညိုအေး သည် ယခုနှစ် သြဂုတ်လ ၆ ရက်နေ့က လပ်ဘူရီမြို့နယ် ဘန့်ပုံ နယ်မြေရှိ ၎င်းသူဌေး၏ နေအိမ်တွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ကြောင်း ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး မိသားစုဝင်များက အမှုဖွင့်ခဲ့သော်လည်း နယ်မြေခံ ရဲတပ်ဖွဲ့က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း ဖြစ်သည်ဟုဆိုကာ အမှုပိတ်ခဲ့သဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် ရုပ်အလောင်းကို ဂူသွင်း သင်္ဂြု ိဟ် ခဲ့ကြောင်း သိရသည်။

မညိုညိုအေး သေဆုံးမှုနှင့် ပတ်သက်၍ မိသားစုများက ကျေနပ်မှုမရှိ၍ တိုင်တန်းမှုကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံး နှင့် AAC အဖွဲ့တို့မှ လိုက်ပါ ဆောင်ရွက်မှု၊ ထိုင်းမီဒီယာများက မေးခွန်းထုတ်မှုများ ရှိလာပြီးနောက် ထိုင်းနိုင်ငံ၏ ရာဇဝတ် မှု နှိမ်နှင်းရေး အထူး ရဲတပ်ဖွဲ့ (CSD) မှတဆင့် အုတ်ဂူဖွင့်၍ ရုပ်အလောင်းအား ပြန်လည် စစ်ဆေးရန် ဆောင်ရွက်လာခြင်း ဖြစ်သည်။

ထိုင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသည့် မညိုညိုအေး၏ မိသားစုဝင်များ (ဓာတ်ပုံ – AAC)

မညိုညိုအေးသည် ပုလောအလောက်မြို့နယ် ဇာတိဖြစ်ပြီး ထိုင်းအလုပ်ရှင် အိမ်တွင် အစ်မဖြစ်သူနှင့်အတူ အိမ်အကူ အလုပ်ကို လုပ်ကိုင်နေသည်မှာ ၃ နှစ် ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ၎င်းသေဆုံးချိန်တွင် အစ်မ ဖြစ်သူသည် တခြားနေရာသို့ ရောက်ရှိ နေကြောင်း၊ အိမ်ပိုင်ရှင်က မညိုညိုအေးနှင့်အတူ အလုပ်လုပ်ခဲ့သည့် မြန်မာ မိန်းကလေး တဦးထံ ဆက်သွယ်၍ အဆုံး စီရင်ပြီး သေဆုံးသွားကြောင်း အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် – ထိုင်းတွင် ဂူသွင်း သင်္ဂြိုဟ်ထားသော မြန်မာအမျိုးသမီး ရုပ်အလောင်းကို ပြန်ဖော်၍ စစ်ဆေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading