Facebook အပါအဝင် လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအမှားများ တင်ပြခြင်း၊ အမုန်းစကားများ၊ ဘာသာရေး လူမျိုးရေး လှုံ့ဆော်မှုများကို အဖွဲ့တခု ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စောင့်ကြည့် ထိန်းကျောင်းသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန (ပို့/ဆက်) ဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ ကျင်းပသည့် ပြည်သူ့ လွှတ်တော် တွင် ပြောသည်။
“သက်ဆိုင်ရာ ဌာနတခုက စောင့်ကြည့် အရေးယူ ဖော်ထုတ်ခြင်းဆိုတဲ့ ကိစ္စရပ်တခုကိုလည်း ကျနော်တို့ လုပ်ဖို့ရာ အတွက် ကျနော်တို့ ဝန်ကြီးဌာနနဲ့ သမ္မတရုံး၊ ရှေ့နေချုပ်ရုံးတို့နဲ့ အားလုံး ညှိနှိုင်းပြီးတော့ Monitor လုပ်ဖို့ အဖွဲ့ကို ပုဂ္ဂလိက အခွင့်အရေးကိုလည်း မထိခိုက်စေဘဲ၊ အခြေခံ ဥပဒေပါ ပြည်သူတွေရဲ့ အခွင့်အရေးကို မထိခိုက်စေဘဲ ကျနော်တို့ တာဝန်နဲ့အညီ ဆောင်ရွက်ဖို့ ရှိပါတယ်”ဟု ဝန်ကြီး ဦးသန့်စင်မောင်က ပြောပြသည်။
အဓိက သုံးစွဲနေကြသည့် လူမှုကွန်ရက်တခု ဖြစ်သော Facebook ကို စောင့်ကြည့်ရန် Facebook တာဝန် ရှိသူများနှင့် ဆွေးနွေးရာ Facebook Group များကို မဟုတ်ဘဲ အခြား သုံးစွဲသည့် အကောင့်များကို ကြည့်ရှုခွင့်ရှိသည်ဟု သိရ ကြောင်း၊ ယခုကိစ္စကို အဖွဲ့တခု၊ ဝန်ကြီးဌာနတခု၊ အစိုးရတဖွဲ့တည်းက ဆောင်ရွက်၍ မရနိုင်ဘဲ ပြည်သူတရပ်လုံးက ပူးပေါင်းမှသာ တာဝန်သိ လူမှုကွန်ရက် သုံးစွဲသူများ ဖြစ်လာမည် ဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ပြောသည်။
ဆက်သွယ်ရေး စနစ်တခုခု၊ အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာများကို အသုံးပြု၍ နိုင်ငံတည်ငြိမ်ရေးကို ထိခိုက် ပျက်ပြားအောင် ပြုလုပ်နေသော ဖြစ်စဉ်၊ ဖြစ်ရပ်များကို ရှာဖွေ ဖော်ထုတ်နိုင်ရေး အတွက် ဥပဒေနှင့်အညီ ဖွဲ့စည်း ထားသော အဖွဲ့တခုမှ အဆင့်မြင့် နည်းပညားများ အသုံးပြု၍ စနစ်တကျ စောင့်ကြပ်ကြည့်ရှု ဖော်ထုတ်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း လွှတ်တော်တွင် ဝန်ကြီး၏ ဆွေးနွေးချက်အရ သိရသည်။
လူမှုကွန်ရက်ကို စောင့်ကြည့်ရန် Facebook နှင့် ဆွေးနွေးရာ မြန်မာနိုင်ငံမှ ပြည်သူများသည် Facebook တွင် Sign in မလုပ်မီ လိုက်နာရမည့် စည်းကမ်းချက်များကို မဖတ်ကြကြောင်း၊ ထို့ကြောင့် လူမှုကွန်ရက် သုံးစွဲသူများကို ပညာပေး သင့်ကြောင်း Facebook က ပြန်လည် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်“လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားခြင်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ အလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့် ထိန်းကျောင်း နိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် အစိုးရအား တိုက်တွန်းကြောင်း” အဆိုတခုကို ဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အတည်ပြုနိုင်ခဲ့သည်။
ယင်းအဆိုရှင် ဂန့်ဂေါမြို့နယ် ပြည်သူ့ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က“ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်၊ ဝန်ကြီး ဌာနရဲ့ တင်ပြချက်တွေအရ အခွန်ကောက်ဖို့ မဟုတ်ဘူး။ လူတွေရဲ့ လွတ်လပ်ခွင့်ကို ထိပါးဖို့ မဟုတ်ဘူး။ သတင်းရယူပိုင်ခွင့်ကို ထိပါးဖို့ မဟုတ်ဘူး။ သတင်း မှားတွေ၊ အမုန်းစကား ဖြန့်ချိမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော် မှုတွေကိုပဲ ထိန်းကျောင်းသွားမှာ ဖြစ်တယ်ဆိုတာကို သိရှိသွားမှာ ဖြစ်ပါတယ်”ဟု လွှတ်တော် အပြီး သတင်းထောက်များကို ပြောသည်။
မြန်မာနိုင်ငံတွင် လူတဦးနှင့်တဦး၊ အဖွဲ့အစည်းတခုနှင့်တခု၊ ဘာသာတခုနှင့်တခုတို့ကြား အကျိုးမရှိ၊ အကျိုးမပြုဘဲ အမုန်းတရားပွားမှုများကို ငွေကြေးအကုန်ကျခံကာ ဆောင်ရွက်နေခြင်းအပေါ် ချင့်ချင့်ချိန်ချိန် စဉ်းစား ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ လူတဦးလျှင် ဖုန်းများစွာ ကိုင်တွယ် အသုံးပြုနေခြင်းကြောင့် နိုင်ငံတော် လုံခြုံရေးကို ထိပါး နှောင့်ယှက်စေသဖြင့် စနစ်တကျ မှတ်ပုံတင်ကာ ထိန်းချုပ်သင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနေဝင်း ကလည်း လွှတ်တော်တွင် ပြောသည်။
“ပြည်တွင်း ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောင်နေချိန်၊ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ယုံကြည်မှု တည် ဆောက် နေချိန်များတွင် ရည်ရွယ်ချက်ရှိရှိဖြင့် မမှန်သတင်း ထုတ်လွှင့်နေမှုများကို တည်ဆဲ ဥပဒေများနှင့် အညီ ကာကွယ် တားဆီးသင့်ပါကြောင်း အကြံပြုလို ပါတယ်”ဟုလည်း ဗိုလ်မှူးနေဝင်းက ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အင်တာနက်၊ Facebook သုံးစွဲသူ ၁၂ သန်းကျော်ရှိပြီး အသက် ၁၃ နှစ်နှင့် ၂၅ နှစ်ကြား လူငယ် လူရွယ် ၅ သန်းကျော် ရှိကြောင်း စစ်တမ်းများက ဖော်ပြပြီး မြန်မာနိုင်ငံတွင် အင်တာနက်ကို လူတိုင်း သုံးစွဲနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အကျိုးရှိစွာ အသုံးပြုနိုင်မှုသည် အလွန်နည်းကြောင်း အထက်ပါ တပ်မတော်သား ကိုယ်စားလှယ်က ပြောသည်။
ကျယ်ပြန့် ရှုပ်ထွေးနက်နဲလှသည့် IT နည်းပညာ ရပ်ဝန်းတခုလုံးကို စောင့်ကြည့် ထိန်းကျောင်းနိုင်ရေးသည် လက် တွေ့ တွင် ဖြစ်နိုင်ပါ့မလား ဆိုသည်မှာ စဉ်းစားစရာဖြစ်သလို လူမှုကွန်ရက် သုံးသူများတွင် မမှန်သတင်းဖြန့် လူမျိုးရေး လှုံ့ဆော်မှုများ ရှိသလို တာဝန်သိသူများ ကလည်း အမှန်တရားများ ပြန်လည် ဖြေရှင်းမှုများ ရှိနေခြင်းကို အဆိုရှင်ကိုယ်တိုင် ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ကြောင်း မင်းဘူးမြို့နယ်မှ ကိုယ်စားလှယ် ဦးဝင်းဝင်းက ဆွေးနွေးသည်။
“တကယ်တော့ အဲ့ဒီလိုတွေဖြစ်ရတာဟာ သုံးစွဲသူ တယောက်ချင်းစီရဲ့ စိတ်ဓာတ်တွေနဲ့ သက်ဆိုင်နေကြောင်း သိသာ နိုင်ပါတယ်။ အဆိုရှင်ရဲ့ ဆွေးနွေးချက်တွေအရ facebook လို လူမှုကွန်ရက်ကို ဆိုလိုချင်တာလား၊ Information Technology (IT) ဆိုတဲ့ ကျယ်ပြန့်လှတဲ့ နည်းပညာရပ်ဝန်း တခုလုံးကို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် Monotoring ပြုလုပ်နိုင်ရန်ဆိုရင် အဆင်ပြေနိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပဲ ဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆဲ ဆက်သွယ်ရေး ဥပဒေ၊ နိုင်ငံသားများ၏ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အခွင့်အရေးများရှိ၍ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန်လည်း ဦးဝင်းဝင်းက အကြံပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ ဆင်းမ်ကတ် သုံးစွဲမှုသည် ၅၆ ဒသမ ၁၂၇ သန်း ရှိ၍ လူဦိးရေနှင့် နှိုင်းယှဉ်ပါက ၁၀၈ ဒသမ ၅၆ ရာခိုင်နှုန်း ရှိကြောင်း၊ အင်တာနက် သုံးစွဲမှုမှာ ၄၆ ဒသမ ၃၉၁ သန်း ရှိ၍ သိပ်သည်းဆ ၈၉ ဒသမ ၇၃ ရာခိုင်နှုန်းအထိ အင်တာနက် သုံးစွဲနေကြောင်း၊ အင်တာနက် သုံးစွဲသူအများစုဟာ ဖေ့စ်ဘုတ်၊ မက်ဆင် ဂျာ၊ ဗိုက်ဗာ၊ တွစ်တာ စသည့် ဆိုရှယ်မီဒီယာများကို အသုံးပြုလျက်ရှိရာ Facebook အသုံးပြုသူ ၁၄ သန်း ရှိမည်ဟု ခန့်မှန်းထားကြောင်း ပို့/ဆက် ဝန်ကြီးဌာနမှ သိရသည်။
“သတင်း အချက်အလက်တွေကို အမှားအမှန် ဝေဖန်ပိုင်းခြားခြင်း မရှိရင်တော့၊ လူငယ်လူရွယ်တွေ အကျင့်စာရိတ္တ ပျက်ပြားနိုင်တယ်။ လောင်းကစားမှု ပြုလုပ်တာတွေ ပါလာတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေ ပါလာတယ်။ လိင်စေ့ဆော်မှုတွေ ပါလာတယ်”ဟု ဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။
၎င်းက ဆက်၍ “တဦးတယောက်၊ တသင်းတဖွဲ့ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေရန်၊ အရှက်ရစေရန် လုပ်ကြံစွပ်စွဲတာတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေရန် လှုံ့ဆော်တာတွေ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတာတွေ ဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအတွက် ထိခိုက်၊ ဆုံးရှုံး၊ နစ်နာမှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောဆိုသွားသည်။