သတင်း

ရခိုင်အရေး လုံခြုံရေးကောင်စီ က နိုင်ငံတကာ စွပ်စွဲချက်များကို သံယောင်လိုက်နေဟု သမ္မတရုံးပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကို တခြမ်းစောင်းအမြင်ဖြင့် ဖော်ပြနေကြသည့် နိုင်ငံတကာ မီဒီယာများ၏ စွပ်စွဲချက်များကို သံယောင်လိုက်ပြီး ထုတ်ပြန်လာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ ၏ နိုဝင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက် ကြောင့် စိတ်မသက်မသာ ဖြစ်ရကြောင်း မြန်မာအစိုးရကပြောသည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် နိုင်ငံတကာ အဖွဲ့များအနေဖြင့် ၎င်းတို့၏ စွပ်စွဲချက်များကို ခိုင်မာစေမည့် အထောက် အထားများပေးရန် အတွက် တောင်းဆိုထား ပြီးဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေး က “အဲဒီလို စွပ်စွဲချက်တွေ အပေါ်မှာ သံယောင်လိုက်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံတွေက ဒီလိုမျိုးပဲ စွပ်စွဲချက်တွေ အတိုင်း ဖော်ပြလာတဲ့ အပေါ်မှာ ကျနော်တို့ စိတ်မသက်မသာ ဖြစ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောချင်တာက မြန်မာအစိုးရဟာ ရခိုင်ပြည်နယ် ပြဿနာကို ရေရှည် ဖြေရှင်းချက် ထွက်အောင် ကျနော်တို့ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်များအား သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုများမီးရှို့ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် လုံခြုံရေးကောင်စီက စိုးရိမ်မကင်းဖြစ်မိကြောင်း၊ ရခိုင်ပြည်နယ်တွင် စစ်အင်အား အလွန်အကျွံ သုံးစွဲခြင်းအား ထိန်းချုပ်ရန်၊ တရားဥပဒေ စိုးမိုးရေး အကောင် အထည် ဖော်ရန်နှင့် အရပ်ဘက် အုပ်ချုပ်မှု ပြန်လည်ထားရှိရန်တို့ကို လုံခြုံရေးကောင်စီက မြန်မာအစိုးရကို တောင်းဆိုထားသည်။

“အခုဟာက မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ် ဆိုတဲ့အနေအထားတော့ မရှိဘူး။ သို့သော် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ရဲ့ Statement ဖြစ်တဲ့ အတွက် ကျနော်တို့က အလေးထားဖို့တော့ လိုမယ်။ လျစ်လျူရှု့လို့တော့မရဘူး။ လျစ်လျူရှု့လို့လည်း မဖြစ်ဘူး” ဟု ဦးဇော်ဌေး က ပြောသည်။

မြန်မာအစိုးရက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ဒုက္ခသည် ပြန်လည် လက်ခံရေး မြန်မာနှင့် ဘင်္ဂလားဒေရှ်တို့ ၂ နိုင်ငံကြား ချစ်ကြည် ရင်းနှီးစွာဖြင့် ကိုင်တွယ် ဖြေရှင်းနေဆဲဖြစ်သည့် အခြေအနေ တရပ်နှင့် ပတ်သက်ပြီး လိုအပ်မှုမရှိဘဲ ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းအပေါ် မြန်မာအစိုးရ အနေဖြင့် လက်ခံကျေနပ်ခြင်း မရှိကြောင်းဖော်ပြခဲ့သည်။

ရခိုင်အရေးကို မြန်မာအစိုးရနှင့် တသားတည်း ရပ်တည်ရမည် ဖြစ်ပြီး အစိုးရ၏ ဆောင်ရွက်ချက်များကို ကုလသမဂ္ဂ အနေဖြင့် လျစ်လျူရှု့၍ ဆိုင်ရာဆိုင်ရာ အကျိုးစီးပွား အခြေခံများဖြင့် ချည်းကပ်နေသည်ဟု မြင်မိကြောင်း ပုဗ္ဗသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က ပြောသည်။

ဦးရည်မွန် က “မြန်မာနိုင်ငံ အနေနဲ့ ကတော့ လုပ်သင့်လုပ်ထိုက်တာကို ဖြေးဖြေးမှန်မှန် လုပ်နေဖို့ပါပဲ။ အမှန်တရားဆိုတာ တချိန်မှာတော့ အဖြေပေါ်မှာပေါ့” ဟု သုံးသပ်သည်။

လုံခြုံရေးကောင်စီ ဥက္ကဌ၏ ကြေညာချက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံ အသိအမှတ်ပြုထားသလို လက်ရှိမြန်မာနိုင်ငံက ကြုံတွေ့ နေရသည့် စိန်ခေါ်မှု အခက်အခဲများထဲတွင် ရခိုင်ပြဿနာသည် အစိတ်အပိုင်း တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု လွတ်လပ်မှုကိုလည်း ကြေညာချက်တွင် အသိအမှတ်ပြုထားသည်ကို တွေ့ရကြောင်းလည်း သမ္မတရုံးကဆိုသည်။

“ပြဿနာ တရပ်ကို ချည်းကပ်တဲ့အခါ ဘက်ပေါင်းစုံက သုံးသပ်ဖို့လိုတယ်။ ရခိုင်ပြည်နယ် ပြဿနာမှာ ဘယ်သူတွေရဲ့ အသံတွေ အများဆုံးပါနေလဲ ဆိုတဲ့ဟာက နိုင်ငံတကာ မီဒီယာတွေက ဘယ်သူတွေရဲ့ အသံကိုအလေး ပေးဖော်ပြနေလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာတဲ့ သဘောလို့ တွေ့ရတယ်” ဟု ဦးဇော်ဌေး က ပြောသည်။

ရခိုင် ပြဿနာကို ဖြေရှင်းနေရသည့် တချိန်တည်းတွင် လူမျိုးရေးအရ၊ ဘာသာရေးအရ ဖြစ်စေ အခွင့်ကောင်းယူပြီး လှုံ့ဆော်မှုများကိုလည်း တည်ဆဲအစိုးရက ဖြေရှင်းနေရကြောင်း၊ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်းကူးပြောင်းရေး အောင်မြင်ရန် ပြည်သူလူထု၏ ယုံကြည်မှု ရရှိမှသာ လက်ရှိကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေး အကြပ်အတည်းများကို ဖြေရှင်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading