အားနည်းချက်များ ရှိနေသေးသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး က ဧရာဝတီသို့ ပြောသည်။
ဦးကျော်ထွေး က “အခုမှ စတင်တုန်းရှိသေးတယ်။ အဆင့်က နောက်တပ် ၂ ဆင့်ကျန်သေးတယ်။ လွှတ်တော်မှာ ဆွေးနွေးဖို့ လက်ခံလိုက်ပြီဆိုရင် ဥပဒေကြမ်းကော်မတီကိုလွှဲတာ ဥပဒေကြမ်း ကော်မတီက နေပြီးတော့ ဒီဥပဒေကြမ်းကို ပြင်ဆင်သုံးသပ်ပြီးတော့မှ လွှတ်တော်မှာ ဆွေးနွေးဖို့ဆိုပြီး ပြန်တင်သွင်းတာ”ဟု ရှင်းပြသည်။
အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးနှစ်ဖက် လိုက်နာရန် လိုအပ်သည့် ပြစ်မှုပြစ်ဒဏ်ပိုင်းကို အဓိကထားပြီး ပြင်ဆင်မှုရန် ဥပဒေမူကြမ်းတွင် အဆိုပြုထားကြောင်း ၎င်းကဆိုသည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် ပါဝင်သည့် (ပုဒ်မ ၄၈- က) ခုံသမာဓိ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် ပျက်ကွက်သည့် လုပ်ငန်းရှင်ကို ထောင်ဒဏ် ၆ လဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး သိန်း ၁၀၀ ဖြစ်စေ၊ ပြစ်ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
“အလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရော အလုပ်သမား သမဂ္ဂတွေကပါ ပြစ်ဒဏ်ထည့်ဖို့ တောင်းဆိုထားကြတယ်။ အခု ဥပဒေမှာ ဒီအချက်ကို ထည့်သွင်းပေးတဲ့အတွက် ကျနော်တို့က ကြိုဆိုတာပေါ့နော်” ဟု လှိုင်သာယာ ခုံသမာဓိကောင်စီ အဖွဲ့ဝင်ဟောင်း ဦးဌေးက ထိုပြစ်မှု ပြစ်ဒဏ်ပြင်ဆင်ချက်နှင့် ပတ်သက်၍ ဧရာဝတီ သို့ပြောသည်။
ယခုပြင်ဆင်မည့် ဥပဒေတွင် မည်သည့်အလုပ်သမားမျှ အငြင်းပွားမှုဖြေရှင်းနေစဉ် ကုန်ထုတ်လုပ်မှု ကျဆင်းစေရန် ဆောင်ရွက်ခြင်း မပြုရဆိုသည့်အချက်တွင် ပြစ်မှု၊ ပြစ်ဒဏ်များ ထည့်သွင်းမည်ဖြစ်ရာ အလုပ်သမားများအပေါ် သက်ရောက်မှု ကြီးကြီး မားမားရှိလာနိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။
“အလုပ်သမားတွေက စုပေါင်းတောင်းဆိုစဉ်မှာ အလုပ်အကိုင်တွေ ပျက်ကွက်တာတွေရှိတယ်။ တမင်ပျက်ကွက် တာတော့ မဟုတ်ဘူး။ ဖြေရှင်းနေစဉ်မှာ သက်ဆိုင်ရာကနေပြီးတော့ ဖြေရှင်း မပေးခင်မှာ စောင့်ဆိုင်းပြီးတော့ ကြန့်ကြာတာတွေရှိတယ်။ အဲဒါတွေကို အရေးယူတော့မယ့် လက္ခဏာတွေ တွေ့ရတဲ့အတွက် အလုပ်သမားတွေကို ပြင်းထန်စွာရိုက်ခတ်မယ့် အချက်ဖြစ်နေပါတယ်”ဟု ဦးဌေးက ပြောသည်။
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုဝင်ဘာ ၁ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ၂၀၁၂ ခုနှစ် မတ်လတွင် တရားဝင် ပြဋ္ဌာန်းလိုက်ပြီး ပထမအကြိမ်ပြင်ဆင်မှုကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ တွင် ပြင်ဆင်ခဲ့သည်။
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပထမအကြိမ်ပြင်ဆင်စဉ်က ပြစ်မှု၊ ပြစ်ဒဏ် ထည့်သွင်းခဲ့ပြီး ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို မလိုက်နာသည့် လုပ်ငန်းရှင်ကို ငွေဒဏ် ၁၀ သိန်း ကျပ် သတ်မှတ်ခဲ့သည်။