ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲ ကျေးရွာတွင် မြေယာအငြင်းပွားရာမှ အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် ပြည်ထောင်စု တောင်သူလယ်သမား သမဂ္ဂ ရပ်/ကျေး တာဝန်ခံ ဦးဌေးအောင် သေဆုံးမှုတွင် ပါဝင်ခဲ့သူ အားလုံးကို ဖော်ထုတ် အရေးယူ ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။
မြေယာအငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရေး အတွက် အောက်တိုဘာ ၂၈ ရက်နေ့တွင် ဦးဌေးအောင်နှင့် အဖွဲ့က ပလောင်ကုန်း ကျေးရွာသို့ သွားရောက်ကာ စိုက်ခင်းများအား မှတ်တမ်းဓာတ်ပုံ ရိုက်နေစဉ် ရိုက်နှက်ခံရခြင်း ဖြစ်ပြီး ဒဏ်ရာများအား မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဉ် နိုဝင်ဘာ ၁ ရက်နေ့က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်စဉ် ဦးဌေးအောင်နှင့် အတူရှိနေသူ ဦးမြင့်ဦးက “ကျနော် လယ်စစ်အဖွဲ့တွေကို စောင့်နေတုန်း ပလောင် ၁၀ ဦး ကျော် က ဝိုင်းရိုက်ကြတာ၊ ကျနော့်ကိုတော့ ဘာမှမလုပ်ဘူး၊ ဦးဌေးအောင်ကိုပဲ ဝိုင်းရိုက်နေတာ၊ ရိုက်တဲ့ လူတွေ အကုန် တော့ မမှတ်မိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ဦးဌေးအောင် သေဆုံးမှုနှင့် ပတ်သက်၍ နောင်ချိုရဲစခန်းက လူသတ်မှု၊ ပူးပေါင်းကြံစည်မှုများဖြင့် အိုက်ကျော်၊ နော်ငှင်းနှင့် ကျော်ဇင်သက်တို့ သုံးဦးအား အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ရိုက်နှက်ရာတွင် ပါဝင်ခဲ့သူဟု ယူဆရသူ အမျိုးသမီး တဦးကိုလည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း ပါဟဲကျေးရွာ ရာအိမ်မှူး ဦးဝင်းလှိုင်ကလည်း ပြောပြသည်။
ဦးဌေးအောင်အား ဝိုင်းဝန်းရိုက်နှက်မှု ဖြစ်စဉ်တွင် ကိုယ်တိုင် ရှိနေသော်လည်း လူများသဖြင့် တားဆီး၍ မရခဲ့ကြောင်းနှင့် ၎င်း ကိုယ်တိုင် အမှုဖြစ်စဉ်တွင် စစ်ဆေးထွက်ဆို ပေးထားကြောင်းလည်း ရာအိမ်မှူး ဦးဝင်းလှိုင်က ပြောသည်။
ပြည်ထောင်စု တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ နော်အုံးလှက “အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေလည်း ရှိနေလျက်နဲ့ ဒီလိုဖြစ်တာ ကြိုတင် ကြံစည်သလိုတောင် ဖြစ်နေပါတယ်၊ နောက်ပြီး ကျမတို့ သမဂ္ဂအဖွဲ့ ဒီရွာမှာ ဆိုင်းဘုတ်တင်ပြီး တလ မပြည့်ခင်မှာပဲ ဒီလိုဖြစ်တာက လယ်ယာအရေး လှုပ်ရှားနေသူတွေကို ခြိမ်းခြောက်လိုက်တာပါ၊ ဒီအမှုမှာ ပါဝင်သူအားလုံး ကို ဖော်ထုတ် အရေးယူပေးဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။
ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့သူ ဦးဌေးအောင်သည် အိုင်ဝိုင်းပါဟဲ ကျေးရွာ ဇာတိဒေသခံတဦး မဟုတ်သော်လည်း မြေယာ အငြင်းပွားမှု ဖြစ်စဉ်တွင် ၎င်းအနေဖြင့် သတင်းမီဒီယာသမား တချို့နှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိသူဖြစ်သည့် အပြင် သမဂ္ဂအဖွဲ့ဝင် တဦးလည်း ဖြစ်သည့်အတွက် မြို့နယ်အတွင်း လယ်ယာမြေ အငြင်းပွားမှုများအား နိုင်ငံတော်သမ္မတ နှင့် သက်ဆိုင်ရာ လယ်ယာမြေ စိစစ်ရေး ကော်မတီများထံ တင်ပြတိုင်ကြားလေ့ ရှိသည်ဟု ဆိုသည်။
အငြင်းမြေယာနှင့် ပတ်သက်၍ ၂၀၀၄ ခုနှစ်ခန့်က အစိုးရအနေဖြင့် ဦးကျော်ရင် ဦးဆောင်ခဲ့သည့် ပလောင်ငြိမ်းချမ်းရေး အဖွဲ့နှင့် ဒေသခံရွာများကြား မြေယာခွဲဝေ ချထားပေးရာတွင် ပလောင်ငြိမ်းချမ်းရေး အဖွဲ့၏ မြေယာ ရယူထားမှု အကျယ် အဝန်အား ၂၀၁၅ ခုနှစ်မှစတင်ကာ အပြန်အလှန် အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရသည်။
နောင်ချိုမဲဆန္ဒနယ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “အစိုးရချပေးတာက ပလောင်ဘက်က ပြောတာ ဧက ၃၀၀၊ ရွာခံတွေ ဧက ၂၀၀ ပဲ သူတို့ချပေးတာ၊ ဧရာ ၁၀၀ လောက် ပိုယူထားတယ်၊ အဲ့ဒီလိုတွေ အငြင်းပွားကြတာ၊ အခု ပလောင်ငြိမ်းချမ်းရေးအဖွဲ့ ဆိုတာလည်း မရှိတော့ပါဘူး၊ သူတို့နဲ့ ဆက်နွယ်တဲ့ သူတွေပဲ ဆက်လုပ်နေကြတာပေါ့၊ ကျနော်တို့က ဒါကို ဖြေရှင်းပေးဖို့ လုပ်နေချိန်မှာ ဒီလိုတွေဖြစ်လာတာ မကောင်းပါဘူး”ဟု ပြောဆိုသည်။
နောင်ချိုမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် မြေယာအငြင်းပွားမှုများ နှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်းရန် ပြည်နယ် အစိုးရထံသို့ တင်ပြထားကြောင်းလည်း ဦးမြင့်ဆွေက ပြောသည်။
အငြင်းပွားမြေယာများမှာ ကြံနှင့် ပြောင်း စိုက်ပျိုးလျက်ရှိသည့် မြေယာများဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေ့တွင် ဦးဌေးအောင် တို့က ကြံစိုက်ခင်းများအား မှတ်တမ်းဓာတ်ပုံ ရိုက်ယူမှုကို တဖက်ကလည်း ဗီဒီယိုမှတ်တမ်း လိုက်လံ ရိုက်ကူးခဲ့ပြီး ဝိုင်းဝန်း ရိုက်နှက်မှု ဒဏ်ရာများဖြင့် စိုက်ခင်းကွက်လပ်တွင် ထိုင်နေသည့် ဦးဌေးအောင်အား ရိုက်ယူထားသည့် ဗီဒီယိုဖိုင်များလည်း ပျံ့နှံ့လျက်ရှိသည်။