ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သစ်တုံးနား ဂွဆုံကျေးရွာတွင် မြိုလူမျိုးများ နေထိုင်နိုင်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်အလုံး ၄၀ ကျော်ကို ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် ၃၃ မိုင်အကွာအဝေးတွင် သစ်တုံးနားဂွဆုံကျေးရွာတွင် ပေ ၄၀ ပေ ၆၀ မြေကွက် ၈၆ ကွက်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အိမ်အလုံး ၄၀ ကျော်ကို ဆောက်လုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက “ အကွက် ၈၆ ကွက်ပေါ့။ အဲဒါက မောင်တောကနေဆိုရင် ၃၃ မိုင်ဝေးတယ်။ မြောက်ဘက်ကို သွားရတာ ဖြစ်ပြီး နယ်စပ်နဲ့ဆိုရင် နာရီဝက်လောက် ဆက်သွားရင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရောက်သွားမှာပေါ့နော်။ ကားလမ်း ညာဘက်ခြမ်းမှာ ရွာအသစ် တည်ပေးတဲ့ အနေအထား ပေါ့။ အလုံး ၄၀ ကျော်လောက်တော့ ဆောက်ဖို့ ရှိပါတယ်”ဟု ပြောသည်။
အဆိုပါ အိမ်အလုံး ၄၀ ကျော်ကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသအတွင်းရှိ CSO အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိ မြို့ဖများ၊ ပြည်သူများ အားလုံး ပူးပေါင်း၍ ဆောက်လုပ်ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ထို အိမ်အလုံး ၄၀ မှာ တအိမ်လျှင် ၇၅ သိန်းဝန်းကျင်ရှိသော အိမ်များကို ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်က အိမ် ၁၀ လုံးကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသ ကြီး အစိုးရအဖွဲ့က ဆိုသည်။
“ အိမ်တလုံးကို ၇၅ သိန်း ပတ်ဝန်းကျင် လောက်ရှိမယ်။ ကျနော်တို့ အခုလောလောဆယ် ၁၀ လုံးစနေတော့ ၁၀ လုံးကို တလနဲ့အပြီး လုပ်မှာပေါ့နော်။ အများဆုံးကတော့ ၆ လပေါ့။ မှန်းထားတာပါ။ မြန်ရင် မြန်နိုင်သလောက် ကျနော်တို့ လုပ်မှာပါ” ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။
၎င်းအစီအစဉ်သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ချမှတ် ပေးသော အစီအစဉ် ဖြစ်သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်း၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ မည်သို့ ဆောင်ရွက်ထားသည်ကို အသေးစိတ် မသိကြောင်း ၎င်းက ပြောသည်။
အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင် ဖြေကြားခြင်းမရှိသည့်အတွက် တစုံတရာ မသိရပါ။
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာ ချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီ(UEHRD) ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်က ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လေ့လာကြည့်ရှုခဲ့သည်။
အဆိုပါ ကော်မတီသည် ၂၀၁၇ ခုနှစ်၊သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသူများ ပြန်လည် နေရာချထားရေးနှင့် လူသား ချင်းစာနာမှု အကူအညီများ ပေးအပ်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင် စသည့် မြို့နယ်များရှိ ရဲကင်း ၃၀ ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျေးရွာ ၅၉ ရွာမှ နေအိမ် ၆၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတိုင်းရင်းသား ၁၀၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြသော ဘင်္ဂါလီလူမျိုးများ ပြန်လည် လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးအတွက်ကို မြန်မာနိုင်ငံအစိုးရအဖွဲ့မှ ဆောင်ရွက်နေကြောင်း သိရသည်။