သတင်း

AA ခြုံခိုတိုက်ခိုက်၍ တပ်မတော်မှ ၁၁ ဦးကျ၊ ၁၄ ဦး ဒဏ်ရာရရှိ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသတွင် ရက္ခိုင့်တပ်မတော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်မှ အရာရှိ ၂ ဦး၊ အခြားအဆင့် ၉ ဦး စုစုပေါင်း ၁၁ ဦး ကျဆုံးသွားပြီး ၁၄ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရှိထားကြောင်း ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးက ပြောသည်။

“အရာရှိ ၂ ယောက်နဲ့ အခြားအဆင့် ၉ ယောက် အားလုံး ၁၁ ယောက် ကျသွားတယ်။ ၁၄ ယောက်က ဒဏ်ရာ ရတယ်။ အခြေအနေတွေက မကောင်းဘူး။ ပလက်ဝကို ကုလားတန်မြစ် လမ်းကြောင်းအတိုင်းပဲ ဒီလိုပဲ လှေနဲ့ သွားရတာပဲ။ ဒီလောက်ကြီးတော့ မလုပ်သင့်ဘူး။ အစိုးရအနေနဲ့လည်း ပြတ်ပြတ်သားသား လုပ်သင့်ပြီ”ဟု ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးက ဧရာဝတီသို့ ပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအထိ မြန်မာ-အိန္ဒိယ-ဘင်္ဂလာနယ်စပ်အနီး၊ရခိုင်ဒေသ နှင့် ပလက်ဝဒေသ အတွင်း ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်အကြား တိုက်ပွဲများသည် ထိတွေ့မှု၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ယမန်နေ့ တရက်တည်းတွင် “မောင်ဘုတောင်တန်း” ၊”ဆမန်းတလန်တောင်တန်း”၊ အိန္ဒိယ-မြန်မာနယ်စပ်အနီး၊ ပလက်ဝမြောက်ဘက်ခြမ်း အပါအဝင် အခြားနေရာအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း AA သတင်းနှင့် ပြန်ကြားရေးဌာနက နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကမူ အဆိုပါ တိုက်ပွဲ သတင်းနှင့် အခြေအနေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးဘဲ တာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်း၍ မရသေးပါ။

ချင်းပြည်နယ် အမှတ် ၁၁ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကလည်း ပလက်ဝဒေသအတွင်း နိုဝင်ဘာ ၃ ရက်နေ့က စ၍ မြန်မာ့ တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ လူဦးရေ ၃၀၀ ကျော် မှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် စစ်ဘေးရှောင်နေရကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့က ပလက်ဝမြို့နယ် နှုံးဘူးကြီး ကျေး ရွာအနီး အထက်မှဆင်းလာသည့် စက်လှေတစီးကို AA က ခြုံခိုတိုက်ခိုက်ရာ ကျောက်ဖြူတက္ကသိုလ်မှာ ကျောင်းသား မောင်အောင်စိုး ဆိုသူမှာ သေဆုံးသွားခဲ့ပြီး ရခိုင်အမျိုးသမီး ၄ ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောသည်။

“နောက်ပလက်ဝက တက်လာတဲ့ မြန်မာ့တပ်မတော် စက်လှေ ၃ စီးကိုလည်း AA က ချုံကို တိုက်တဲ့အခါမှာ စက်လှေမှာ ပါလာတဲ့ မြန်မာ့ တပ်မတော်ဘက်က ၁၇ ဦး ကျသွားတယ်လို့ ကြားတယ်။ ၆ ယောက်ကတော့ ပလက်ဝဆေးရုံကို ရောက်သွားတယ်။ မြန်မာ့တပ်မတော်ဘက်က တပ်ရင်း ၁၀ ရင်းလောက်တောင် အင်အားစု တက်လာနေပြီလို့ ပြောတယ်”ဟု ဦးဝှေ့တင်းက ပြောသည်။

ချင်းပြည်နယ်တွင် AA တပ်ဖွဲ့ဝင်ရောက်လှုပ်ရှားလာမှုကို ပြည်သူလူထုက လက်မခံဘဲ AA အဖွဲ့အလိုမရှိကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှ စ၍ ပလက်ဝဒေသသို့ ရောက်ရှိလာသည့် AA ကြောင့် တိုက်ပွဲ ၉ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး ဒေသခံ အနည်းဆုံး ၈ ဦး သေဆုံးသွားခဲ့ရပြီ ဖြစ်ကြောင်း ယင်းအမျိုးသား လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

“ချင်းပြည် နယ်ကို AA ဝင်လာတဲ့အပေါ်မှာ ချင်းပြည်သူလူထုက လုံးဝ မနှစ်မြို့ဘူး။ အဲဒီအတွက် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးကိုလည်း လှမ်းတင်ပြထားပြီပြီ။ ချင်းပြည်နယ်ဖြစ်တဲ့ ပလက်ဝမှာ လုံးဝ မနေစေချင်ဘူး”ဟု ဦးဝှေ့တင်းက ပြောသည်။

AA အဖွဲ့ကို ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ်သို့ ဖိတ်ခေါ်ရန် ရခိုင်အမျိုးသား ပါတီ (ANP)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က လွှတ်တော်သို့ တင်ပြခဲ့ပြီး ဖြစ်၍ ယခုဖြစ်စဉ်ကို သီးခြား သဘောထားပေးရန် မရှိကြောင်း ကျောက်ဖြူမြို့နယ် အမတ် ဦးဘရှိန်ကလည်း ပြောသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးက ယင်းဒေသသည် ၎င်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့စဉ်က AA လက်နက်ကိုင် အဖွဲ့မရှိဘဲ ယခုအခါမှ ပေါ်ပေါက်လာသည့် သောင်းကျန်းသူအဖွဲ့တခု ဖြစ်ကြောင်း၊ တပ်မတော်နှင့် လူထုကိုသာ ဒုက္ခပေးနေသည့် AA အဖွဲ့ကို ငြိမ်းချမ်းရေး ကမ်းလှမ်းရန်လည်း မလိုကြောင်း ပြောသည်။

“အစိုးရက ဒါကို ပြတ်ပြတ်သားသား လုပ်ရမှာ။ အစိုးရက တပ်မတော်ကိုလည်း ကာကွယ်မပေးဘူး။ လုံခြုံရေး လုပ်နေသူတွေကိုလည်း ကာကွယ်မပေးဘူး။ ဒါကပြောမယ်ဆိုရင် ဒီလို လွှတ်တော်တွေမှာတောင် တင်ဖို့ သင့်နေပြီ။ သောင်းကျန်းသူကို သောင်းကျန်းသူလို့ ပြောရဲရမယ်။ အကြမ်းဖက်ကို အကြမ်းဖက်လို့ ပြောရဲရမယ်။ ဘာကို တွန့်ဆုတ်နေမှာလဲ။ အခုက ပြည်သူပဲ ဒုက္ခရောက်နေတာ”ဟု ၎င်းက ပြောသည်။

ဧရာဝတီက အထက်ပါသတင်းကို အတည်ပြုနိုင်ရန် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့ထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပါ။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုုင်းရှိ ကုုန်ပြင်ကျေးရွာအနီး တပ်မတော် ခမရ (၃၇၈) နှင့် AA’တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကုုန်ပြင်နှင့် အနီးတဝိုုက်ကျေးရွာများမှ ပြည်သူများ ၃၀၉ ဦး တိမ်းရှောင်ခဲ့ကြကြောင်း၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်၊ နုံုးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲတွင် တပ်မတော်သားများ စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စင်းနှင့် အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် စက်လှေတစင်းအား AA များက ပစ်ခတ်သဖြင့် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ ရှင်းလက်ဝကျေးရွာသား ကျောက်ဖြူ စက်မှုလက်မှုသိပ္ဗံ ကျောင်းသားတစ်ဦး ထိခိုုက်သေဆုံးခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။

ချင်းပြည်နယ်အစိုးရက ထိခိုုက်ဒဏ်ရာရရှိပြီး ပလက်ဝဆေးရုံ တွင် ဆေးကုုသမှု ခံယူနေသည့် ပြည်သူ ၃ ဦးအား ၁ ဦးလျှင် ကျပ်တသိန်းစီနှင့် သေဆုံးသည့် ကျောင်းသား အတွက် ကျပ်သုံးသိန်း ထောက်ပံ့ပေးသွားမည် ဖြစ်ပြီး၊ တိုက်ပွဲရှောင် ပြည်သူများအတွက် အရေးပေါ် ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ယင်းဒေသများတွင် လှုပ်ရှားမှုများ ရှိနေသည့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF)တို့မှာမူ အစိုးရနှင့် NCA လက်မှတ်များ ရေးထိုးထား၍ တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading