သတင်း

အစိုးရနှင့် DPN အပစ်ရပ် စာချုပ်အတွက် ဆက်လက် ညှိနှိုင်းရဦးမည်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှုစာချုပ် (NCA) ရေးထိုးနိုင်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်း ရေး ကော်မရှင် (PC) နှင့် နိုင်ငံရေးဆွေးနွေးရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (DPN) တို့ကြား ညှိနှိုင်းမှုများ မပြီးပြတ်သေး သဖြင့် အစည်းအဝေး ထပ်မံခေါ်ယူပြီး ဆွေးနွေးရဦးမည်ဟု နှစ်ဖက်တာဝန်ရှိသူများက ပြောသည်။

PC နှင့် DPN တာဝန်ရှိသူများက NCA ရေးထိုးနိုင်ရေးအတွက် နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး စင်တာ၌ ဆွေးနွေးသည့် သတ္တမ အကြိမ်မြောက် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုုလိုက်ခြင်း ဖြစ်သည်။

PC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “ကျနော်တို့ အပြီးသတ် ဆွေးနွေးဖို့ ကျန်တယ်။ အပြီးသတ်ဆိုတာ အများကြီး မဟုတ် ဘူး။ နောက်ဆုံး ၁ ချက် ၂ချက်ပဲ ။ အဲ့ဒါကို နှစ်ဖက် ခေါင်းဆောင်တွေကို တင်ပြီး အတည်ပြုချက် ယူပြီး နောက် တကြိမ် ပြန်တွေ့ပါမယ်”ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်တွင် NCA ထိုးပြီးနောက် နှစ်ဖက်တပ်များ အပြန်အလှန် လိုက်နာရမည့် တပ်ပိုင်းဆိုင်ရာ စောင့်ထိန်း အပ်သည့် ကျင့်ဝတ်များ၊ တပ်နေရာ ပြန်လည်ချရေးဆိုင်ရာ စသည့် စစ်ဘက်ရေးရာ ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

DPN မှ ပြောရေးဆိုခွင့်ရှိသူ ခူဦးရယ်က “လောလောဆယ်မှာတော့ ကျနော်တို့ အများကြီး ပြောစရာ မရှိပါဘူး။ ဆွေးနွေးမှု ပုံစံတွေကတော့ အားလုံး ကောင်းကောင်းမွန်မွန် ရှိပါတယ်။ အားလုံး ကျနော်တို့ တင်ပြချက် ၈ချက်နဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို ရောက်ဖို့ နီးနေပါပြီလို့ပဲ ပြောရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

NCA ရေးထိုးနိုင်ရေး အတွက် DPN ဘက်က အချက်၈ ချက် တောင်းဆိုထားပြီး ထိုအချက်များတွင် NCA ထိုးပြီးနောက် တနိုင်ငံလုံး အပစ်ရပ်လိုက်ပြီ ဖြစ်ကြောင်း နှစ်ဦးနှစ်ဖက် ကြေညာရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ တည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် သတ်မှတ်ရေး၊ NCA မထိုးခင် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် (COC) နှင့် စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (TOR)၊ တပ်နေရာ ပြန်လည်ချထားရေး ကိစ္စရပ်များ ကြိုတင်သဘောတူရေး၊ အပစ်ရပ်လုပ်ငန်းစဉ်ကို စောင့်ကြည့်ရေးတို့ ပါဝင်သည်။

ထို့အပြင် နိုင်ငံတကာမှ ကိုယ်စား လှယ်များ၊ ဥပဒေ ပညာရှင်များ ပါဝင်သည့် ကော်မတီများ ဖွဲ့ရေး၊ တိုင်းရင်းသား ဒေသ များ တွင် စီမံကိန်းများ လုပ်ဆောင်မည် ဆိုပါက ဒေသခံ ပြည်သူလူထုနှင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့၏ သဘောထား ရယူရေးတို့လည်း ပါဝင်ကြောင်း သိရသည်။

DPN ၏ အချက် ၉ ချက်သည် အထက်ပါ အချက် ၈ချက်ကို သဘောတူညီပြီးပါက NCA လက်မှတ် ထိုးမည်ဟူ၍ ဖြစ်သည်။

အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် အစည်းအဝေးတွင် COC ၊ TOR နှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အဓိက ဆွေးနွေးရန် ကျန်ရှိနေသည်ဟု ပြောဆိုထားသော်လည်း ယခုနိုဝင်ဘာလ အစည်းအဝေးတွင်မူ မည်သည့်အချက် ကျန်ရှိ နေသည် ဆိုသည်ကို နှစ်ဘက်လုံးမှ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

သတင်းထောက်များက အတိအကျ ပြောဆိုပေးရန်၊ စာဖတ်သူများ နားလည်အောင် ပြောဆိုပေးရန် မေးမြန်းကြ သော်လည်း နှစ်ဖက်လုံးမှ အစည်းအဝေး ဆွေးနွေးချက်များကို ပြောပြခြင်း မရှိပါ။

ဦးဇော်ဌေးက “ကျနော်တို့ ဆွေးနွေးတာ အပြီးသတ် နောက်ဆုံးဆွေးနွေးဖို့ ကျန်နေတယ်။ အဲ့ဒါလည်း အများကြီး မဟုတ် ဘူး။ အဲ့ဒီအပေါ်မှာလည်း ထပ်ဆင့်ပြီးတော့ ဘယ်အကြောင်းအရာ ဆိုတာကို ပြောမှာလည်း မဟုတ်ဘူး။ မေးလည်း မမေးနဲ့။ မီဒီယာတွေ ဖော်ပြတဲ့အပေါ်မှာ ကျနော်တို့ရဲ့ ဆွေးနွေးမှုကို ထိခိုက်စေတယ်လို့ ၂ဖက်လုံးက ယူဆတယ်။ အဲ့ဒါ ကြောင့် မပြောတာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ခူဦးရယ်ကလည်း အစည်းအဝေးတွင်း ဆွေးနွေးချက်များအနက် အသိပေး၍ ရသည်များ ရှိသလို အသိပေးရန် မဖြစ်နိုင် သည့် အချက်များ ရှိကြောင်း၊ ထို့ကြောင့် မပြောနိုင်ပါဟု ဆိုသည်။

ယခုအစည်းအဝေးအတွင်း ဆွေးနွေးထားချက်များကို နှစ်ဖက်ခေါင်းဆောင်များထံ အသီးသီးပြန်လည် တင်ပြကြမည် ဖြစ်ပြီး ယခုနိုဝင်ဘာလအတွင်း အစည်းအဝေး ပြန်လည် ခေါ်ယူသွားမည်ဟု သိရသည်။

DPN သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များ ဖြစ်သည့် မွန်ပြည်သစ် ပါတီ (NMSP) ၊ ကရင်နီအမျိုးသား တိုးတတ်ရေး ပါတီ (KNPP) ၊ ရခိုင် အမျိုးသား ကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading