ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီတာများ ယူနစ် ဖတ်ယူရာတွင် အဝေးထိန်း စနစ်ဖြင့် ဖတ်ယူမည်ဖြစ်ပြီး ကျသင့်သည့် ဓာတ်အားခကို Advanced Metering Infrastructure (AMI) စနစ်ဖြင့် ပြောင်းလဲ ကောက်ခံရန် စီစဉ်နေကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက အဝေးထိန်းစနစ်ဖြင့် မီတာဖတ်ယူပြီး၊ ကျသင့်သည့် ဓာတ်အားခကို Advanced Metering Infrastructure (AMI) စနစ်ဖြင့် ဒေါပုံမြို့နယ်၌ ရှေ့ပြေးစီမံကိန်းအနေဖြင့် စတင်ဆောင်ရွက်ခဲ့ပြီးနောက် မှားယွင်းမှု မရှိသဖြင့် ၎င်းစနစ်ဖြင့် မီတာခ ကောက်ခံခဲ့ရာ အချိန်ကုန်သက်သာပြီး၊ တိကျမှန်ကန်မှုရှိခြင်းကြောင့် တောင်ဥက္ကလာပ၊ ရွှေပေါက်ကံမြို့နယ်များအား တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “မီတာဖတ်တာကို လူကိုယ်တိုင်လိုက်ပြီးတော့ ဖတ်စရာမလိုတော့ဘူး။ အချက်အလက် စင်တာကနေပြီးတော့ တပြိုင်နက်တည်း ဖတ်လို့ရတယ်။ ဆိုလိုတာက မီတာပုံးတွေ အားလုံးကို လူတွေနဲ့လိုက်ဖတ်ရင် အချိန်ကုန်မယ်။ ဒီစနစ်က လူကြောင့် မှားယွင်းတယ်ဆိုတဲ့ အချက် အားလုံးမဖြစ်တော့ပါဘူး” ဟု ယမန်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ လစဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများအား ပြောသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒါရိုက်တာအဖွဲ့ ၄ ဦးအောင်ကျော်ဦးက “အဓိက ဒီစနစ်မှာ ဘာပါလဲဆိုတော့ မီးသုံးသူဟာ ဟမ်းဖုန်းကနေပြီးတော့ သူ့ရဲ့ မီတာသုံးတဲ့ ယူနစ်ကို ကြည့်လို့ရတယ်။ မီတာ ဘယ်လောက်သုံးထားလဲဆိုတာ သူကြိုက်တဲ့အချိန်မှာ သူဖွင့် ကြည့်လို့ရတယ်။” ဟု ပြောသည်။
မီတာသုံးစွဲထားသည့်ပမာဏကို အသုံးပြုနေသည့် လက်ကိုင်ဖုန်းမှ အလွယ်တကူကြည့်ရှုနိုင်ခြင်းကြောင့် အသုံးပြုထားသည့် ပမာဏ မြင့်မားနေပါက ဝင်ငွေနဲ့ ချိန်ကိုက်ပြီး လျှပ်စစ်မီတာကို သုံးစွဲနိုင်မည်ဖြစ်သည်။
အဆိုပါ စနစ်ကို စတင်နိုင်ရန် စီစဉ်နေပြီ ဖြစ်သော်လည်း စတင်လုပ်ဆောင်မည့် အချိန် အသေးစိတ်ကိုမူ အသေးစိတ် မသိရှိရသေးပါ။
AMI စနစ်သို့ ပြောင်းလဲအသုံးပြုရာတွင် လျှပ်စစ်မီးသုံးစွဲသူများမှ ထပ်မံ၍ ငွေကြေးကုန်ကျရန် မလိုဘဲ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လက်ရှိတပ်ဆင်ထားသည့် Offsite Meter Reading (OMR) မီတာများကို AMI စနစ်သို့ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဒေါပုံမြို့နယ်တွင် လက်ရှိတပ်ဆင်ထားသည့် Offsite Meter Reading (OMG) မီတာများ အသုံးပြု၍ Advanced Metering Infrastructure (AMI) စနစ်ဖြင့် တိုးချဲ့စမ်းသပ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းအား Pilot Project အဖြစ် ၂၀၁၆ ခုနှစ် စင်တင်ဘာလမှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။