မြန်မာ-ထိုင်း နှစ်နိုင်ငံမှ တာဝန်ရှိသူများသည် မယ်ဆိုင်-မယ်ဟောက် ချောင်းအတွင်း ရေခွဲဝေသုံးစွဲရေး အတွက် ဝါးတန်း ဖြင့် ယာယီရေးတား ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး က ထုတ်ပြန် သည်။
မယ်ဆိုင်-မယ်ဟောက်ချောင်း ရေခွဲဝေ သုံးစွဲရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေး ဆိုင်ရာ နှစ်နိုင်ငံ ဆပ်ကော်မတီ အစည်း အဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၈ ရက် က ရှမ်းပြည်နယ် တာချီလိတ်မြို့ ဇန်းမွန်အာခါ ဟိုတယ်တွင် ကျင်းပခဲ့ပြီး သဘောတူညီမှု ရယူခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်ကော်မတီ (TBC) အဖွဲ့ဝင် တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က “သူတို့ဆီ က ဘာတောင်းဆို ထားလဲဆိုတော့ ငှက်ပျော်ဆိပ်နဲ့ ဂရင်းဆိပ် ပေါ့နော်။ အဲ့ဒီ ၂ ခုမှာ အတားအဆီး ၂ ခု ပြန်လုပ်ချင် တယ်။ ချောင်းထဲမှာ အတားအဆီးလုပ်တဲ့ ၂ ခုကိုလည်း သူက ဖယ်ရှားပေးမယ်လို့ ဆိုလာတယ်။ အတားအဆီး ၂ ခုကို ဖယ်ရှားပေး ဖို့ဆိုတာ ကျနော်တို့က လက်မခံချင်ဘူး။ ကျနော်တို့က အားလုံးကို ဖယ်ရှားရမယ်”ဟု ပြောသည်။
အတားအဆီးဆိုသည်မှာ ယခင်က နည်းပေါင်းစုံနှင့် ချောင်းထဲတွင် ချထားသော အတားအဆီးအားလုံးကို ဖယ်ရှား ပြီးမှ သာ လျှင် ယာယီရေတားရန် ခွင့်ပြုနိုင်သည်ဟု မြန်မာဘက်က ပြောလိုက်ကြောင်း၊ ထိုင်းဘက်က ဝါးတန်း ၅ တန်းနှင့် ကာရန် လိုကြောင်း၊ မြန်မာဘက်က ဝါးတန်း ၅ တန်းအစား ဝါးတန်း ၃ ခုအဖြစ် ပြောင်းမည်ဟု ပြောဆိုကြောင်းလည်း ၎င်းက ပြောပြ သည်။
နိုဝင်ဘာ ၈ ရက် အစည်းအဝေးမှ တဆင့် သဘောတူညီချက် အရ မယ်ဆိုင်-မယ်ဟောက်ချောင်း အတွင်း BRP-492 (ငှက်ပျော်ဆိပ်)၊ BRP-458 (ဂရင်းဆိပ်)၊ BRP-492 (ဝါးဆိပ်)ရှိ အတားအဆီးများ အားလုံးကို ထိုင်းနိုင်ငံဘက်မှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်တွင် ဖယ်ရှားပေးရမည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ငှက်ပျော်ဆိပ်နှင့် ဂရင်းဆိပ်အနီးတွင် ဝါးတန်းဖြင့် ယာယီရေတားမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ ဆောင်ရွက်သွားရန် နှစ်နိုင်ငံ ဆပ်ကော်မတီကြား သဘောတူညီမှု ရရှိခဲ့ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်သည်။
အလားတူ ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်မှ ၇ ရက်အတွင်း အပြီး ဖယ်ရှားပေးရန်နှင့် ထိုင်းနိုင်ငံဘက်မှ ယာယီ ရေတားများကို နှစ်ဖက် သဘောတူညီထားသည့်အတိုင်း ဖျက်သိမ်းပေးခြင်း မရှိပါက မြန်မာနိုင်ငံဘက်မှ မိုးရာသီကာလတွင် ရေကြီး ရေလျှံမှုများ ကာကွယ်ရန်အတွက် ဝင်ရောက် ဖျက်သိမ်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိ သည်။
“ကျနော်တို့ ကာတဲ့အခါပဲ ဖြစ်ဖြစ်၊ ဖျက်တဲ့အခါပဲ ဖြစ်ဖြစ် စနစ်တကျနဲ့ ကိုယ့်ဘက်က နစ်နာမှု မရှိရလေအောင် နဲ့ တဖက် ကလည်း ပေးထားတဲ့ ကတိကဝတ်ကို တည်နိုင်သမျှ တည်ဖို့အတွက်က အဓိက လိုအပ်တာ ဖြစ်ပါတယ်။ ဘာလို့ဆို တဖက်က လည်း စိုက်ပျိုးရေ ရဖို့အတွက်ကို နည်းပေါင်းစုံနဲ့ ကြိုးစားနေတယ်။ တဖက်ကလည်း ကျနော်တို့ တာချီလိတ်မှာ ရေကြီး ရေလျှံ နှစ်တိုင်း ဖြစ်တာတွေ့ရှိရတယ်။ ကျနော်တို့မှာလည်း ဆုံးရှုံးမှုတွေ များပါတယ်။ တဖက်ကနေပြီးတော့ ထိုင်းရွာသား တွေ ဝင်လုပ်သွားတဲ့ ဟာတွေ၊ ကတိကဝတ် မတည်တာတွေ တွေ့ရတယ်။ တဖက်အနေနဲ့ ကတိကဝတ် တည်ဖို့ အဓိကကျပါ တယ်”ဟု တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။
မယ်ဆိုင်ချောင်းအတွင်း ရေခွဲဝေသုံးစွဲခြင်းနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးအပေါ် နှစ်နိုင်ငံ ဒေသခံများကြား အငြင်းပွား လေ့ ရှိနေပြီး ၂၀၁၆ ခုနှစ်အတွင်းက တာချီလိတ်ဒေသခံများနှင့် ထိုင်းလယ်သမားများ ပြဿနာ ဖြစ်ပွားခဲ့သေးသည်။
အဆိုပါ ချောင်း ရေခွဲဝေသုံးစွဲနိုင်ရေးနှင့် မြစ်ကြောင်း ထိန်းသိန်းနိုင်ရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနများမှ တဆင့် နယ်နိမိတ် သတ်မှတ်ရေးနှင့် ထပ်တိုး မိုင်တိုင် ၁၈ တိုင် စိုက်ထူရေး ဆွေးနွေးမှုများလည်း ရှိကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော မယ်ဆိုင်-မယ်ဟောက်ချောင်း ရေခွဲဝေ သုံးစွဲရေးဆိုင်ရာနှင့် မြစ်ကြောင်း ထိန်းသိန်းရေး နှစ်နိုင်ငံ ဆပ်ကော်မတီ အစည်းအဝေးသို့ မြန်မာဘက်မှ ဆပ်ကော်မတီ ဥက္ကဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ ဦး တက်ရောက်ခဲ့ပြီး ထိုင်းဘက်မှ ဆပ်ကော်မတီ ဥက္ကဌ ချင်းရိုင် ဒု ခရိုင်အုပ်ချုပ်ရေးမှူး Mr.Paskorn Boonyalug ဦးဆောင်သော ကိုယ်စားလှယ် ၃၃ ဦး တက်ရောက်ခဲ့ကြ ကြောင်း တာချီလိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးက ထုတ်ပြန်ခဲ့သည်။