သတင်း

အိမ်သာထဲ ကင်မရာပုန်း ခိုးရိုက်သူ မြန်မာတဦးကို စင်ကာပူ ထောင်ချ

Want create site? Find Free WordPress Themes and plugins.

စုပေါင်းအိမ်ယာတခုရှိ ရေအိမ်နှင့် ရေချိုးခန်းအတွင်း ကင်မရာပုန်းပါသည့်ဘောပင်ဖြင့် အမျိုးသမီး ရေချိုးသည်ကို ရိုက်ကူးမှုကြောင့် မြန်မာတဦးကို စင်ကာပူ တရားရုံးက ထောင်ဒဏ်ချခဲ့ကြောင်း The Strait Times သတင်းတပုဒ်အရ သိရသည်။

စင်ကာပူ ပိုလီတက္ကနစ်ကျောင်းတွင် ရေကြောင်းပညာဆည်းပူးခဲ့သူ အသက် ၃၂ အရွယ်ရှိ ပြည့်ဖြိုးအောင်သည် အမျိုးသမီးရေချိုးနေသော ၂၀ စက္ကန့်မှ ၁၀ မိနစ်အထိ အသီးသီးရှိကြသည့် ဗီဒီယိုဖိုင် ၉ ခုကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်မှ ၂၄ ရက်အထိ အကွက်ဆင် ရိုက်ကူးခဲ့သည်ဟု သတင်းက ဆိုသည်။

အမျိုးသမီးတဦး၏ ကိုယ်ရေးကိုယ်တာကို ကျူးကျော်နှောင့်ယှက်မှု စွဲချက် ၃ မှုကို ကျူးလွန်ကြောင်း ဝန်ခံအပြီး သူ့ကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ထောင်ဒဏ် ရက် ၁၄၀ ချမှတ်ခဲ့ကြောင်း သတင်းက ဆိုသည်။

သတင်းအရ ၎င်းစီရင်ချက်ချနေစဉ်အတွင်း ရုပ်သံအက်ဥပဒေနှစ်ခုဖြင့် အခြားစွဲချက်ကိုးခုကိုလည်း ရင်ဆိုင်နေရကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ စုပေါင်းအိမ်ငှားနေသူ အမျိုးသမီးသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်က ရေအိမ်အတွင်း ရှိနေစဉ် အစိမ်းရောင်မီး တဖျတ်ဖျတ် လင်းနေသော ကင်မရာပုန်းပါသည့် ရေဘာပင်ကို တွေ့ခဲ့ကြောင်း လက်ထောက် အစိုးရရှေ့နေ ရာဂျာမိုဟန်က သတင်းစာကို ပြောသည်။

ယင်းဘောပင်ကို သံသယရှိသဖြင့် သူမက အိမ်ရှင်ထံ အပ်နှံခဲ့ကြောင်း၊ ထိုနေ့မွန်းလွဲပိုင်းတွင် ပြည့်ဖြိုးအောင်နှင့် အိမ်ရှင်တို့ အနီးရှိ ရဲစခန်းသို့ လာရောက်ကာ ဘောပင်ကို လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။

သတင်းအရ ပြည့်ဖြိုးအောင်က ဘောပင်ပိုင်ရှင်ကို မသိဟု ငြင်းဆိုကြောင်း၊ သို့သော် ရေအိမ်သို့ ယင်းနေ့ညနေတွင် ဝင်ခဲ့ကြောင်း၊ ၎င်းသည် ဘောပင်ကို အတူအိမ်ငှားနေသည့် အမျိုးသမီးရေချိုးစဉ် ဗီဒီယိုရိုက်ကူးရန် ရေချိုးခန်းသို့ ရွှေ့ချိတ်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းသည် ဗီဒီယိုဖိုင်ကို ၎င်း၏ လက်ကိုင်ကွန်ပျူတာဖြင့် ပြန်လည်ကြည့်ရှုခဲ့ကြောင်း ဝန်ခံသည်ဟု သိရသည်။

၎င်းကွန်ပျူတာအတွင်း ဗီဒီယိုဖိုင်တို ၁၃ ခုရှိပြီး ၉ ခုမှာ အမည်မသိ အမျိုးသမီးများ ရေချိုးနေပုံများဖြစ်သည်ဟု သတင်းက ဆိုသည်။

ပြည့်ဖြိုးအောင်၏ ရှေ့နေက သင်္ဘောသားသင်တန်း နည်းပြတဦးဖြစ်သူ ၎င်းအမှုသည်သည် စိတ်ကိုအလိုလိုက်၍ ပြုမူခဲ့မိသည်များကို နောင်တရရှိနေပြီဖြစ်သဖြင့် တွေ့ဆုံဆွေးနွေး ပညာပေးမှုခံယူလိုကြောင်း ပြောကြားသည်။

ပြည့်ဖြိုးအောင်သည် ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်လုပ်ငန်းမှ Class 2 Certificate of Competency စာမေးပွဲအောင်မြင်ပြီးကတည်း ရေကြောင်းကပ္ပတိန်တဦးဖြစ်လာစေရန် အလားအလာ ကောင်းသူဖြစ်ကြောင်း ၎င်းရှေ့နေက ဆိုသည်။

သို့သော် သတင်းအဆို ပြည့်ဖြိုးအောင်သည် အမျိုးသမီးတဦးကို ထိပါးနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်တနှစ် (သို့မဟုတ်) ပြစ်ဒဏ်တခုချင်းအတွက် ငွေဒဏ်များ ကျခံနိုင်ဖွယ်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading