မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဘာသာရေး တက်ကြွ လှုပ်ရှားသော သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာ သံဃာတော် တပါး ဖြစ်သည့် အရှင် ဉာဏစာရ နှင့် နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက တွေ့ဆုံခဲ့ကြောင်း ဦးဝီရသူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
အရှင် ဉာဏစာရ သည် သီရိလင်္ကာ အခြေစိုက် ဗုဒ္ဓဘာသာ လှုပ်ရှားမှု အဖွဲ့တဖွဲ့ ဖြစ်သော Bodu Bala Sena(BBS) အဖွဲ့ ၏ အတွင်းရေးမှူး ဖြစ်ကြောင်းလည်း သိရှိရသည်။
မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် ကျော်ကြားသည့် အရှင် ဉာဏစာရ အနေဖြင့် မြန်မာနိုင်ငံမှ အမျိုးသားရေး သမားများကို အားပေးရန် လာရောက်ခြင်း ဖြစ်ကြောင်းလည်း ဦးဝီရသူက ဖော်ပြထားသည်။
တွေ့ဆုံစဉ်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ဦးဆောင်ဆရာတော် တပါး ဖြစ်သည့် ဦးဝီရသူက ၎င်းသုတေသန ပြုထားသော အစ္စလမ် လွှမ်းမိုးရေး လှုပ်ရှားမှု မှတ်တမ်း စာအုပ်ကို အရှင် ဉာဏစာရ ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းတို့တွေ့ဆုံမှုနှင့် ဆွေးနွေးပြောကြားဖြစ်သည့် အခြေအနေများအား ဦးဝီရသူထံ ဆက်သွယ် မေးမြန်ခဲ့သော်လည်း သတင်းဌာနများကို ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း ပြန်လည် မိန့်ကြားသည်။
BBS အဖွဲ့အနေဖြင့် ၎င်းတို့တွေ့ဆုံမှုကို နိုဝင်ဘာ ၉ ရက်နေ့က ၅ မိနစ်ခန့်စာ (Facebook Live) တိုက်ရိုက် ထုတ်လွှင့် ခဲ့ပြီး ၎င်းရုပ်သံ ထုတ်လွှင့်မှုအတွင်း ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ သတင်း အချက်အလက် အမှန်များ နိုင်ငံတကာက သိရှိ အောင် ပူးပေါင်းဆောင်ရွက်သွားရန် အရှင် ဉာဏစာရ နှင့် အတူ လိုက်ပါလာသူ တဦးက ဦးဝီရသူထံ လျှောက်ထား ခဲ့သည်ကို တွေ့ရသည်။
သီရိလင်္ကာနိုင်ငံအတွင်း မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် အဓိက ပါဝင်ခဲ့သည်ဟု ဆိုကာ သံသယရှိမှုဖြင့် အမှု ရင်ဆိုင်ခဲ့ဖူးသည့် အရှင် ဉာဏစာရ ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ၎င်းအား “သီဟိုဠ် ဝီရသူ”အဖြစ် ဦးဝီရသူ က တင်စား ဖော်ပြထားသည်။
Bodu Bala Sena(BBS) အဖွဲ့သည် အမြဲပြောင်းလဲနေသော ကမ္ဘာ့အယူအဆများကြား ဗုဒ္ဓဘာသာ လူမှုတန်ဖိုး များ ကို ကာကွယ် စောင့်ရှောက်ရာတွင် နိုင်ငံကို ဦးဆောင်ရန် နှင့် ထိုသို့ လုပ်ဆောင်ရာတွင် သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဌာန်းချက်များနှင့်အညီ အစီအစဉ်များ၊ စီမံချက်များ ရေးဆွဲရန် ဘိက္ခူ (သံဃာ)၊ ဘိက္ခူနီ (သီလရှင်)၊ ဥပကာ (ယောက်ျား)၊ ဥပါသက (မိန်းမ) ဟူ၍ ဗုဒ္ဓဘာသာ အပိုင်း ကဏ္ဍ လေးခု ခွဲခြား ဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်ကြောင်း BBS ၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထား သည်။
ဆက်စပ်ဖတ်ရှုရန် – မွတ်ဆလင် မုန်းတီးရေး ရာဇဝတ်မှု သီရိလင်္ကာ ပထမဆုံး ဖမ်းဆီး