နေပြည်တော် လွှတ်တော် အဆောက်အအုံ အနီး Drone ယာဉ်နှင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးထားသော လူ ၄ ဦးကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၂ လစီ ချမှတ် လိုက်သည်။
တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန အတွက် စကားပြန်လုပ်နေသည့် သတင်းထောက် ကိုအောင်နိုင်စိုး အပါအဝင် စင်ကာပူ နိုင်ငံသား တဦး၊ မလေးရှား နိုင်ငံသူ တဦးနှင့် ယာဉ်မောင်း ဖြစ်သူ ဦးလှတင် တို့ကို ၁၉၃၄ ခုနှစ် လေယာဉ် အက် ဥပဒေ ပုဒ်မ ၁၀ အရ ပြစ်ဒဏ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး သွင်းကုန် ထုတ်ကုန် ဥပဒေဖြင့်လည်း ဆက်လက်၍ အမှု ဖွင့်ထား သည်။
ကိုအောင်နိုင်စိုးက “လက်ရှိ ထောင်ဒဏ်၂လ အကျခံရတယ်။ ၁၉၃၄ ခုနှစ် လေယာဉ် အက်ဥပဒေ ပုဒ်မ ၁၀ အရပေါ့။ ဒါပေမယ့် ကျနော်တို့ တရားစွဲတဲ့ အချိန်မှာ ပုဒ်မ ၈ နဲ့ပဲ စွဲတာကို သိထားတာပေါ့နော်။ ဒီရောက်မှ ဥပဒေပုဒ်မ ၁၀ နဲ့ ဆွဲ တယ် ဆိုတာ သိလိုက်ရတယ်။ ထောင်ဒဏ် ၃ လနဲ့ ဒဏ်ငွေ ၅ သောင်း ချနိုင်တဲ့ဟာ ကျနော်တို့ကို ထောင်ဒဏ် ၂လ ချလိုက် တယ်။ ၄ ယောက် စလုံးကို ချလိုက်တာပါ”ဟု တရားရုံးက အထွက်တွင် ပြောသည်။
အောက်တိုဘာလ ၂၇ ရက်နေ့က ဖမ်းဆီးထိန်းသိမ်း ခံထားရသူ စုစုပေါင်း ၄ ဦး ရှိသော်လည်း ဒရုန်း ပျံသန်းရန် ကြိုးပမ်း ခဲ့ သူမှာ တူရကီ သတင်းဌာန TRT မှ ကင်မရာဆရာ စင်ကာပူ နိုင်ငံသား Lau Hon Meng တဦးတည်းသာ ဖြစ်၍ ကျန်သူ များ မှာ ကားပေါ်တွင် ကျန်ခဲ့သဖြင့် မသိလိုက်ရကြောင်းလည်း သတင်းထောက် ကိုအောင်နိုင်စိုးက နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။
“အဲဒီအချိန်မှာ ဒရုန်းထဲက SD ကတ်ကို ရဲအရာရှိ ၂ယောက်က သူတို့ရဲ့ဖုန်းထဲမှာ ၁ကြိမ်စီ ထည့်ကြည့် တယ်။ နေပြည်တော် လွှတ်တော်နဲ့ ပတ်သက်တဲ့ ဗီဒီယိုတခုမှ မတွေ့ရဘူး။ ကျနော်တို့ကို အမှတ် ၅ ရဲစခန်းကို ခေါ်သွား တယ်။ အဲဒီမှာ တပ်မတော် အရာရှိ တယောက် ထိုင်နေတယ်။ သူ့ရှေ့က ကွန်ပြူတာမှာ စစ်ကြည့်တော့ အင်းဝမှာ ဒရုန်းပြန် ထားတဲ့ ဗီဒီယိုဖိုင်တွေပဲ တွေ့ရ တယ်”ဟုလည်း ကိုအောင်နိုင်စိုးက ပြောပြသည်။
ယင်းနောက်တွင် ၎င်းတို့ထံမှ ဖုန်းများကို သိမ်းဆည်း၍ ကိုအောင်နိုင်စိုးနှင့် ကားဆရာ ဦးလှတင်တို့ကို ပျဉ်းမနား အချုပ် ထောင် သို့ လည်းကောင်း၊ ကျန်နိုင်ငံခြားသားများကို အမှတ် ၅ ရဲစခန်းတွင် လည်းကောင်း ချုပ်နှောင်ထားခဲ့ကြောင်း၊ မိသားစု၊ ရှေ့နေတို့ဖြင့် တွေ့ခွင်မရဘဲ ယနေ့တွင် ပထမဆုံးအကြိမ် ပြင်ပမှသူများနှင့် တွေ့ဆုံခွင့် ရရှိခြင်း ဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။
ကားဆရာ ဦးလှတင်ကမူ ၎င်းသည် အဖေဖြစ်သူ၏ ကားကို အငှားမောင်းရသူ တဦးဖြစ်၍ ဧည့်သည် လိုက်ပို့ရသည့် သဘော ဖြစ်ကြောင်း၊ ဒရုန်းရိုက်ကူးမည်ကိုလည်း မသိဘဲ ထိုနေရာတွင် ကားရပ်ခိုင်း၍ ကားထဲတွင် အဲကွန်းဖွင့် ဂိမ်းဆော့ ကျန်ခဲ့ ကြောင်း၊ ခဏအကြာတွင် ရဲတချို့ ရောက်လာပြီး ကိုအောင်နိုင်စိုးနှင့် စကားပြောနေသည်ကို တွေ့ရကြောင်း ရှင်းပြ သည်။
“ကျနော် ကားမောင်းတယ်။ ကျနော့်ကို ကိုအောင်နိုင်စိုးက ရပ်ခိုင်းတယ်။ အဲဒီမှာပါလာတဲ့ နိုင်ငံခြားသား ကင်မရာ ဆရာ ကြီး က ဆင်းသွားတယ်။ အဲဒါလောက်ပဲ သိတယ်။ ကျန်တာ ဘာမှ မသိဘူး။ ကျနော် ကားပေါ်မှာ ထိုင်နေတယ်။ အဲကွန်း ဖွင့်ထားတယ်။ ကိုအောင်နိုင်စိုးရယ်၊ ကျနော်ရယ်၊ အမျိုးသမီး တယောက်ရယ် ကျန်ခဲ့တယ်”ဟု လည်း ၎င်းက ပြောသည်။
၎င်းတို့ ၄ ဦးကိုယနေ့ နံနက်ပိုင်းတွင် ရုံးထုတ်လာပြီးနောက် နေ့လယ်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် တရားသူကြီး ဦးဇော်ဝင်း ထွန်း က ပို့ကုန်၊ ထုတ်ကုနု် ဥပဒေပုဒ်မ ၈ ဖြင့် စတင် စစ်ဆေးခဲ့ပြီး ၂ ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လှဲချက် များ ပေးခဲ့ကြသော်လည်း တရားလို ရဲအရာရှိ ရဲအုပ် ထွန်းထွန်းဦး မလာရောက်နိုင်သဖြင့် အာမခံကိစ္စမှာ ပယ်ချခံခဲ့ရသည်။
ကိုအောင်နိုင်စိုး တို့၏ ရှေ့နေ ဦးခင်မောင်ဇော်က ကိုအောင်နိုင်စိုး၏ ကျန်းမာရေး မကောင်းမှု၊ တရားလို ရဲဝန်ထမ်းများ ဖြစ်သည့် သက်သေကို ဖျက်ဆီးနိုင်သူ မဟုတ်ခြင်း၊ ထွက်မပြေးကြောင်း အာမခံနိုင်ခြင်းတို့ကြောင့် အာမခံပေးရန်၊ ကား ဆရာ ဦးလှတင်မှာလည်း ကျန်းမာရေးမကောင်း၍ အာမခံပေးရန်နှင့် စင်ကာပူ နိုင်ငံသူမှာ အမျိုးသမီးဖြစ်၍ အာမခံပေးရန် တင်ပြခဲ့သည်။
သို့သော် တရားလိုရှေ့နေ ဥပဒေအရာရှိ အမျိုးသမီးက ယခု ပုဒ်မမှာ အာမခံပေး၍ မရကြောင်း လျှောက်လဲသဖြင့် အာမခံ ပေး၍ မရသည့် ပုဒ်မဖြစ်ခြင်း၊ တရားလို ရဲအရာရှိကို မစစ်ဆေးနိုင်သေးခြင်း၊ အမှု၏ အတိမ်အနက်ကို မသိသေးဘဲ တရား ခံ များသည် အမှုတွင် မည်မျှ ပါဝင်ပတ်သက်နေသည်ကို မသိရသေး၍ အာမခံမပေးနိုင်သေးကြောင်း တရားရုံးက ပယ်ချခဲ့ ကြောင်း သိရသည်။
ထို့အပြင် ကိုအောင်နိုင်စိုး တို့ကို ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့်သာ အရေးယူထားသည်ဟု သိရှိထားသော်လည်း ၁၉၃၄ လေကြောင်း ပျံသန်းမှု အက်ဥပေဒ အရပါ အရေးယူထားသည်ကို တရားရုံးရောက်မှ သိရကြောင်း၊ ယင်းဥပဒေမှာ ဝရမ်းအမှု မဟုတ်ဘဲ သာမန်အမှုသာ ဖြစ်၍ ထောင်ဒဏ် ၃လ သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်ကြောင်း ပြဌာန်းထားရာ တရား သူကြီးက ထောင်ဒဏ်၂လစီ အားလုံးကို အပြစ်ပေးခဲ့သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများသို့ ပြောသည်။
၁၉၃၄ ခုနှစ် လေယာဉ် အက်ဥပဒေ ပုဒ်မ ၁၀ အရ ဥပဒေ ချိုးဖောက်မှု တခုကို ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၅၀၀၀၀ ကျပ်ထက် မပိုသော ငွေဒဏ် သို့မဟုတ် နှစ်မျိုးလုံး ကျခံနိုင်ရကြောင်း သိရသည်။