သတင်း

ဘင်္ဂလားဒေ့ရှ်- မြန်မာ ပို့ကုန်တန်ဖိုး ကျပ် ၄၈၈ သန်း သန်းခန့် တင်ပို့နိုင်

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပို့ကုန်တန်ဖိုး ငွေကျပ် ၄၈၈ သန်းကျော် ( အမေရိကန်ဒေါ်လာ ၃၆၀၀၀၀ ကျော်) ကို အောက်တိုဘာလအတွင်း တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းသည် ကုန်သွယ်မှု ရပ်ဆိုင်းခဲ့ရာမှ အောက်တိုဘာလ ၁၄ နေ့တွင် ကုန်သွယ်မှုလုပ်ငန်းကို ပြန်လည် စတင်နိုင်ခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့ထိ ၁၈ ရက်အတွင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၆၃၄၉၇ ဒသမ ၆၅ တန်ဖိုး ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တင်ပို့ နိုင်ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သည်ကြီးများ အသင်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးအောင်စံသိန်းက ပြောသည်။

ဦးအောင်စံသိန်းက “ လက်ရှိကုန်သွယ်ရေး လုပ်ငန်း လည်ပတ်မှုကတော့ အခြေအနေကောင်းပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ ပြန်လည်ပတ်တာ အောက်တိုဘာ ၃၁ ရက်နေ့ထိ အမေရိကန် ဒေါ်လာ ၃ သိန်းကျော်အထိ ပို့နိုင်ခဲ့တယ်။ နယ်စပ်ကုန်သွယ်မှုလုပ်ငန်း ကတော့ အခြေအနေ ပြန်ကောင်းလာပါပြီ ” ဟု ဧရာဝတီသို့ ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသော ပို့ကုန်များမှာ ဆန်၊ ငါးခြောက်၊ အလှကုန် ပစ္စည်းနှင့် ချင်းစိမ်းတို့ ဖြစ်ပြီး တနေ့လျှင် စက်လှေ ၂ စီးမှနေ ၅ စီးအထိ တဖက်နိုင်ငံသို့ ကုန်ပစ္စည်းများကို တင်ပို့လျက် ရှိကြောင်း သိရသည်။

“ကျနော်တို့ နိုဝင်ဘာလ ပို့ကုန်တန်ဖိုးကိုတော့ မတွက်ရသေးဘူး ။ ဒါပေမဲ့ အခြေအနေက ကောင်းပါတယ်။ ဒီလအတွင်းမှာဆိုရင် အများအားဖြင့်တော့ ဆန်နဲ့ ငါးခြောက်၊ အလှကုန်ပစ္စည်း၊ ဇီးထုပ် တွေကို တင်ပို့နေရတယ်။ အခက်အခဲ ဖြစ်တာကတော့ အလုပ်သမားနဲ့ စက်လှေငှားဖို့ ရှာရတာပါ။” ဟု ဦးအောင်စံသိန်းက ဆက်လက် ရှင်းပြသည်။
ပြည်တွင်းမှ ပိ့ုကုန်များ တင်ပို့နေသော်လည်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှု ဖြစ်ပွားသည့်နောက်ပိုင်း တဖက်နိုင်ငံမှ သွင်းကုန် တင်သွင်းမှု နည်းပါးနေကြောင်း သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်မှုစခန်း၏ ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၆- ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၄၈ သန်း ရရှိခဲ့ပြီး ယခုနှစ် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ အကြား ကုန်သွယ်မှုတန်ဖိုးကို အမေရိကန်ဒေါ်လာ ၆ သန်း ရရှိအောင် လျာထားကြောင်း သိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၂၄ ရက်နေ့ထိ တကြိမ်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁၃ ရက်နေ့အထိ တကြိမ် ရပ်ဆိုင်းခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောနယ်စပ် ကုန်သွယ်မှု လုပ်ငန်းကို တိုးမြှင့် လုပ်ဆောင်နိုင်ရန် အတွက် မောင်တောမြို့နယ် ကညင်ချောင်းကျေးရွာတွင် စီးပွားရေးဇုန်စီမံကိန်းကို တည်ဆောက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် နတ်မြစ်အလင်းတန်း ကုမ္ပဏီ အစုအဖွဲ့တို့ ( MOU ) နားလည်မှု စာချွန်လွာကို စစ်တွေဟိုတယ်၌ အောက်တိုဘာလ ၂၀ ရက်နေ့က လက်မှတ်ရေး ထိုးခဲ့ကြသည်။

Loading