သတင်း

မတ္တရာဒေသ စကျင်ကျောက်များ ရှားပါးပြီး ဒေသခံများ အလုပ်အကိုင် နည်းပါးလာ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ စကျင်တောင်မှ ကျောက်များကို ကုမ္ပဏီများက စက်ယန္တရားများဖြင့် ထုတ်ယူနေခြင်းကြောင့် ကျောက်ရှားပါးပြီး ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာကြောင်း စကျင်ရွာ၊ သယံဇာတ အရင်းအမြစ်ချစ်သူများအဖွဲ့မှ ဦးအောင်ထူးက ပြောသည်။

ထို့ကြောင့် ဒေသခံများက အဆိုပါ ကုမ္ပဏီများ၏ စကျင်ကျောက် လုပ်ကွက်များ သက်တမ်းတိုးခြင်းကို ရပ်ဆိုင်းပေးစေလိုကြောင်း သိရသည်။

“လက်ရှိဖြစ်နေတာက ဒေသခံတွေက လက်နဲ့တူးကြပြီး အညံ့စားတွေထဲက ကောင်းတာလေး ရှာပြီး လုပ်နေရတယ်၊ ကုမ္ပဏီတွေက စက်တွေနဲ့ ထုတ်တော့ အမြန်ဆုံးကုန်သွားမယ်၊ နောက်နှစ် ၂၀ ဆို ကုန်သွားနိုင်လို့ ကုမ္ပဏီသက်တမ်းကုန် သွားတာတွေကို ဆက်တိုးမပေးဘဲ ဒေသခံတွေကို တနိုင်တပိုင် လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင် ဒေသမှာ အလုပ်အကိုင်ရှိမှာ ဖြစ်သလို နှစ်ပေါင်းများစွာတည်နိုင်မယ်” ဟု ဦးအောင်ထူးက ပြောသည်။

စကျင်ကျေးရွာမှ စကျင်ကျောက်များသည် ပြည်တွင်း၌ သာမက အိမ်နီးချင်း ပြည်ပနိုင်ငံများအတွက် ကိုးကွယ်ရာ ဘာသာအလိုက် ဆင်းတုရုပ်ပွားတော်များ၊ ရုပ်လုံးရုပ်ကြွများ၊ သိမ်တိုင်၊ ကမ္ဗည်းတိုင်၊ ကျောက်စာတိုင်များ၊ ကျောက်ပြား များပြုလုပ်မှု အစရှိသည့် မြန်မာ့ပန်းဆယ်မျိုးဝင် ပန်းတမော့ကျောက်ဆစ်လုပ်ငန်းများကို ယခင်ကတည်းက ထုဆစ် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပဈေးကွက်ကို တိုက်ရိုက်တင်ပို့လာနိုင်ကြသဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းလာသော်လည်း တနေ့ထက်တနေ့ အရည်အသွေးကောင်းသည့် စကျင်ကျောက်ကုန်ကြမ်း ရှားပါးလာခြင်းသည် ပန်းတမော့ ကျောက်ဆစ်လုပ်ငန်းအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာသည်ဟု စကျင်ကျေးရွာဒေသခံများက ပြောသည်။

ပန်းတမော့ကျောက်ဆစ်လုပ်ငန်းအတွက် အဓိကကုန်ကြမ်း စကျင်ကျောက်ကို ကျောက်တူးထုတ်လုပ်ခွင့် လေလံ ရရှိထားသူများထံမှ လည်းကောင်း၊ ကုမ္ပဏီများမှ ပြန်လည်ရောင်းချသည့် စကျင်ကျောက်တန်း အတွဲလိုက်ကို လည်းကောင်း ပြန်လည်ဝယ်ယူ၍ စကျင်ဒေသခံများက ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်နေကြရသည်ဟု သိရသည်။

“ဒေသခံတွေထုတ်လုပ်တဲ့ လုပ်ငန်းလိုင်စင်ကို သက်ဆိုင်ရာမှ တနှစ်တကြိမ်ပေးတယ်။ ဒေသခံတွေက စက်ယန္တရား ကြီးတွေ အသုံးပြုလို့မရဘူး၊ ကုမ္ပဏီတွေ စကျင်ကျောက်ထုတ်လုပ်ခွင့် ရပြီးတဲ့နောက် စကျင်ကျေးရွာအဝင်က စကျင်ကျောက်တောင်ဟာ တနှစ်အတွင်း မြေပြန့်အသွင် ဖြစ်သွားတယ်” ဟု စကျင်ကျေးရွာမှ ကျောက်ဆစ်လုပ်ငန်းနှင့် တနိုင်တပိုင် စကျင်ကျောက်ထုတ် လုပ်ခွင့်ရရှိထားသူတဦးက ရှင်းပြသည်။

စကျင်ဒေသတွင် ကုမ္ပဏီ ၅ ခုက ဧက ၇၀၀ ခန့်တွင် လုပ်ကိုင်ကြပြီး လက်ရှိတွင် လုပ်ကွက်သက်တမ်း မကုန်သေးသော PP Marble ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် MEC ကုမ္ပဏီရှိ၍ ကျောက်များကို စက်ယန္တရားများဖြင့် ၇ ပေ ပတ်လည်မှ ၁၂ ပေ ပတ်လည် အရွယ်အစား အမျိုးမျိုးကို လေးထောင်ပုံဖြတ်ပြီး ထုတ်လုပ်ကာ တရုတ်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အနောက်ဥရောပနိုင်ငံအချို့အထိ ကွန်တိန်နာများဖြင့် တင်ပို့နေကြောင်းသိရသည်။

ကုမ္ပဏီများမှ စကျင်ကျောက်များရောင်းချရာတွင် တတန်လျှင် ငွေကျပ် ၁၈ သိန်း ဝန်းကျင်ပေါက်ဈေးရှိသဖြင့် ပြည်တွင်း ကျောက်ဆစ်လုပ်ငန်းများက မဝယ်နိုင်ဘဲ ဒေသခံများထံမှ စကျင်ကျောက်ကိုသာ ဝယ်ယူကြောင်း၊ စကျင်တောင်မှ ထွက်ရှိသော စကျင်ကျောက်အရိုင်းတုံးများနှင့် အချောထည်များကို ယခင်အချိန်က မန္တလေးမြို့ရှိ ကျောက်ဆစ်တန်း ဈေးကွက် တစ်ခုတည်းကိုသာ အားထားခဲ့ကြရသော်လည်း ၂၀၁၀ပြည့်နှစ်ခန့်မှ စတင်ကာ တရုတ်ကုန်သည်များ စကျင်ဒေသအထိ တိုက်ရိုက်ဆင်းဝယ်ယူမှုများရှိလာကြောင်း သိရသည်။

“စကျင်ကျောက်ဆိုတာ ပေါများတဲ့ သယံဇာတအမျိုးအစား မဟုတ်တော့ ကျောက်ထုတ်ယူနေမှုတွေကို အရင်ကထက် ပိုမို တင်းကျပ်တဲ့စစ်ဆေးမှုတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်၊ သယံဇာတအရင်းအမြစ်ဆိုတာ အကန့်အသတ်ရှိတယ်၊ နောက် ထပ် ရနိုင်တာမျိုး မဟုတ်တော့ ထုတ်ယူသုံးစွဲတော့မယ်ဆိုရင် ဥပဒေတွေအပြင် မြေပြင်အခြေအနေနဲ့ ဒေသခံတွေရဲ့ ဆန္ဒတွေကိုလည်း ဦးစားပေးသင့်တယ်၊ ဒီလိုလုပ်မှသာ နောင်အနာဂတ်မျိုးဆက်အတွက် ကျန်သင့်ကျန်ထိုက်တဲ့ သယံဇာတတွေ ကျန်ရှိမယ်” ဟု စိမ်းရောင်စိုအဖွဲ့မှ ကိုမောင်မောင်ဦးက ပြောသည်။

ယခုအခါ စကျင်ကျေးရွာတွင် အိမ်ခြေ နှစ်ထောင်ခန့်၊ လူဦးရေ ၇၀၀၀ ကျော်ရှိရာ ၈၀ ရာခိုင်နှုန်းမှာ ကျောက်ဆစ် လုပ်ငန်းဖြင့် အသက်မွေးကြရာ ကုန်ကြမ်းနည်းပါးလာသဖြင့် တရုတ်ပြည်သို့ ထွက်ခွာလုပ်ကိုင်နေကြရကြောင်း သိရသည်။

စကျင်ဒေသတွင် ကျောက်များထွက်ရှိသည့် တောင်ကိုးလုံးရှိပြီး ကံမတောင်၊ ရသေ့တောင်၊ ရွှေဆံတော်ရှင်တောင်၊ ကျောင်းတော်တောင်၊ ဂဲတောင်၊ မြိုင်တောင်၊ မိကျောင်းတောင်၊ ရေချမ်းတောင်၊ ဆီးဖြူတောင်တို့ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading