ပဋိပက္ခဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အား တာဝန်ယူထားရသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး အပါအဝင် အရာရှိကြီးတချို့ ရာထူးနေရာပြောင်းရွေ့မှုများ ယခုရက်ပိုင်း မြန်မာ့တပ်မတော်အတွင်း ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
စစ်တက္ကသိုလ် အပတ် ၂၇ ကျောင်းဆင်းတဦးဖြစ်သည့် ဗိုလ်ချုပ် မောင်မောင်စိုး အား တပ်မတော် အရန်အင်အားအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပြောင်းရွေ့လိုက်ပြီး၊ ၎င်း၏နေရာကို တပ်မတော် ထောက်ပံရေးနှင့် ပို့ဆောင်ရေး ညွှန်ကြား ရေးမှူးဗိုလ်မှုးချုပ်စိုးတင့်နိုင် အား အစားထိုးခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဤအပြောင်းအရွေ့သည် ရခိုင်မြောက်ပိုင်း ပဋိပက္ခအပေါ် တပ်မတော်မှ ကိုင်တွယ်ဖြေရှင်းမှုအား နိုင်ငံတကာမှ ဖိအားပေး ကာ အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် စီစဉ်နေချိန်နှင့် တိုက်ဆိုင်နေသကဲ့သို့ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသ၌ ဖြစ်ပေါ်နေသည့် ရက္ခိုင့်တပ်မတော် (AA) နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် သက်ဆိုင်နိုင်ကြောင်း စစ်ဘက် အသိုင်းအဝန်းမှ သုံးသပ်သည်။
တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ထုတ်ပြန်ကြေညာချက်တွင်မူ”နယ်မြေဒေသလုံခြုံရေးအတွက် ကွပ်ကဲစီမံ အုပ်ချုပ်ဆောင်ရွက်မှုနှင့် လုံခြုံရေးသတင်းများ ကြိုတင်လက်ဦးဖော်ထုတ်ရယူနိုင်မှု အားနည်းချက်များကိုလည်း တွေ့ရှိရသဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကို ဆက်လက်ဖော်ထုတ်အရေး ယူဆောင်ရွက်သွားမည်”ဟု ဖော်ပြပါရှိသည်။
ပြည်သူ့လွှတ်တော်မှ အငြိမ်းစား တပ်မတော် အရာရှိကြီးတဦးက “ပလက်ဝ ကိစ္စကြောင့်လို့ ပြောတယ်။ အဲဒီမတိုင်ခင်မှာ လည်း ရခိုင်မှာ Case(ကိစ္စ) တော်တော် များများလည်း ရှိခဲ့တယ်။ အဲဒီ အခြေအနေတွေကြောင့်ပေါ့”ဟု ပြောသည်။
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝဒေသ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း အတည်မပြုနိုင်သည့် သတင်းများအရ နိုဝင်ဘာ ၈ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်မတော်မှ အရာရှိ ၂ဦးနှင့် အခြားအဆင့် ၉ ဦးကျဆုံးကြောင်း သိရသည်။
အလားတူ တခြားသော စစ်ဘက်ဆိုင်ရာ အရာရှိကြီးများဖြစ်သည့် တပ်မတော် ထောက်ပံရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မင်းဇော် အား အရန်အင်အား(စိစစ်ဆဲ) သို့လည်းကောင်း၊ ဗိုလ်မှူးချုပ် ဇော်လွင်ဦးအား တပ်မတော် ထောက်ပံရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း ပြောင်းရွေ့ခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် မြောက်ပိုင်းဖြစ်စဉ်နျင့် ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိသည်ဆိုကာ မြန်မာတပ်မတော်နှင့် ထိတွေ့ဆက်ဆံမှု အပါအဝင် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် ပြင်ဆင်နေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဗိုလ်ချုပ် မောင်မောင်စိုး၏ ရာထူးအပြောင်းအရွှေ့နှင့် ပတ်သက်၍ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကက်ထရီနာ အဒမ်စ်က သတိပြုမိကြောင်း ပြောဆိုသည်ဟု ဝါရှင်တန်မှ လာသော သတင်းများအရ သိရသည်။
“မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ လက်ကိုင်တုတ်တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်မှုတွေအကြောင်း အစီရင်ခံချက်တွေက ဆက်တိုက်ဖြစ်ပေါ်နေတာကို ကျမတို့ စိုးရိမ်နေတုန်းပါပဲ။ ဒီကျူးလွန်မှုတွေကို တာဝန်ခံရမှာဖြစ်ပါတယ်” ဟု ကက်ထရီနာ အဒမ်စ်က ဝါရှင်တန်ရှိ သတင်းထောက်များကို ပြောဆိုသည်။
မြန်မာ့တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ကမူ ရခိုင်မြောက်ပိုင်း အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးတွင် အရပ်ဘက်အသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိဘဲ “မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက်ရေး တာဝန် ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့်ဥပဒေသ(Rule Of Engagement-ROE)ပါ အချက်များကိုလည်း ခေါင်းဆောင် ပိုင်းမှစ၍ လက်အောက်တပ်သားအဆင့်ထိ အလေးထား သိရှိလိုက်နာဆောင်ရွက်ခဲ့ကြောင်း” စုံစမ်းစစ်ဆေး တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။