ဖမ်းဆီးခံထားရသည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ အာမခံ ပယ်ချခံရ
နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် နိုဝင်ဘာ ၁၂ ရက်နေ့က လူဝတ်လဲ ဖမ်းဆီးခံခဲ့ရသည့် မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ၏ အာမခံလျှောက်ထားမှုကို ယနေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ် တရားရုံးထုတ်၌ တရားရုံး က ပယ်ချ လိုက်သည်။
ဦးပါမောက္ခသည် “ရိုဟင်ဂျာ” အသုံးအနှုန်း ကန့်ကွက်ကြောင်း အမေရိကန်သံရုံးရှေ့တွင် ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်နေ့ က ဆန္ဒထုတ်ဖော်မှုကြောင့် ကမာရွတ်မြို့နယ် ရဲစခန်းတွင် ပုဒ်မ ၂ခုဖြင့် အမှုဖွင့် ခံထားရခြင်း ဖြစ်သည်။
ယနေ့ရုံးချိန်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ အတွက် ကျပ် ၁၀ သိန်း တန် အာမခံနှစ်ဦးဖြင့် အာမခံရရှိခဲ့သော်လည်း နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အတွက် အာမခံ ပယ်ချခံရခြင်း ဖြစ်သည်။
အမှုအား ကူညီဆောင်ရွက်ပေးနေသည့် ဦးအောင်မြိုင်က “အာမခံကိစ္စကို ခရိုင်အဆင့်၊ တိုင်းအဆင့် ထပ်တက် နိုင်ဖို့ တရားသူကြီး ဘက်ကလည်း ကူညီပေးပါတယ်၊ ဆရာတော်ရဲ့ ရှေ့နေတွေကလည်း အာမခံရရှိရေး ခရိုင်အဆင့်ကို ထပ်လျှောက်ဖို့ လုပ်နေပါပြီ”ဟု ပြောသည်။
သံရုံးရှေ့ဆန္ဒ ထုတ်ဖော်ရာတွင် ဦးပါမောက္ခနှင့်အတူ ပါဝင်ခဲ့သည့် ဦးသုစိတ္တနှင့် ဦးဉာဏဓမ္မ တို့ကိုလည်း အမှုဖွင့် ထားပြီး တနှစ်ကျော်ကြာသည် အထိ ဖမ်းဆီးအရေးယူခြင်း မရှိသေးကြောင်း သိရသည်။
ပြီးခဲသည့် နိုဝင်ဘာ ၁၂ ရက်နေ့တွင် လယ်ယာမြေ အငြင်းပွားမှုအား ဒဂုန်မြို့သစ် မြောက်ပိုင်း စည်ပင်သာယာရုံး ရှေ့ တွင် ဆန္ဒထုတ်ဖော်ရန် ဒဂုန်မြို့သစ် မြောက်ပိုင်း ရဲစခန်းတွင်ပင် ခွင့်ပြုချက် လာရောက်တင်ပြသည့် ဦးပါမောက္ခ ကို ပထမဆုံး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး ဦးပါမောက္ခအား ကူညီဆောင်ရွက်ပေးနေသူ ကိုစည်သူမြင့်က “ဒီအမှုမှာ ဆရာတော်က တရားရုံး ကိုလည်းသွားခဲ့တယ်၊ သူတို့မဖမ်းခဲ့ဘူး၊ ဒီကြားထဲလည်း ပွဲတွေမှာ ရဲတွေအရှေ့မှာပဲ သွားလာနေတာ ဆရာတော်က လျှောက်ပုန်းနေတာ မဟုတ်ဘူး၊ အခု လယ်ယာမြေကိစ္စ ဆရာတော်ဝင်ပါလာမှ ဖမ်းတယ် ဆိုတာ ကတော့ အစိုးရရဲ့ မြေနေရာ ချထားပေးမှုတွေမှာ မဟုတ်မမှန်တာတွေ ပေါ်မှာစိုးလို့ ဖမ်းလိုက်တာလို့ပဲ မြင်ပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
လတ်တလောတွင် ဖမ်းဆီးခြင်းမရှိသေးသည့် ဦးသုစိတ္တနှင့် ဦးဉာဏဓမ္မတို့နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် ဆက် လက် ဖမ်းဆီးအရေယူခြင်း ပြုမပြုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးဘဲ ဦးပါမောက္ခအား အမှုဆက်လက် စစ်ဆေး ရန် နိုဝင်ဘာ ၂၁ ရက်နေ့သို့ ရုံးချိန်း ထပ်မံချိန်းဆိုထားသည်။
အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ပြီး ဦးစွာဖမ်းဆီး အရေးယူခံခဲ့ရသည့် ကိုဝင်းကိုကိုလတ်၊ ကိုသက် မျိုးဦး၊ ကိုနောင်တော်လေး၊ ကိုရန်ကုန် (ခ) နေဝင်းတို့ လေးဦးအား ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၆ လနှင့် ပုဒ်မ ၁၉ အတွက် ထောင်ဒဏ် ၁ လတို့ကို တပေါင်းတည်း ကျခံစေရန် ကမာရွတ်မြို့နယ် တရားရုံးက စက်တင်ဘာ ၂၈ ရက်နေ့ တွင် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သည်။
ဦးပါမောက္ခအနေဖြင့် ဖမ်းဆီးခံရချိန်တွင် ရန်ကုန်တိုင်း သံဃ မဟာနာယက ရုံးတွင် လူဝတ်လဲခြင်း ပြုလုပ်ခဲ့သော် လည်း သံဃာအဖြစ်မှ စွန့်လွှတ်ကြောင်း သိက္ခာချခြင်းကို လက်မခံခဲ့သည့် အတွက် သံဃာတော်တပါး အနေဖြင့်ပင် ဆက်လက်ရှိနေကြောင်း သိရသည်။