မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များ အဖွဲ့များပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အစည်းအဝေးကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ဌာနချုပ် ပန်ဆန်းမြို့တွင် ယခုလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
FPNCC အဖွဲ့ဝင်များဖြစ်သော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီးနောက် FPNCC အစည်းအဝေး ခေါ်ယူရန် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း တအာင်း(ပလောင်)အမျိုးသားများလွတ်မြောက်ရေးတပ်မတော်(TNLA)ထံမှ သိရသည်။
TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က “ဟုတ်ကဲ့၊ အဲဒါ ကျနော်တို့ ကြားထဲမှာ အမြန်ဆုံး ကျင်းပနိုင်ဖို့ ညှိနှိုင်းနေတုန်းပါ။ အမြန်ဆုံးလို့တော့ ပြောတယ်။ ဖြစ်နိုင်ရင်တော့ ဒီလထဲပေါ့။ လတ်တလော အခြေအနေက အမြန်ဆုံး ကျင်းပဖို့တော့ အဆိုပြုထားပါတယ်”ဟု ပြောသည်။
FPNCC တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ တအာင်း(ပလောင်)အမျိုးသားများ လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်မတော်(AA) တို့ ပါဝင်ကြသည်။
FPNCC အစည်းအဝေး ကျင်းပဖြစ်ပါက ရပ်တန့်နေသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ အခြေအနေများ၊ မြန်မာ့တပ်မတော်မှ FPNCC အပေါ် အသိအမှတ်မပြုနိုင်သော သဘောထား အခြေအနေများ၊ တဖွဲ့ချင်း တွေ့ဆုံ မည်ဆိုသော အခြေအနေများ၊ အချို့သော အဖွဲ့များကို တန်းတူ သဘောမထားသည့် အခြေအနေများ၊ တွေ့ဆုံနိုင်ရေး မည်သို့ ဆောင်ရွက်မည်နည်း စသည့် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရှင်းပြသည်။
ထိုကော်မတီသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးရန်၊ စာချုပ် အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးပဲ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကော်မတီဖြင့်သာ ဆွေးနွေးရန် စသဖြင့် မူဝါဒ ချမှတ်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က FPNCC အဖွဲ့ဝင် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ဥက္ကဋ္ဌ ပေါက်ယူချမ်း၊ ဒုဥက္ကဋ္ဌ ရှောက်မင်လန်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပန်ဆန်းမြို့တွင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုသည် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အလားတူ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA- မိုင်းလားအဖွဲ့) ဥက္ကဋ္ဌ ဦးစိုင်းလင်းအား အစိုးရ ကိုယ်စားလှယ်အဖွဲ့က မိုင်းလားမြို့သို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
UWSA၊ NDAA မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပါ။