ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၃ နယ်မြေ သိမ်တော်ကြီးလမ်းရှိ အိမ်အမှတ် ၁၁၁၆ Top Light ဆိုင်ကယ် ပစ္စည်း အရောင်းဆိုင်ဟောင်းနေရာ၌ တိုက်အသစ်ဆောက်လုပ်ရန် မူလတိုက် အဟောင်းကို ဖြိုချရာ ယနေ့ နံနက် ၁၀နာရီ မိနစ် ၃၀ခန့်တွင် အလုံးလိုက် ပြိုကျသဖြင့် အလုပ် သမားတဦး သေဆုံးသွားသည်။
“တိုက်ကို အလုပ်သမားတွေက ဖြည်းဖြည်းချင်း ဖြိုချနေရာက တိုက်ရှေ့မျက်နှာစာအခြမ်းက အနောက် ကို လဲပြီး ပြိုကျ တာ။ ကျန်တဲ့အလုပ်သမားတွေက တိုက်အရှေ့ခြမ်းမှာပဲ ရပ်နေကျတော့ ဘာမှ မဖြစ်ကြဘူး။ အဲဒီ ကောင်လေးက အနောက်ခြမ်းကို ထွက်ပြေးတော့ တိုက်နံရံပိမိပြီး ခေါင်းမှာဒဏ်ရာ အပြင်းအထန် ရသွားတာ”ဟု အမှတ် ၃ နယ်မြေ အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ကိုလွှမ်းမိုးမြင့်က ဧရာဝတီကို ပြောသည်။
အဆိုပါ တိုက်အဟောင်းကို အလုပ်သမား ၃ ဦးမှ ဖြိုဖျက်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်ပြီး ပြိုကျချိန်တွင် လုပ်ငန်းခွင်၌ ကန်ထရိုက်နှင့် ကျွမ်းကျင်အင်ဂျင်နီယာတဦးမှ ရှိမနေကြောင်း ရပ်ကွက်နေ ဒေသခံများက ပြောသည်။
တိုက်နံရံ ပိသည့်အတွက် ဦးခေါင်းတွင်ဒဏ်ရာအပြင်းအထန်ရရှိသွားသည့် အလုပ်သမားအား ဂရုဏာလူမှုကူညီရေး အသင်းမှ လူနာတင်ယာဉ်ဖြင့် ပုသိမ်ဆေးရုံကြီးသို့ ချက်ခြင်းပို့ဆောင် သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် လမ်း၌ပင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူအလုပ်သမားအမည်မှာ ကိုကျော်ကျော်ဖြစ်ပြီး ပုသိမ်မြို့၊ အမှတ် ၁၄ နယ်မြေ ပန်းဆက် ၉ လမ်း တွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။ အလုပ်သမား ကိုကျော်ကျော် သေဆုံးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနေကြောင်း သိရသည်။