ရခိုင်မြောက်ပိုင်း အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးတွင် အရပ်ဘက်အသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိဘဲ ARSA အကြမ်းဖက်သမားများကိုသာ ဥပဒေနှင့်အညီ နှိမ်နှင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်မှ ထုတ်ပြန်သော်လည်း နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတွင် မြန်မာ့တပ်မတော်အပေါ် စွပ်စွဲချက်များ တင်ရန်နှင့် ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရန် နိုင်ငံတကာ ဖိအားများ တိုးလာနေသည်။
တပ်မတော် စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဥက္ကဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်များသို့ ၂၆ ရက်ကြာ သွားရောက်ကာ နယ်မြေခံ ရွာသူ/ရွာသား ၃၂၁၇ ဦးအား တွေ့ဆုံမေးမြန်းခဲ့ပြီး အသိသက်သေ စုစုပေါင်း ၈၀၄ ဦး တို့၏ သက်သေထွက်ဆိုချက်များကို ရယူခဲ့ပြီး တပ်မတော်တွင် အပြစ်မရှိဟု ကောက်ချက်ချခဲ့သည်။
တပ်မတော်သည် အကြမ်းဖက်မှုနှိမ်နှင်းရာတွင် “မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက်ရေး တာဝန် ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့်ဥပဒေသ(Rule Of Engagement-ROE)ပါ အချက်များကိုလည်း ခေါင်းဆောင် ပိုင်းမှစ၍ လက်အောက်တပ်သားအဆင့်ထိ အလေးထား သိရှိလိုက်နာဆောင်ရွက်ခဲ့ကြောင်း” စုံစမ်းစစ်ဆေး တွေ့ရှိရသည်ဟု တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အပြစ်မရှိကြောင်း ဆိုထားသော တပ်မတော်၏ စုံစမ်းစစ်ချက်များကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့စ်ဘုတ်လူမူကွန်ရက်စာမျက်နှာနှင့် တပ်မတော်၏ ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာတို့တွင် အင်္ဂလိပ်နှင့် မြန်မာ ၂ ဘာသာဖြင့် လွှင့်တင်ထားသည်။
ယင်းထုတ်ပြန်ချက်သည် ဗုဒ္ဓဟူးနေ့တွင် လာရောက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆန်၏ မြန်မာခရီးစဉ်နှင့် တိုက်ဆိုင်နေသည်။
“မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ လက်ကိုင်တုတ်တွေ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်မှုတွေအကြောင်း အစီရင်ခံချက်တွေက ဆက်တိုက်ဖြစ်ပေါ်နေတာကို ကျမတို့ စိုးရိမ်နေတုန်းပါပဲ။ ဒီကျူးလွန်မှုတွေကို တာဝန်ခံရမှာဖြစ်ပါတယ်” ဟု ကက်ထရီနာ အဒမ်စ်က ဝါရှင်တန်ရှိ သတင်းထောက်များကို ပြောဆိုသည်။
တချိန်တည်းတွင် မြန်မာ့တပ်မတော်နှင့် ၎င်း၏ အကျိုးစီးပွားများကို ပစ်မှတ်ထားလျက် စီးပွားရေးနှင့် ခရီးသွားလာရေးတို့ကို ဥပဒေဖြင့် တားဆီးပိတ်ပင်ရေးကို ဝါရှင်တန်ရှိ လွှတ်တော်အမတ်များက ဖိအားပေးနေသည်။
တချိန်က မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးခဲ့သူ ရီပတ်ဘလစ်ကန်အမတ် စတိဗ်ချာဘော့နှင့် ဒီမိုကရက်တစ်အမတ် ဂျိုးဇက်ခရိုလေးတို့က ပိတ်ဆို့ဒဏ်ခတ်မှု အလျင်အမြန် ချရမည့်အချိန် ရောက်ရှိနေပြီဟု ဗြိတိန်နိုင်ငံထုတ် ဂါဒီးယန်းသတင်းစာ၏ အတွေးအမြင်ကဏ္ဍတွင် တနင်္လာနေ့က ရေးသားထားသည်။
“အရပ်သားတွေအပေါ် အချိုးအစား မမျှစွာ အင်အားသုံး နှိမ်နင်းတာနဲ့ ရက်စက်တာတွေကို ဆင်ခြေတက်စရာ အကြောင်းမရှိဘူးဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားကို အမေရိကန်အနေနဲ့ ပြောသင့်ပါတယ်” ဟု ၎င်းတို့က ရေးသည်။
တပ်မတော်က အပြစ်မရှိကြောင်း စုံစမ်းစစ်ဆေး တွေ့ရှိချက်ကို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပယ်ချလိုက်ပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့နှင့် လွတ်လပ်သော အခြားစုံစမ်းစစ်ဆေးသူများကို တိုင်းပြည်တွင်း ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။
၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအပြီး ထွက်ပေါ်လာသော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအတွက် ကုလသမဂ္ဂတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးရန် တောင်းဆိုချက်ကို မြန်မာဘက်က ခွင့်မပြုခဲ့ပေ။
“ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အရေးကြီးတဲ့ ချိုးဖောက်မှုတွေကို ဖျာအောက်ထဲ ထိုးထည့်ဖို့ မြန်မာ စစ်တပ်က နောက်တခါ ကြိုးစားနေပြန်ပြီ”ဟု အဖွဲ့၏ ပစိဖိတ်ဒေသနှင့် အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ ဂျိမ်းစ်ဂိုးမတ်ဇ်က ပြင်းပြင်းထန်ထန်ပင် ပြောဆိုထားသည်။
ပဋိပက္ခအတွင်း လိင်ပိုင်း စော်ကားမှုဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုူးချုပ်၏ အထူးကိုယ်စားလှယ် ပရာမီလာပတ်တန်က ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်အပြီး ဒါကာမြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်ရာ သူမအနေဖြင့် သည်ဟိဂ်ရှိ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးတွင် မြန်မာ့တပ်မတော်အပေါ် စွပ်စွဲချက်များ တင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်နှင့် နောက်လိုက်များက ၎င်းတို့ရွာများကို မီးရှို့ခြင်း၊ မိသားစုဝင်များကို သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးများကို မုဒိန်းကျင့်ခြင်းများ ကျူးလွန်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးလာသော ဒုက္ခသည်များက စွပ်စွဲနေခဲ့ကြသည်။
“အသက်ရှင်ပြီး လွတ်မြောက်သူတွေဆီက ကျမတို့ တညီတညာတည်း ကြားသိရတဲ့ လိင်ပိုင်းဆိုင်ရာ အဓမ္မမှုတွေကတော့ စစ်သားတွေက အုပ်စုလိုက် မုဒိမ်းကျင့်တာ၊ ဝတ်လစ်စလစ်နေခိုင်းတာ၊ စစ်တပ်ထဲမှာ လိင်ကျွန်အဖြစ် ထားရှိတာတွေ ဖြစ်ပါတယ်။ အသက်ရှင်ပြီး လွတ်မြောက်လာသူတဦးဆိုရင် စစ်တပ်ထဲမှာ ၄၅ ရက်လောက် ချုပ်နှောင်ခံရပါတယ်” ဟု ပတ်တန်က ပြောကြားသည်။
“ကျမ နယူးယောက်ကို ပြန်ရောက်တာနဲ့ မြန်မာစစ်တပ်က ဒီရက်စက်မှုတွေအပေါ် တာဝန်ယူဖို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ဥက္ကဌနဲ့ ရှေ့နေတွေကို တင်ပြသွားမှာပါ” ဟု ပတ်တန်က ပြောကြားကြောင်း ရိုက်တာသတင်းက ရေးသည်။