သတင်း

ရခိုင်အရေး ဂူတာရက်စ်၊ တေလာဆန်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

နေရပ်စွန့်ခွာ မွတ်စလင်များ အကျပ်အတည်းကြောင့် နိုင်ငံတကာ ဖိအား မြင့်မားစွာ ရင်ဆိုင်နေရသည့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အင်္ဂါနေ့က ကုလသမဂ္ဂ အကြီးအကဲနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တို့ကို ဖိလစ်ပိုင် နိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သော သိန်းနှင့် ချီသည့် မွတ်စလင်များကို မြန်မာ နိုင်ငံရှိ ၎င်းတို့၏ နေအိမ်များဆီသို့ ပြန်လာခွင့် ပြုရမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒေါ်အောင်ဆန်းစုကြည် အား ပြောသည်။

“လူသားချင်း စာနာမှု အကူအညီများ ရရှိရေး၊ လုံခြုံ၍ သိက္ခာရှိပြီး ဆန္ဒအလျှောက် ပြည့်စုံလုံလောက်စွာ အထောက်အပံ့ ရရှိပြီး နေရပ်ပြန်နိုင်ရေး အတွက် မိုမိုပြင်းထန်သော အားထုတ်မှုများနှင့် အသိုင်းအဝန်းများ အကြား စစ်မှန်သော ပြန်လည် သင့်မြတ်မှု ရရှိရေးတို့သည် အရေးပါကြောင်း အထွေထွေ အတွင်းရေးမှူးချုပ်က ဒေါ်အောင်ဆန်းစုကြည် အား ပြောကြားခဲ့ သည်” ဟု ကုလသမဂ္ဂ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်တို့ မနီလာတွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ၏ သီးခြားဆွေးနွေးပွဲတွင် မတွေ့ဆုံမီ နာရီအတန်ကြာ ပိုမို စော၍ ဂူတာရက်၏ ဝေဖန် ပြောကြားချက်များ ထွက်ပေါ်ခြင်း ဖြစ်သည်။

တနင်္လာနေ့ ညပိုင်းတွင် ကျင်းပသည့် အာဆီယံ ဆယ်နိုင်ငံမှ ခေါင်းဆောင်းများ ထိပ်သီး ဆွေးနွေးပွဲတွင် လည်း ဂူတာရက်စ် က ရိုဟင်ဂျာများအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

မွတ်စလင် သိန်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းသည် ရှည်လျားလှသော ကြေကွဲစရာ ဇာတ်လမ်း၏ စိုးရိမ်စရာ ဇာတ်ရှိန်မြင့်လာခြင်း ဖြစ်သည်ဟု အတွင်းရေးမှူးက ပြောကြောင်း ကုလသမဂ္ဂ၏ ကြေညာချက်အရ သိရသည်။

ထိုအခြေအနေသည် ဒေသတွင်း မတည်မငြိမ် ဖြစ်စေပြီး အစွန်းရောက်ဝါဒ အင်အားကြီးလာမည့် အကြောင်းရင်း ဖြစ်လာ နိုင်သည် ဟုလည်း သူက ပြောသည်။

သို့ရာတွင် အာဆီယံ အစည်းအဝေး အစီအစဉ်များ၌ ၂ နိုင်ငံမှ ခေါင်းဆောင်များက ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင် ဒုက္ခသည်အရေး ဆွေးနွေးရန် တောင်းဆိုခဲ့သော်လည်း ယင်းကို ထည့်သွင်းဆွေးနွေးခြင်း မရှိဟု သိရသည်။ မနီလာမှ လာသော သတင်းများအရလည်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှ ထုတ်ပြန်မည့် ကြေညာချက်တွင် ယင်းဒုက္ခသည်များအရေးကို ပေါ်ပေါ်ထင်ထင် ထည့်သွင်းခြင်း မရှိကြောင်း သိရသည်။

အာဆီယံ လက်ရှိ ဥက္ကဋ္ဌ ဖိလစ်ပိုင်က ရေးသားတင်ပြပြီး အဖွဲ့ဝင်အားလုံးက သဘောတူရမည့် အဆိုပါ ထုတ်ပြန်ချက်မူကြမ်း၌ ပါဝင်သော အပိုဒ်တပိုဒ်တွင်သာ ဗီယက်နမ်ရှိ သဘာဝဘေးဒဏ်ခံနေရသူများ၊ ဖိလစ်ပိုင်ရှိ စစ်သွေးကြွများနှင့် ဖြစ်ပွားသော စစ်ပွဲများမှ လွတ်ရာ ရှောင်ပြေးကြသူများနှင့် မြန်မာပြည် ရခိုင်မြောက်ပိုင်းမှ “ထိခိုက်ခံစားရသော အသိုင်းအဝိုင်းများ”အား လူသားချင်းစာနာမှု အထောက်အပံ့များ အမြန်ရောက်ရှိရေး အရေးကြီးကြောင်း ဖော်ပြသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဆီယံ ခေါင်းဆောင်များကို “ရိုဟင်ဂျာ”ဟူသော ဝေါဟာရအား မသုံးပါရန် ပန်ကြားကြောင်း သိရသည်။

အာဆီယံ အသင်းဝင် မွတ်ဆလင် နိုင်ငံများက ယင်းကိစ္စအပေါ် စိုးရိမ်မှုများ ထုတ်ဖော်ပြောကြားကြသော်လည်း တနိုင်ငံ၏ ပြည်တွင်းရေး အခြားတနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုသည့် အာဆီယံအသင်း၏ အစဉ်အလာ ကျင့်ထုံးအရ အစည်းအဝေး၏ ပြင်ပတွင်သာ ဆွေးနွေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲအပြီး ထုတ်ပြန်ကြေညာရာတွင်မူ မလေးရှားက သဘောမတူကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်ပမှ ဒေါသ ပေါက်ကွဲမှုများနှင့် ထို မွတ်စလင်များသည် တရားမဝင် လာရောက် နေထိုင်နေသော သူများ ဖြစ်သည်ဟု ယုံကြည်သည့် ပြည်တွင်းမှ အများလိုလားသော ခံစားချက်တို့အကြားတွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နည်းလမ်း တခု ရှာဖွေရလိမ့်မည်ဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့်လည်း ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်သော ကြေညာချက်များ ထုတ်ပြန်ရာတွင် သတိကြီးစွာ ထားနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ဝေဖန်ခြင်းကို ရှောင်ရှားသည်။

ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ရန် ရှိကြောင်း သိရသည်။

မနီလာမှ ပေးပို့သော ရိုက်တာသတင်းတပုဒ်တွင် တေလာဆန်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသောအခါ ရခိုင်ပြည်နယ်ရှိ တရားလက်မဲ့ ဆောင်ရွက်ချက်များ ရပ်ဆိုင်းရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးတို့ လိုအပ်နေမှုအပေါ် အာရုံစိုက် ဆွေးနွေးမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးကို ကိုးကားရေးသားထားသည်။

တချိန်တည်းမှာပင် ရခိုင်မြောက်ပိုင်း အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးတွင် အရပ်ဘက်အသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း မရှိဘဲ ARSA အကြမ်းဖက်သမားများကိုသာ ဥပဒေနှင့်အညီ နှိမ်နှင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း တပ်မတော်မှ ထုတ်ပြန်လိုက်သည်။

တပ်မတော်သည် အကြမ်းဖက်မှုနှိမ်နှင်းရာတွင် “မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက် တိုက်ဖျက်ရေး တာဝန် ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးရမည့်ဥပဒေသ(Rule Of Engagement-ROE)ပါ အချက်များကိုလည်း ခေါင်းဆောင် ပိုင်းမှစ၍ လက်အောက်တပ်သားအဆင့်ထိ အလေးထား သိရှိလိုက်နာဆောင်ရွက်ခဲ့ကြောင်း” စုံစမ်းစစ်ဆေး တွေ့ရှိရသည်ဟု တပ်မတော် သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

မွတ်စလင် စစ်သွေးကြွများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရဲစခန်းများကို တိုက်ခိုက်ခဲသောကြောင့် မြန်မာလုံခြုံရေး တပ်များက စစ်ရေးအရ ဖြိုခွဲရာမှ ရာနှင့်ချီသော ရွာများ မီးရှို့ခံရကာ မွတ်စလင် ၆ သိန်းကျော် တို့သည် သြဂုတ်လမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြပြီး အခြေအနေ ဆိုးရွားလှသော ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသည်။

မြန်မာလုံခြုံရေး တပ်များသည် စနစ်တကျ ညှိနှိုင်းဆောင်ရွက်သော ဖယ်ရှားမှုများ ပြုလုပ်နေပြီး ထို လုပ်ရပ်သည် ဖတ်စာအုပ်များတွင် ဥပမာ အဖြစ် ဖော်ပြရမည့် လူမျိုးစု သုတ်သင်ရှင်းလင်းခြင်း ဖြစ်သည် ဟု ကုလသမဂ္ဂက ဆိုသည်။
နှစ်နိုင်ငံ နယ်စပ်မြစ်ကို ဖြတ်ကျော် ရောက်ရှိလာသော မွတ်စလင်များက လုံခြုံရေးတပ်များနှင့် ဒေသခံများ၏ အဓမ္မ ပြုကျင့်မှု၊ သတ်ဖြတ်မှု၊ မီးရှို့မှု ဇာတ်လမ်းများကို ပြောဆိုခဲ့ကြသည်။

မွတ်စလင်များ အတွက် တစုံတရာ ထုတ်ဖော် ပြောကြားခြင်းနှင့် မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်များ ကြီးထွားအောင် လုပ်နေခြင်းကို ရှုတ်ချခြင်း မရှိသောကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူဟောင်း ဒေါ်အောင်ဆန်းစုကြည် သည် လူ့အခွင့်အရေး အုပ်စုများ၏ ဝေဖန်မှု ခံနေရသည်။

အိုင်ယာလန်နိုင်ငံမှ နာမည်ကျော် တက်ကြွလှုပ်ရှားသူနှင့် ဂီတသမား ဘော့ဘ် ဂျဲလ်ဒေါ့ (Bob Geldof) က ဒေါ်အောင်ဆန်းစုကြည် သည် “လူမျိုးတုံး သတ်ဖြတ်မှု”တွင် “လူသတ်သမား”နှင့် “ကြံရာပါ”ဟု တနင်္လာနေ့က ပြောသည်။ ထိုသို့ ပြောကြားခြင်းသည် ယခင် လူ့အခွင့်အရေး အသိုင်းအဝန်း၏ အချစ်တော် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံတကာတွင် လူသိများသူ တဦးက ဝေဖန်သည့် နောက်ဆုံး ဖြစ်ရပ် ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading