ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှ အကြောင်းအမျိုးမျိုးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသူ ၆ သိန်းကျော်ကို မြန်မာဘက်မှ အမြန်ဆုံး ပြန်လက်ခံရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့သည် မနေ့က နေပြည်တော်တွင် ကျင်းပသည့် နှစ်နိုင်ငံ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခမ်းအနားတွင် မြန်မာ အစိုးရကို တိုက်တွန်းလိုက်သည်။
“ဒီလိုမျိုးရောက်ရှိလာတာဆိုရင် ကျနော်တို့ နိုင်ငံအတွက်ကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီးတော့ နိုင်ငံတကာကလည်း ဝိုင်းဝန်းအဖြေရှာနေတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အခွင့်အခါသင့်ခိုက် တောင်းဆိုလိုတာက ဒီလိုမျိုး ထွက်ခွာနေတဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့နဲ့ နောက်ပြီးတော့ ရောက်ရှိလာကြတဲ့ လူတွေကို အမြန်ဆုံး ပြန်လည်ပြီးတော့မှ ခေါ်ယူပေးဖို့ပါပဲ”ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၏ အကြီးအကဲ မစ္စတာ အဘူဟူစိန်က ပြောသည်။
သို့သော် ယင်း ၆ သိန်းဆိုသည့် ပမာဏမှာ UN Reporter များနှင့် နိုင်ငံတကာ မီဒီယာများက ဖော်ပြနေ ခြင်းသာ ဖြစ်၍ ယခု ပြောဆိုချက်ကို ကန့်ကွက်ရန် မရှိသော်လည်း ယင်းအရေအတွက်ကို ပြန်စိစစ်ပေးရန် ပြောဆိုထားကြောင်း၊ လူဦးရေ စာရင်းကို တိတိကျကျပေးရန် တောင်းဆိုထားပြီး ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် မြန်မာဘက်မှ ပါဝင်ခဲ့သူ နိုင်ငံဖြတ်ကျော် မှုခင်းဌာန ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောသည်။
“ကျနော်တို့ဘက်က ပြန်လက်ခံတဲ့အခါကျရင်လည်း ကျနော်တို့မှာ Data တွေ ရှိပါတယ်။ လဝက Data တွေ ရှိပါတယ်။ ရပ်ကျေး Data တွေ ရှိပါတယ်။ ဒီ Data တွေနဲ့ ဒီမှာ နေထိုင်ခဲ့ဖူးတာ မှန်တယ်ဆိုရင်တော့ ပြန်လက်ခံပါမယ်ဆိုတဲ့ သဘောတူညီချက်မှာ ရေးသားထားတာ ရှိပါတယ်”ဟု ရဲမှူးချုပ် အောင်ဌေးမြင့်က ပြောသည်။
ယင်းကိစ္စကို မကြာမီ လာရောက်မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သဘောတူ လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။
“အဲဒီကိစ္စ MOU ရေးထိုးဖို့ မျှော်လင့်ထားပါတယ်။ MOU ရေးထိုးပြီးတော့မှပဲ အချက်အလက်တွေနဲ့ စိစစ်ပြီးတော့ ပူးတွဲကော်မတီတွေ ဖွဲ့ပြီးတော့ စိစစ်ပြီးတော့ လက်ခံမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက မကြာခင်မှာ ရောက်လာဖို့ ရှိပါတယ်။ အဲဒီမှာတော့ MOU နဲ့ လက်ခံရေး မူဝါဒတွေကို တိတိကျကျ ဆွေးနွေးမယ်လို့ မျှော်လင့့်ပါတယ်”ဟု အထက်ပါ ရဲမှူးချုပ်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မြန်မာဘက်မှ ရဟတ်ယာဉ်များ၊ ဒရုန်းများ ဝင်ရောက်လာသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလုပ်သားများကို မြန်မာနယ်ခြားစောင့်တပ်က ပစ်ခတ် ဖမ်းဆီး၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်းတို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ၎င်းတို့၏ မိသားစုများက စိတ်မကောင်း ဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုသည်။
မြန်မာဘက်ကမူ မောင်တောနယ်ခြားစောင့် တိုက်ခိုက်ခံရမှု ပြီးကတည်းက ဖော်ထုတ်ရရှိသည့် စာရင်းကို ပထမဆုံး အကြိမ်အဖြစ် အကြမ်းဖက်သမား ၆၈၈ ဦး၊ နောက်ထပ် ဖမ်းဆီးရရှိသည့် ၃၀၄ ဦး စုစုပေါင်း ၁၀၀၀ ကျော်ကို လွှဲပြောင်းပေးထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ၄ ဦးကို ဖမ်းဆီးလွှဲပြောင်းပေးခဲ့ကြောင်း ပြောသည်။
“ပူးပေါင်းဆောင်ရွက်မှုသာ တကယ် သူတို့ဘက်က အားကြိုးမာန်တက် လုပ်ပေးမယ်ဆိုရင် မကြာခင်မှာပဲ အကုန်လုံး မဟုတ်တောင်မှ တော်တော်များများကို သတင်းအချက်အလက် ဖလှယ်ပေးနိုင်မှာပါ”ဟု ရဲမှူးချုပ် အောင်ဌေးမြင့်က သုံးသပ်သည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် အကြီးအကဲကလည်း “မှုခင်းကျူးလွန်တဲ့လူတွေ ဝရမ်းပြေးတွေဟာဆိုရင် သူတို့ဆီမှာ နယ်မြေ ပိုင်နက်ဆိုတာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ ရပ်တည်ချက်ကတော့ ဒီလိုမျိုး မှုခင်းကျူးလွန်သူတွေ ဝရမ်းပြေးတွေကို ဘင်္ဂလားဒေ့ရှ် နယ်မြေပိုင်နက်ကို အသုံးချခွင့် ပေးမှာမဟုတ်ဘူး”ဟု ရှင်းပြခဲ့သည်။
ယခုကိစ္စများသည် နယ်စပ်ဒေသများတွင် ဖြစ်လေ့ဖြစ်ထ ရှိသည့် သဘောတရားများ ဖြစ်ပြီး မည်သည့်ကိစ္စကို မဆို ဖြေရှင်းသည့် အခါတွင် တိုင်ပင်ညှိနှိုင်းဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေမျိုးရအောင် အကောင်အထည်ဖော် ရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား တူညီချက်များစွာ ရှိရာ ယင်းအချက်များကို ပူးပေါင်း၍ ဖြေရှင်းနိုင်ရန် ကြိုးစားရမည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က ပြောသည်။
“ဒီကိစ္စတွေက နှစ်နိုင်ငံလုံး သဘောတူညီချက်ရမှ Joint Committee တွေနဲ့ အခြား လုပ်ဆောင်ဖွယ်ရာတွေ ဆက်လက်လုပ်ဆောင်ရမှာပါ။ သဘောတူညီချက် ညှိနှိုင်းတဲ့အရေးမှာ ကြန့်ကြာနေလေလေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးလေလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား မြန်မြန်ဆန်ဆန် ဆွေးနွေးညှိနှိုင်းမှုတွေ အမြန်ဆုံး စတင်နိုင်ဖို့ မြန်မာနိုင်ငံဘက်က လိုလားပါတယ်”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကလည်း ပြောသည်။
အထက်ပါ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားနေသည့် ကိစ္စရပ်များ၊ တရားမဝင် ကုန်စည်ပစ္စည်းများ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်နေမှုများ၊ နှစ်နိုင်ငံ နယ်နမိတ် နတ်မြစ်အတွင်း အရပ်သား သွားလာမှုနှင့် ပတ်သက်၍ စစ်ဆေး အရေးယူမှုများ၊ တရားမဝင် ငါးခိုးဖမ်းမှုများ၊ ကန့်ကွက်လွှာ ပေးပို့ ဆောင်ရွက်ချက်များကို ဘင်္ဂလားဒေ့ရှ်ဘက်မှ အဓိက တင်ပြခဲ့သည်ဟု ပွဲအပြီး ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၄ ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ နယ်စပ်ဆိုင်ရာ ဗဟိုအဆင့် အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ မြန်မာ ဘက်မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲမှ ရဲဦးစီး အရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း၊ ဘင်္ဂလားဒေရှ်ဘက်မှ နယ်ခြားစောင့် တပ်ဖွဲ့ ညွှန်ချုပ် Abul Hossain တို့က ကိုယ်စားလှယ် ခေါင်းဆောင်များ အဖြစ် တက်ရောက်ခဲ့ကြသည်။