သတင်း

ပြည်ထောင်စုမှ ဘယ်တော့မှ ခွဲမထွက်ဟု “ဝ” အဖွဲ့ ကတိပြု

Want create site? Find Free WordPress Themes and plugins.

‘ဝ’ ဒေသသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှ ဘယ်တော့မှ ခွဲထွက်မည်မဟုတ်ကြောင်း ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျန် က အစိုးရ အဖွဲ့နှင့် တွေ့ဆုံစဉ် ကတိပြုပြောဆိုလိုက်ကြောင်း သိရသည်။

UWSP/UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနအဖွဲ့ဝင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံရာတွင် ဦးရှောက်မင်လျန် က ယင်းသို့ပြောဆိုခြင်းဖြစ်ကြောင်းသိရသည်။

“ဦးရှောက်မင်လျန် မှ “ဝ” ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်မှ ဘယ်တော့အခါမှ ခွဲထွက်ခြင်းမပြုပါ ဟူသော သဘောထားများ ပြောကြားခဲ့သည်” ဟု ထိုအစည်းအဝေးကို တက်ရောက်ခဲ့သူ UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတာဝန်ခံ ဦးညီရန်းက ၎င်း၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် ရေးသားဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရရှိထားသည့် ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဆင့် (‘ဝ’ ပြည်နယ်) အဖြစ် တိုးမြှင့် သတ်မှတ် ပေးရေး အတွက် UWSP/UWSA ခေါင်းဆောင်များက ကြိုးပမ်းလာမှုအပေါ် ‘ဝ’ ဒေသသည် ယူကရိန်းနိုင်ငံထဲက ခွဲထွက်ပြီး ရုရှားနိုင်ငံနှင့် ပူးပေါင်းသွားသော ခရိုင်းမီးယားဒေသလို အဖြစ်မျိုး ဖြစ်လာလေမလားဟု မြန်မာလူထု အကြား စိုးရိမ်မှုများရှိခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ‘ဝ’ ဒေသထဲတွင် UWSP/UWSA ခေါင်းဆောင်များ အပါအဝင် အများစုက တရုတ်စာ၊ တရုတ်စကားတွေများကို အသုံးပြုကြသလို အင်တာနက်လိုင်း၊ ဖုန်း၊ လျှပ်စစ်ဓာတ်အား အပါအဝင် အိမ်သုံး၊ လူသုံးကုန် ပစ္စည်းများက အစ တရုတ်နိုင်ငံထုတ် ပစ္စည်းများကို အဓိက သုံးစွဲနေကြသည့် အပြင် UWSP/UWSA ခေါင်းဆောင် များသည်လည်း တရုတ်နိုင်ငံ၏ သြဇာညောင်းသူများဟု မြင်နေကြသဖြင့် ယင်းသို့ စိုးရိမ်နေကြခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်၊ မေလ ၁ ရက်နေ့က ပန်ဆန်းမြို့တွင်ပြုလုပ်သည့် “တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေး” တွင် တက်ရောက်လာသည့် ခေါင်းဆောင်များကို အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ‘ဝ’ ပြည်နယ် ရရှိရေးအတွက် ထောက်ခံပေးရန် UWSP/UWSA ဥက္ကဋ္ဌ ဦးပေါက်ယူချန်း က တိုက်တွန်း တောင်းဆိုခဲ့ဖူးသည်။

အစိုးရနှင့် UWSP/UWSA ခေါင်းဆောင်များ စနေနေ့က တွေ့ဆုံမှုတွင် နှစ်ဘက်အကြား ယုံကြည်မှု ဆက်လက် တည်ဆောက် ကြရန် အပါအဝင် ‘ဝ’ ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း နှစ်ဘက်လုံးက တရားဝင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံတော်အစိုးရနှင့် “ဝ” ပြည်နယ် ပြည်သူ့အစိုးရအကြား နှစ်ဘက်ယုံကြည်မှု ဆက်လက် တည်ဆောက်ကြရန်၊ “ဝ” ပြည်နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးပိုမို ကောင်းမွန် စေရန်၊ လမ်းသစ်များဖောက်လုပ်နိုင်ရန် အတွက် လမ်းခင်းကတ္တရာ များပံ့ပိုးပေးပို့နိုင်ရန်၊ လျှပ်စစ်မီးရရှိနိုင်ရန် မိုင်းမောခရိုင် မန်တွန်းမြို့နယ် တွင် ကီလိုဝပ် ၆ သောင်းထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စက်ရုံ ၁ရုံ တည်ဆောက်ခြင်း ခွင့်ပြုပေးရန်၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့် MNDAA တအာင်း/ပလောင် TNLA ၊ ရခိုင့် တပ်မတော် AA အဖွဲ့ ၃ ဖွဲ့အား ရှမ်းပြည်နယ်လွှတ်တော် မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကြောင့် ပြဿနာ ပိုမိုရှုပ်ထွေးစေပြီး ပယ်ဖျက်ပေးရန်အပါအဝင် အချက် ၇ ချက်ကို တင်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ကိုယ်စားလှယ်မှ UWSP/UWSA အနေဖြင့် အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် တိုက်တွန်း ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းတိုက်တွန်းချက်နှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ မူလ ထုတ်ပြန်ထားသည့် နိုင်ငံရေး မူဘောင်များ အတိုင်းသာ ဆက်လက်လုပ်ဆောင်သွားမည်ဟု တုန့်ပြန်ခဲ့ကြောင်း သိရသည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ (NAB) ဖြစ်သော ကိုးကန့်အဖွဲ့၊ TNLA နှင့် AA တို့အား ရှမ်းပြည်နယ် လွှတ်တော်မှ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုသည် ပြဿနာများ ပိုမိုရှုပ်ထွေးစေသဖြင့် ပယ်ဖျက်ပေးရန် UWSP/UWSA ခေါင်းဆောင် များက တောင်းဆိုလိုက်သည်ဟု သိရသည်။

UWSP/UWSA ဦးဆောင်ဖွဲ့စည်းထားသည့် FPNCC တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ တအာင်း(ပလောင်)အမျိုးသားများ လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)၊ ရက္ခိုင့်တပ်မတော်(AA) တို့ ပါဝင်ကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading