ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရန်ကုန်- စစ်တွေ ကားလမ်းမအနီး တပ်မတော် ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၃ စီး ဖြတ်သန်းစဉ် မိုင်တိုင် အမှတ် ၈၄ နှင့် ၈၅ အကြားတွင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီ ကျော်က မိုင်း ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြတ်က “ မိုင်းပေါက်ကွဲတာက ရိုးရိုး ပေါက်ကွဲတာပါ။ ဘာမှ ထိခိုက် ဒဏ်ရာရတာမှ မရှိပါဘူး ။ ကားလမ်းမဆိုတော့ ကားမျိုးစုံ ဖြတ်သွား ဖြတ်လာသွားနေရာ ဖြစ်တယ်။ ခရီးသည်ကားလည်း ဖြတ်တယ်။ တပ်မတော်ကားလည်း ဖြတ်တယ်။ အဲဒီအချိန် ပေါက်ကွဲတာ။ တပ်ကကားကတော့ လေကာမှန် အနည်းငယ် ကွဲအက်တာလောက်ပဲ ရှိတယ်။ လူတွေ ဘာတွေလည်း ဆေးရုံရောက်တာ မရှိဘူး” ဟု ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုသည် မင်းပြားမြို့နှင့် ၁၀ မိုင်ကျော် ကွာဝေးသည့် ချင်းတိုင်းရင်းသားများနေထိုင်ရာ ဖားပြို ကျေးရွာအနီးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တပ်မတော် ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၃ စီး လေကာမှန်အနည်းငယ် ကွဲအက်မှု ဖြစ်ပွားခဲ့ကာ လူအသေ အပျောက်မရှိကြောင်း၊ မိုင်းမှာ အဝေးထိန်းမိုင်းဟု ယူဆရကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် လေကာမှန် ကွဲအက်သွားသည့် တပ်မတော်ယာဉ်မှာ စစ်တွေ အခြေစိုက် တပ်မတော်ထောက်ပို့ တပ်ရင်း ၈၂၈ မှ ဖြစ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့မ စစ်တွေဘက်သို့ အပြန်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကို မင်းပြားမြို့မ ရဲစခန်းမှ ပေါက်ကွဲအက်ဥပဒေဖြင့် အမှု ဖွင့်လှစ်ကာ တရားခံများကို ရှာဖွေ စုံစမ်းမှုများကို လုပ်ဆောင်နေကြောင်း မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၇ ခုနှစ် စတင်ဘာလ ၁၉ ရက်နေ့ ညနေ ၇ နာရီ ၄၅ မိနှစ်အချိန်ခန့် ကလည်း ရန်ကုန်- စစ်တွေ ကားလမ်းမ မိုင်တိုင်အမှတ် ၉၆ မိုင် ၄ ဖာလုံတွင် မင်းပြား – မြောက်ဦး ကားလမ်းပေါ်တွင် မိုင်း ၃ လုံး ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည်။