သတင်း

ပိတ်ဆို့ အရေးယူမှုက ရခိုင် အကျပ်အတည်း အတွက် အဖြေ မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သော အရေးယူပိတ်ဆို့မှု များသည် ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည် အကျပ် အတည်း ကို ဖြေရှင်းရာတွင် အထောက်အကူ ပြုမည်မဟုတ်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် က ပြောဆိုလိုက်သည်။

ရက်စ် တေလာဆန်က “တနိုင်ငံလုံးအပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ပိတ်ဆို့မှုမျိုးကိုလုပ်ဖို့ အခုအချိန်မှာတော့ မသင့်တော်ဘူးလို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံ အောင်မြင်တာကို ကျနော်တို့ မြင်လိုကြတယ်။ မြန်မာ့ ဒီမိုကရေစီ ရေး အောင်မြင်တာ ကျနော်တို့ မြင်လိုတယ်” ဟု ပြောသည်။

ယနေ့ နေပြည်တော်တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အရေးယူ ပိတ်ဆို့မှုသက်သက် လုပ်လိုက်ပြီး၊ ဒါ့ကြောင့် အကျပ်အတည်း ပြေလည်သွားပြီလို့တော့ ပြောလို့ မရပါဘူး” ဟုလည်း ရက်စ် တေလာဆန်က ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းကို ဆက်လက် အခိုင်အမာ ယုံကြည်သည်ဟု လည်း ဆိုသည်။

ရခိုင်မြောက်ပိုင်း အဖြစ်အပျက်နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ ဒီမိုကရက်တစ် နှင့် ရီပတ်ဗလစ်ကန် နှစ်ပါတီမှ အမတ် များကြား မကျေနပ်မှုများကြောင့် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆန်၏ မြန်မာပြည်ခရီးစဉ် ပေါ်ပေါက် လာခြင်း ဖြစ်သည်။

ရီပတ်ဗလစ်ကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဘော့ဘ်ကောစ်ကာ က “မကြာသေးခင် က ရိုဟင်ဂျာ ခေါ်ဆိုသူ မွတ်စလင်တွေ အပေါ် မြန်မာစစ်ဘက်ရဲ့ လုပ်ရပ်ဟာ ကြောက်ဖို့ ကောင်းတာကို မြင်ရတယ်” ဟု ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ ကြားနာ စစ်ဆေးပွဲတွင် ပြောသည်။

ထို့အပြင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ်များကလည်း မြန်မာ့ တပ်မတော်အပေါ် အရေးယူပိတ်ဆို့ မှုများ ပြုလုပ်ရန် အကြံပေးခဲ့ကြပြီး တပ်မတော်သည် ၂၀၁၅ ခုနှစ် အရပ်သား အစိုးရ တက်လာချိန်မှာပင် အရေးပါ သော ဝန်ကြီးဌာနများနှင့် စီးပွားရေးကို အကြီးအကျယ် ဆက်လက် ချုပ်ကိုင် ထားကြောင်းလည်း သူက ဆက်ပြော သည်။

မြန်မာ့လုံခြုံရေး တပ်ဖွဲ့များ၏ ရခိုင် ပြည်နယ်တွင်း၌ ကျူးလွန်သည်ဆိုသည့် ကိစ္စရပ်များအတွက် အလွန်အမင်း စိုးရိမ် ပူပန်မှု ဖြစ်ရကြောင်း၊ အဖြစ်အပျက်များသည် စိတ်ပျက်စရာ ကောင်းကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှု စံနှုန်းများနှင့် ညီမညီ ဆိုသည်ကိုမူ မိမိတို့ဘာသာ ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆန် က လည်း ပြောဆိုသည်။

ထို့အပြင် အရာရာတိုင်းသည် သက်သေ အထောက်အထား အပေါ်တွင် အခြေခံရမည် ဖြစ်ပြီး လက်မခံနိုင်သည့် လုပ်ရပ် တချို့ အတွက် တာဝန်ရှိသည်ဟု ယုံကြည်ရသော ခိုင်လုံသည့် သတင်း အချက်အလက်များ ရလာပါက တဦးချင်း ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုကသာ သင့်လျော်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

တပ်မတော် အရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်မည်လား ဟု ဧရာဝတီက မေးမြန်းသောအခါ အမည်မဖော်လိုသော အမေရိကန် အရာရှိတဦးက “အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သူ့ရဲ့ အစည်းအဝေးမှာ မှတ်ချက်ချတဲ့အတိုင်း အမေရိကန် အစိုးရ၊ ကွန်ဂရက်နဲ့ လူထု ကြားမှာပါ ဒီ ပြဿနာ နဲ့ ပတ်သက်တဲ့ တင်းမာမှုတွေ များနေပြီး သူပြောတဲ့ အတိုင်း တိုးတက်မှုတွေ မြင်ရဖို့ ဖိအားနဲ့ တွန်းအား ဖြစ်နိုင် ခြေတွေ ရှိနေတယ်။ ဒါကြောင့် ကွန်ဂရက်က တချို့လူတွေက ပစ်မှတ်ထား အရေးယူမှုလုပ်ဖို့ အကြံပေးကြ တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတွေက အမြင်မတူကြဘူး။ ဒါကြောင့် သူက ကျယ်ပြန့်တဲ့ ပိတ်ဆို့ အရေးယူမှုကိုနဲ့ ပတ်သက်ပြီး သူ့အမြင်အတိုင်း သတိထားဖို့ ပြောတာ။ သူက မြန်မာနိုင်ငံ အောင်မြင်တာ မြင်ချင်တယ်လို့ ပြောခဲ့ တယ်လေ”ဟု ပြောသည်။

ဒေါ်အောင်ဆန်စုကြည်ကမူ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းတည်ငြိမ်မှု ရှိရန် အရေးကြီးကြောင်းနှင့် တရားဥပဒေ စိုးမိုးရေး အပေါ် အခြေခံ လုပ်ဆောင်မှသာ ထိုသို့ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ကျမ နှုတ်ဆိပ်နေတယ်လို့ လူတွေက ဘာကြောင့်ပြောနေလဲ ကျမ မသိဘူး။ ကျမ နှုတ်ဆိပ်မနေခဲ့ဘူး” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တေလာဆန်သည် ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် သြဂုတ် ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၈၇ သန်း ပေးအပ်ခဲ့ပြီး ဖြစ်သော်လည်း ဒေါ်လာ ၄၇ သန်း ထပ်မံပေးအပ်သွားမည် ဟု ကတိပြုခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading