သတင်း

နိုင်ငံရေးမှာ ဘာသာရေးကို NLD အသုံးချဟု ကြံ့ခိုင်ရေးနှင့် မဟာမိတ်များ စွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် နိုင်ငံတဝန်းတွင် ဘာသာပေါင်းစုံဆုတောင်းပွဲများ ဦးဆောင်ကျင်းပခြင်းဖြင့် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုလုပ်နေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော နိုင်ငံရေးပါတီ ၂၇ ခုက စွပ်စွဲလိုက်သည်။

ယင်းနိုင်ငံရေးပါတီ ၂၇ ခုတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတခုသာ NLD ၏ အတိုက်အခံပါတီအဖြစ် လွှတ်တော်တွင် ရွေးကောက်ခံနေရာအချို့ ရရှိထားပြီး ကျန်ပါတီများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီတို့ အပါအဝင် လွှတ်တော်တွင် ရွေးကောက်ခံနေရာ မရရှိထားသော သို့မဟုတ် လွန်စွာနည်းသော ပါတီအများစု ဖြစ်သည်။

ယင်းနိုင်ငံရေးပါတီ ၂၇ ခုက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပူးပွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ယင်းကြေညာချက်တွင် NLD က ဦးဆောင်ကျင်းပသည့် ဘာသာပေါင်းစုံဆုတောင်းပွဲများတွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကားချပ်များနှင့် NLD ပါတီအမှတ်တံဆိပ်များ ချိတ်ဆွဲအသုံးပြုကာ ဟောပြောမှုများ ပြုလုပ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကိုလည်း ချိုးဖောက်ရာရောက်သဖြင့် အရေးယူသင့်ကြောင်း ဆိုထားသည်။

“ဘာသာပေါင်းစုံဆုတောင်းပွဲများမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လူစုလူဝေးပွဲများ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ယူဆရန်ရှိနေခြင်း၊ ပါတီခေါင်းဆောင်၏ ပုံရိပ်ကို မြှင့်တင်ထောက်ခံမှုများ ရရှိစေမည့် နိုင်ငံရေးစုဝေးပွဲ (သို့) ဆုတောင်းပွဲများသာ ဖြစ်သည်ဟု မှတ်ယူဖွယ်ရာရှိနေခြင်း စသောအကြောင်းအချက်များကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်ပါလှုပ်ရှားမှုသည် နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားပြုရာရောက်သည်” ဟု ကောက်ယူသုံးသပ်ကြောင်း ကြေညာချက်က ဆိုထားသည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့သော ဘာသာပေါင်းစုံဆုတောင်းပွဲ အခမ်းအနားများတွင် နိုင်ငံရေးပရိယာယ်များ ထည့်သွင်းဆောင်ရွက်မှုကို ကန့်ကွက်ပါသည်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း သြဂုတ်လက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲ တပ်မတော်၏ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများအပြီး အသိုင်းအဝန်းများအကြား သဘောထားကွဲလွဲမှုများ ဖြစ်လာပြီးနောက် အတူယှဉ်တွဲနေထိုင်မှုနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတဝန်း ဘာသာပေါင်းစုံဆုတောင်းပွဲများ ကျင်းပခဲ့သည်။ ထိုဆုတောင်းပွဲများသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်များ၊ တိုင်းလွှတ်တော်ဥက္ကဌများ အပါအဝင် လူထောင်နှင့်ချီပြီး တက်ရောက်ခဲ့ကြသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၆၄ တွင် “နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ” ဟု ပါရှိပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ယင်းကဲ့သို့ အလွဲသုံးစားပြုလုပ်ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ဆိုထားသည်။

မကြာသေးမီလများအတွင်းကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနှင့် အခြားနိုင်ငံရေးပါတီငယ်များသည် ပူးတွဲကြေညာချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ကြကာ ရခိုင်အကျပ်အတည်းနှင့်ပတ်သက်ပြီး အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများကို ဝေဖန်ခြင်းနှင့် ရခိုင်ပြည်နယ်အတွက် လုံခြုံရေးမူဝါဒချမှတ်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူရေးများ တောင်းဆိုခဲ့ကြသည်။

ယင်းကြေညာချက်နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ သဘောထားကို ဆက်သွယ်မေးမြန်းခဲ့ရာ အတွင်းရေးမှူးအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဘာသာပေါင်းစုံ ဆုတောင်းပွဲများသည် ဘာသာရေးကို အလွဲသုံးစား ပြုသည်ဟု ယူဆမရကြောင်း ဧရာဝတီသတင်းဌာနကို ပြောသည်။

“ကျနော်တို့နဲ့ သူတို့နဲ့ အယူအဆမတူဘူး။ ဘာသာရေးဆုတောင်းပွဲဟာ အလွဲသုံးစားလုပ်တာ မဟုတ်ဘူးလို့ ကျနော်တို့က အဲအတိုင်းပဲ ယူဆပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ပူးတွဲကြေညာချက်တွင် နိုင်ငံရေးပါတီ ၂၇ ခုက ယင်းကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်အဆင့်ဆင့်တွင် မေးခွန်းများ၊ အဆိုများ မေးမြန်းတင်သွင်း ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading